အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်က အမျိုးသမီးတဦးဟာ ကိုယ်ဝန်ဆောင်ထားချိန်မှာ El Salvador နိုင်ငံကို သွားခဲ့ပြီးတဲ့နောက် သူရဲ့ရင်သွေးလေးဟာ မွေးဖွားပြီးမကြာခင်မှာပဲ သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒါဟာဖြင့် ဇီကာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေတဲ့ ဖြစ်ရပ်တခုပါ။
မွေးကင်းစကလေးလေးဟာ တက္ကဆက်စ်ပြည်နယ်၊ Houston မြို့က ဆေးရုံတခုမှာ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က ကွယ်လွန်သွားတာပါ။ ကလေးငယ်မှာ ဇီကာဗိုင်းရပ်စ်ပိုးနဲ့ ဆက်စပ်နေတဲ့ microcephaly လို့ခေါ်တဲ့ ဦးခေါင်းသေး ဦးနှောက်သေး ရောဂါအခြေအနေ ရှိထားတယ်လို့ Harris ခရိုင်၊ လူထုကျန်းမာရေးဌာနက အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာ Umair Shah က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဇီကာနဲ့ဆက်စပ်ပြီး သေဆုံးတဲ့ဖြစ်ရပ်ထဲ ဒါဟာ ဒုတိယမြောက်ပါ။ ပထမတဦးကတော့ ဇီကာ ဗိုင်းရပ်စ်ပိုး ဝင်ထားတဲ့အပြင် ကျန်းမာရေးဆိုင်ရာ တခြားအခြေအနေတွေလည်းရှိခဲ့တဲ့ Utah ပြည်နယ်က သက်ကြီး အမျိုးသား တဦးဖြစ်ပြီး ပြီးခဲတဲ့ဇွန်လက ကွယ်လွန်ခဲ့တာပါ။ အဲဒီအမျိုးသားဟာ ပြည်ပကိုခရီးသွားရင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့တယ်လို့ ယူဆ ထားကြပေမဲ့ ဘယ်နိုင်ငံကို ခရီးသွားခဲ့တာလဲဆိုတာကိုတော့ ကျန်းမာရေးတာဝန်ရှိသူတွေက မပြောပါဘူး။
ဖလော်ရီဒါပြည်နယ်မှာတော့ ခြင်ကနေတဆင့် ဇီကာဗိုင်းရပ်စ်ကူးစက်တယ်လို့ သံသယရှိတဲ့ နောက်ထပ်ဖြစ်ရပ်အသစ် လေးခု မိုင်ယာမီမြို့မှာ ရှိထားတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Rick Scott ကပြောပါတယ်။ အခုဆိုရင် ဒေသတွင်းမှာတင် ဇီကာ ကူးစက်တဲ့ဖြစ်ရပ်ပေါင်း ၂၁ ခုထိရှိသွားပြီလို့ အုပ်ချုပ်ရေးမှူး Scott က အင်္ဂါနေ့မှာပြောပါတယ်။
Your browser doesn’t support HTML5