တပ်မတော်အပေါ် အသရေဖျက်မှုပုဒ်မနဲ့ ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်ခံထားရတဲ့ ကချင်လူငယ်ခေါင်းဆောင် (၃)ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းစုစည်ပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ နောက်ထပ် ကချင်လူငယ် (၃)ဦးအမှုကို ပြန်ရုပ်သိမ်းပေးဖို့ ပြည်ပအခြေစိုက် နိုင်ငံတကာ ကချင်ကွန်ဂရက်အဖွဲ့က နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ မနေ့က စာရေးသား တောင်းဆိုလိုက်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း ထားတာပါ။
ကချင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခအတွင်း ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီကယ်ဆယ်နိုင်ရေးနဲ့ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ အမြန်ဆုံး ပို့ခွင့်ရရေးအတွက် ကချင်ပြည်သူတွေ လွန်ခဲ့တဲ့လတွေအတွင်း မြစ်ကြီးနားမြို့မှာ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ အဲဒီလုပ်ရပ်ဟာ တပ်မတော်အပေါ် အသရေပျက်စေတယ်ဆိုပြီး ဆန္ဒပြ လူငယ်ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ ကိုလွမ်းဇောင်း၊ ကိုဇော်ဂျတ်နဲ့ မနန်ပူ တို့ကို မြန်မာစစ်တပ်က အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ တရားစွဲခဲ့ပြီးနောက် သူတို့ကို ဒီဇင်ဘာ ၇ ရက် နေ့က ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်း ချမှတ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ တရားစွဲဆို ထောင်ချလိုက်တဲ့လုပ်ရပ်ဟာ တရားမျှတမှု မရှိတာကြောင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ မေတ္တာရပ်ခံတဲ့ အိပ်ဖွင့်ပေးစာတစောင်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့စွဲနဲ့ စာရေးသား တောင်းဆိုခဲ့ကြောင်း နိုင်ငံတကာ ကချင်ကွန်ဂရက် WKC အဖွဲ့ အမေရိကန်အခြေစိုက် ခေါင်းဆောင်တဦးဖြစ်သူ ဦးအင်ဆန်ဂွမ်ဆန်က ပြောပါတယ်။
"တရားမျှတမှုမရှိဘူး ထောင်ချောက်ဆင်ဖမ်းတယ်လို့ပဲ ကျနော်တို့မြင်ပါတယ်။ ဒီအသရေဖျက်မှုဆိုတာက ဘာမှ မယ်မယ်ရရမပြနိုင်ဘူး။ မြန်မာ့တပ်မတော်က ဒီလိုလုပ်ရပ်တွေလုပ်နေတာက အသရေဖျက်နေတာပါ။ မဟုတ်ဘူးဆိုရင် မြန်မာနိုင်ငံ တရားစီရင်မှုဟာ တရားမျှတမှုကို အင်မတန်ခြိမ်းခြောက်ရာ ဖြစ်ပါလိမ့်မယ်။"
ဆန္ဒပြ ကချင်လူငယ်ခေါင်းဆောင် ၃ ဦးကို တဖက်သတ် ပြစ်ဒဏ်စီရင်ခဲ့တဲ့ လုပ်ရပ်ဟာ မြန်မာ့တပ်မတော်က တရားရေးစနစ်ကို ဝင်ရောက် စွက်ဖက်နေရာ ရောက်တာကြောင့် ဒါကို NLD အစိုးရက ကိုင်တွယ်ဖြေရှင်းပေးဖို့ တိုက်တွန်းကြောင်း WKC အဖွဲ့ ဂျပန်ဌာနေကိုယ်စားလှယ် ဒေါ်မရစ်ဆန်းဘူက ပြောပါတယ်။
"တိုက်ပွဲမှာ ပိတ်မိနေတဲ့ ပြည်သူလူထုတွေ ကိုယ့်နေရာ ကိုယ့်ဒေသကို ပြန်လာဖို့ စစ်တပ်ကတောင် ကူညီရမယ့်အရေးဖြစ်တယ်။ ဒါကို တရားစွဲတယ်ဆိုတော့ ကမ္ဘာမှာ ကျမတို့နိုင်ငံက တရားစီရင်ရေးမှာ ဒါကို စစ်တပ်က ဝင်ရောက်စွက်ဖက်နေတယ်လို့ မြင်တယ်။ ဒီလို စစ်တပ်က ဝင်ရောက်စွက်ဖက်တဲ့ကိစ္စကို အစိုးရအနေနဲ့ ဒါကို အလုပ်မခံသင့်ဘူး။တရားစီရင်ရေးကဏ္ဍကို တိတိကျကျနဲ့ လုပ်ဆောင်သင့်တယ်လို့ ကျမတို့ မြင်တယ်။"
ဒါကြောင့် ထောင်ဒဏ်အချခံလိုက်ရတဲ့ ကချင်လူငယ်ခေါင်းဆောင် ၃ ဦးကို အမြန်ပြန်လွှတ်ပေးဖို့ WKC က တောင်းဆိုကြောင်း ဦးအင်ဆန် ဂွမ်ဆန်က ပြောပါတယ်။
"ထောင်ဒဏ်ချခံလိုက်ရတဲ့ လူငယ်ခေါင်းဆောင် ၃ ဦးကို ချက်ချင်းလွှတ်ပေးဖို့ နောက်တခုက နောက်ထပ်ပြီး စွဲဆိုခံရတဲ့ ၃ ဦးကိုရော ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုတယ်။ နောက်တခုကတော့ ကျနော်တို့ရဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို နိုင်ငံတကာက ထောက်ပံ့ခွင့်ပေးဖို့အတွက် ၊ နောက်ဆုံး အချက်ကတော့ ပြည်သူတွေကို ဒိုင်းသဖွယ် အသုံးချခဲ့တဲ့ မြန်မာစစ်တပ် ခေါင်းဆောင်တွေကို အရေးယူဖို့ ဒါတွေကို ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။"
ဒါ့အပြင် မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်နဲ့ ကိုဆိုင်းခွန်အောင်တို့ ၃ဦးကိုလည်း ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ အရ မြန်မာစစ်တပ်က တရားစွဲထားတာကိုလည်း ပြန်ရုပ်သိမ်းပေးဖို့ WKC ရဲ့အိတ်ဖွင့်ပေးစာမှာ ဖေါ်ပြပါတယ်။
ထောင်ဒဏ်နဲ့ငွေဒဏ် ချခံလိုက်ရတဲ့ ကချင်လူငယ်ခေါင်းဆောင် ၃ ဦးအမှုကိုတော့ တရားဥပဒေလမ်းကြောင်းအတိုင်း ဆက်လက် အယူခံဝင် သွားမယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။
Your browser doesn’t support HTML5