EU နဲ့ ကုန်သွယ်ရေး အငြင်းပွားမှု ကန် အနိုင်ရ

Airbus A350 လေယာဉ် ပါရီ လေကြောင်းပြပွဲမှာ သရုပ်ပြ ပျံသန်း။

ဥရောပ လေယာဉ်တည်ဆောက်ရေး ကုမ္ပဏီ Airbus ကို ဥရောပ သမဂ္ဂ EU က တရားမဝင် ထောက်ပံံ့ကြေးတွေ ပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ကို တိုင်ကြားထားတဲ့ ကိစ္စမှာ အမေရိကန် ဘက်က အနိုင်ရရှိခဲ့ပါတယ်။
အဲဒီ လို အနိုင်ရရှိတဲ့ အတွက် စံချိန်တင် လျော်ကြေးငွေ အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ ရရှိမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ EU ကို ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ ဥရောပသမဂ္ဂက သွင်းကုန်တွေ အမျိုးမျိုးအပေါ် အောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး သွင်းကုန်ခွန်တွေ စည်းကြပ် သွားမှာ ဖြစ်ပါတယ်။

ဥရောပဟာ နှစ်ပေါင်း တော်တော်များများ Airbus ကုမ္ပဏီကို ထောက်ပံ့ကြေး အမြောက်အမြား ကူညီပေးအပ်နေခဲ့ရာမှာ အမေရိကန် လေကြောင်း ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေ အပေါ် များစွာ ထိခိုက်ခဲ့ကြောင်း၊ တိုင်ကြား တရားစွဲဆိုပြီး ၁၅ နှစ် အကြာမှာမှ အမေရိကန်တို့ အနေနဲ့ ဥရောပအပေါ် တန်ပြန် သွင်းကုန်ခွန်တွေ စည်းကျပ်ခွင့် ရှိတယ်ဆိုတာကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ WTO က အတည်ပြုပေးခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တော် Robert Lighthizer က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဖင်လန် သမ္မတနဲ့အတူ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က WTO ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန် အတွက် နိုင်ပွဲကြီး တစ်ခုအဖြစ် ပြောကြားခဲ့ပါတယ်။

WTO ရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးသတ် ဆုံးဖြတ်ချက်ဖြစ်ပြီး အယူခံတင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ EU က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ WTO က ခွင့်ပြုပေးခဲ့တဲ့ တန်ပြန် ဆောင်ရွက်မှုတွေကို အမေရိကန် ပြည်ထောင်စုဘက်က လုပ်လာမယ်ဆိုရင် EU အနေနဲ့ တစ်ခြား ရွေးစရာ မရှိပဲ အလားတူ တန်ပြန်ဆောင်ရွက်ရန်သာ ရှိကြောင်း ပါရှိခဲ့ပါတယ်။ အမေရိကန်ဟာ ဥရောပလုပ် လေယာဉ်တွေအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံဖို့ရှိပြီး Scotch နဲ့ Irish ဝီစကီတွေအပါအဝင် ဥရောပထွက် ကုန်ပစ္စည်း တော်တော်များများကို သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ ရှိပါတယ်။

(ယူနီကုဒ်)





Your browser doesn’t support HTML5

EU နဲ့ ကုန်သွယ်ရေး အငြင်းပွားမှု ကန် အနိုင်ရ