Yagi မုန်တိုင်းကြောင့် ဗီယက်နမ်မှာ အနည်းဆုံး လူ ၈၀ ကျော် သေဆုံး

ဗီယက်နမ်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် ပျက်စီးသေဆုံးများပြားခဲ့ (စက်တင်ဘာ ၁၀၊ ၂၀၂၄)

ပြီးခဲ့တဲ့ စနေနေ့က တိုင်ဖုန်းမုန်တိုင်း Yagi ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ အနည်းဆုံး ၈၂ ဦးသေဆုံးပြီး ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။ မုန်တိုင်းကြောင့် မိုးသည်းထန် ရေကြီး၊ရေလျှံပြီး လူထောင်နဲ့ချီကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေရတာပါ။

တနာရီကို လေတိုက်နှုန်း ၉၂ မိုင်နဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဒီ Yagi မုန်တိုင်းက နှစ် ၃၀ အတွင်း အင်အားအပြင်းဆုံးဖြစ်တယ်လို့ ဗီယက်နမ်မိုးလေဝသဌာနက ပြောပါတယ်။ Samsung အပါအဝင် နည်းပညာကုမ္ပဏီစက်ရုံတွေရှိတဲ့ နိုင်ငံမြောက်ပိုင်းမှာ မုန်တိုင်းကြောင့် တံတားတွေကျိုး၊ အဆောက်အဦးတွေနဲ့ စက်ရုံတွေပါထိခိုက်ပျက်စီးခဲ့သလို ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးအပူတပြင်းလုပ်ဆောင်ပေးနေပါတယ်။

မြောက်ပိုင်းပြည်နယ် ၁၇ ခုမှာ ရေကြီး၊ မြေပြိုနိုင်တဲ့ အန္တရာယ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ မြို့တော်ဟနွိုင်းက မြစ်နီမြစ်ကြောင်းတလျှောက် နေထိုင်သူတွေ ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

Your browser doesn’t support HTML5

Yagi မုန်တိုင်းကြောင့် ဗီယက်နမ်မှာ အနည်းဆုံး လူ ၈၀ ကျော် သေဆုံး