YBS အတွက် တရုတ်ဘတ်စ်ကား ၁၀၀၀ ဝယ်ယူ

YBS စတင်သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကတွေ့ရသည့် ဘတ်စ်ကားတစင်း။ ဇန်နဝါရီ ၁၆၊ ၂၀၁၇။

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ တိုးချဲ့တဲ့အနေနဲ့ ဘတ်စ်ကား အစီးရေ ၁,၀၀၀ ဝယ်ယူဖို့ တရုတ်နိုင်ငံ Yutong ကုမ္ပဏီနဲ့ ဧပြီလ ၁၁ ရက်နေ့က သဘောတူ လက်မှတ် ရေးထိုးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ကြေညာပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခရီးသည် ပို့ဆောင်ရေးကဏ္ဍမှာ ယာဉ်အစီးရေ လိုအပ်ချက်ရှိနေတဲ့အတွက် တရုတ်အစိုးရနဲ့ ညှိနှိုင်းပြီး အခုလို ဝယ်ယူလိုက်တဲ့ ဘတ်စ်ကားတွေဟာ မေလအတွင်း ရောက်ရှိလာမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်ပြောတာကို ကိုးကားပြီး ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

အခု Yutong ကုမ္ပဏီက ဘတ်စ်ကားတွေကို ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ညှိနှိုင်းပြီးမှ ဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့လည်း ဒေါက်တာ မောင်မောင်က ပြောပါတယ်။

YBS ယာဉ်လိုင်းတွေကို ရှေ့နှစ်အတွင်း နိုင်ငံတကာ အဆင့်မှီဖြစ်အောင် တိုးမြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြောင်းလည်း တရုတ်အစိုးရပိုင် China Daily သတင်းမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ မထသ ယာဉ်လိုင်းတွေကို ဖျက်သိမ်းပြီး YBS စနစ်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က အစားထိုး ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကနဦးကလာမှာ ယာဉ်အရေအတွက် မလုံလောက်မှုတွေ၊ စတင်ပြေးဆွဲတဲ့ YBS ဘတ်စ်ကားလိုင်းတွေအကြောင်း ခရီးသည်တွေကို ကြိုတင် အသိပေးမှုပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရန်ကုန်မြို့အတွင်း နေ့စဉ် ခရီးသွားပြည်သူ ၂.၅ သန်းလောက်အတွက် လက်ရှိမှာ ဘတ်စ်ကား အစီးရေ ၃,၅၀၀ နဲ့ ယာဉ်လိုင်းပေါင်း ၇၉ လိုင်း ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

YBS အတွက် တရုတ်ဘတ်စ်ကား ၁၀၀၀ ဝယ်ယူ