တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ဟုမ္မလင်း၊ ရွှေပြည်အေးမြို့မှာ အရပ်သားတချို့အသတ်ခံရ 

ဟုမ္မလင်းမြို့ ( Photo - CJ )

[[Zawgyi/Unicode]]

မကြာသေးခင်ကတိုက်ပွဲတွေဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ဒေသခံတချို့ သတ်ဖြတ်ခံခဲ့ရပြီးနောက် လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်ကတပ်စွဲထားတဲ့ဒေသမှာ အရပ်သားတွေသေဆုံးမှုဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလက်ချက်ဖြစ်မယ်လို့လည်း ယူဆနေကြပါတယ်။ ရွှေပြည်အေးမြို့ရဲ့နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်ကတင်ပြပေးထားပါတယ်။

ဖော်ဖော်ဝါရီ ၁ ရက်ကစလို့ ၃ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ထွက်ခွါသွားတဲ့နောက် မြန်မာစစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ပျူစောထီးတွေက တပ်စွဲနေရာယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲတွေပြီးဆုံးတဲ့နောက် နေအိမ်ကို အခြေအနေပြန်ကြည့်တဲ့ မြို့ခံ ၂ ဦးဟာလည်း အသတ်ခံခဲ့ရပြီး မြို့မှာတပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်ဖြစ်မယ်လို့လည်း ဒေသခံတွေက ယူဆနေကြပါတယ်။

“လောလောဆယ် ကျနော်တို့သိတဲ့သူထဲမှာ သတင်းမေးလို့မရတာ ၃/၄/၅ ယောက်ရှိတယ်။ ၂ ယောက်က သေချာပေါက် အသတ်ခံလိုက်ရပြီပေါ့။ ၁ ယောက်က သူတို့ ရွာထဲကိုဝင်သွားရင်းနဲ့ သူတို့အိမ်ရှေ့မှာ PDF စခန်း ထိုင်ထားလို့ပေါ့။ PDF က အဲ့မှာ နေရာယူထားလို့ ဘာညာဆိုပြီးမှ အိမ်ဆောက်ထားတာတောင် မကြာသေးပါဘူး။ ကျနော်တို့ဆီက One Star ရွှေဆိုင်လေ။ အဲ့ဆိုင်ဆိုလည်း အပေါ်ထပ်တွေ မီးရှို့ထားတယ်။ သူတို့ပြန်စီးပြီးမှ အဲ့ဆိုင်က ဆိုင်ပိုင်ရှင်ကိုဖမ်းပြီး သတ်ပလိုက်ပြီပြောတယ်။ တက္ကသိုလ်ဆရာ၊ အဲ့ဆရာကိုလည်း သတ်ပလိုက်တယ်။”

တိုက်ခိုက်မှုတွေရပ်ဆိုင်းသွားပြီးနောက် နေရပ်ပြန်ကြသူတွေထဲက အဆက်သွယ်မရသူတွေရှိနေတာကြောင့် ဖမ်းဆီးခံရသူတွေ ရှိနိုင်ကြောင်းလည်း မြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲတွေဖြစ်ပြီးနောက် မြန်မာစစ်တပ်နဲ့ပျူစောထီးတွေ တပ်စွဲထားချိန် နေအိမ်တွေလည်းဖောက်ထွင်းပြီး ပစ္စည်းတွေယူဆောင်ခံရတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဒေသခံတွေဟာ နေရပ်တွေကိုမပြန်ဘဲ အနီးနားက ကျေးရွာတွေမှာခိုလှုံနေရပြီး အခြေအနေစောင့်ကြည့်နေတယ်လို့လည်း မြို့ခံတဦးက အခုလို ပြောပါတယ်။

“ပြန်လာဖို့ရာလည်း ခဲယဉ်းသလို ပြန်လာရင်လည်း အဖမ်းခံရတဲ့သဘောလည်းရှိနေတော့ မပြန်လာရဲဘူး။ အခုအခြေအနေနည်းနည်းငြိမ်တော့ ကိုယ့်အိမ်သူ့အိမ် ပြန်ဖို့ တချို့က ပြန်ချင်တယ်။ ဒါပေမယ့် စစ်တပ်ကမသင်္ကာရင်ဖမ်း၊ အဲ့လိုတွေဖမ်းတာရှိတယ်။ အဲ့လိုဖြစ်နေတာ။ အဲ့ဒါကြောင့် တချို့က ပြန်လာတဲ့သူရှိပေမယ့် မပြန်လာတဲ့သူက ပိုများတယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁ စီးလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တာကြောင့် ထိမှန်ပြီး မီးလောင်ကျွမ်းတာရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရွှေပြည်အေးမြို့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ အခုချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ဟုမ္မလင်း၊ ရွှေပြည်အေးမြို့မှာ အရပ်သားတချို့အသတ်ခံရ .mp3

============

[[Unicode]]







