သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အမေရိကန် ကူးသန်းရောင်းဝယ်ရေး အလားအလာ


Deputy U.S. Trade Representative Demetrio Marantis
Deputy U.S. Trade Representative Demetrio Marantis
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အိုဘားမားအစိုးရရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အထူးသံတမန် Demetrios Marantis က မြန်မာနိုင်ငံအတွက် အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထွေထွေဦးစားပေး အဆင့်အတန်း ပြန်ပြီးတော့ သတ်မှတ်ပေးတာဟာ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် တွန်းအားပေးတဲ့ နည်းလမ်းတရပ်လည်း ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဧပြီလ (၂၆) ရက်နေ့မှာ အထူးသံတမန် Demetrios Marantis ကို ဗွီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်း က မြန်မာနိုင်ငံအတွက် အမေရိကန်ရဲ့ အထူးကုန်သွယ်ရေး အဆင့်အတန်းသတ်မှတ်ချက်နဲ့ ပတ်သက်ပြီးတော့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ကျနော်သိထားတာက သံအမတ်ကြီးဟာ အိမ်ဖြူတော်မှာ သမ္မတအိုဘားမားရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အထူးသံတမန်တစ်ဦး ဖြစ်တယ်ဆိုတာပါ။ အခု သံအမတ်ကြီး ဒီကိုလာတာကလည်း မြန်မာနိုင်ငံကို တစ်ခါက ပေးအပ်ခဲ့ဘူးတဲ့ အမေရိကန်ရဲ့ ကူးသွယ်ရေးဆိုင်ရာ အထွေထွေ ဦးစားပေးစနစ် (Generalize System of Preferences – GSP) လို့ခေါ်တဲ့ အဆင့်အတန်းကို အခုတခါပြန်ပြီး ပေးအပ်ဖို့ အဓိကတာဝန်အနေနဲ့ လာတာလို့ ကျနော်နားလည်းထားပါတယ်။ မြန်မာနိုင်ငံကို တခါက ဒီ GSP အဆင့်အတန်းကို ၁၉၈၉ ခုနှစ်အထိ ပေးခဲ့ဘူးတယ်။ အဲဒီနောက် အဓမ္မလုပ်အားပေးခြင်းအပါအဝင် အလုပ်သမားရေး ပြဿနာတွေကြောင့် ဒါကိုရုတ်သိမ်းခဲ့တယ်လို့ သံအမတ်ကြီးကပြောပါတယ်။ ဒါကြောင့် ကျနော် ပထမဦးဆုံးသိချင်တာက ၁၉၈၉ ခုနှစ်အထိ ဒီ GSP အဆင့်အတန်းကို ပေးခဲ့ပေမယ့်လဲ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို မယ်မယ်ရရ ဘာမှတင်ပို့နိုင်ခဲ့တာ မရှိခဲ့ဘူး။ မြန်မာကျွန်းသစ်ဆိုတာနဲ့ ကျောက်မျက်ရတနာတချို့ကိုပဲ အမေရိကန်လူထုက နည်းနည်းပါးပါး သိရှိခဲ့တာပါ။ အခု ၂၄ နှစ်အကြာမှာ ဒီ GSP အဆင့်ကို ပြန်ပြီးပေးဖို့ သံအမတ်ကြီးတို့က စဉ်းစားနေတယ်ဆိုတော့ ဒီအတွက် ဘယ်လိုများ ရှုမြင်ထားချက် ရှိပါသလဲ။ ဒီကနေ့ခေတ်မှာတော့ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဟာ အများကြီးရှိနေပါပြီ။ ဒါကြောင့် GSP အဆင့်အတန်း ပြန်ရခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ဖြစ်ထွန်းမယ်လို့ ရှုမြင်ထားပါသလဲ။

Mr. Marantis ။ ။ ဒီ GSP စနစ်ကြီးတခုလုံးကို ခြုံငုံထားတဲ့အချက်ကတော့ အလုပ်အကိုင်တွေ ဖန်တီးရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေ ဖန်တီးရေးတို့မှာ အထောက်အကူဖြစ်ဖို့ပါ။ ဒီအတွက် အမေရိကန်အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံက ကုန်ပစ္စည်းတွေကို အခွန်မကောက်ဘဲနဲ့ တင်သွင်းခွင့်ပြုနေတာပါ။ မြန်မာနိုင်ငံဟာ သယံဇာတတွေနဲ့ သဘာဝထွက်ကုန်ပစ္စည်းတွေ ပေါကြွယ်ဝပြီးတော့ ဒီနှစ်အကုန်လောက်မှာ အမေရိကန်ပြည်ထောင်စုဆီကနေ GSP အဆင့်အတန်း ပြန်လည်ပေးအပ်ခြင်း ခံရဖို့နဲ့ အကျိုးကျေးဇူးတွေ ခံစားရရှိဖို့အလားအလာတွေ အမြောက်အမြား ရှိနေပါတယ်။ ဒီနေရာ အရေးကြီးဆုံး အချက်အဖြစ်နဲ့ ကျနော်တို့ အထူးဂရုပြုရမှာက မြန်မာနိုင်ငံရဲ့ ဘယ်လိုထွက်ကုန်ပစ္စည်းတွေဟာ အမေရိကန်ပြည်ထောင်စုမှာ သူများနဲ့ဈေးချင်းယှဉ်နိုင်မလဲ ဆိုတာပါ။ မြန်မာနိုင်ငံဟာ GSP အဆင့်အတန်း ရရှိလာတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ သူများနဲ့ ယှဉ်ပြိုင်နိုင်ဆုံး ထွက်ကုန်ပစ္စည်းတွေ တင်ပို့နိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့ပါ။

ဦးရော်နီညိမ်း ။ ။ အဲဒီလိုဆိုရင် GSP အဆင့်အတန်းကို ပြန်ပြီး ပေးအပ်တဲ့အခါမှာ မြန်မာနိုင်ငံကနေ ကျောက်မျက်ရတနာတွေ အမေရိကန်ပြည်ထောင်စုကို တင်ပို့ရောင်းချရေးအခြေအနေက ဘယ်လိုရှိပါသလဲ။ ဒါက ကွယ်လွန်သူအမေရိကန်အောက်လွှတ်တော်အမတ် Tom Lantos ကမကထလုပ်ပြီးတော့ ကွန်ဂရက်လွှတ်တော်က ပြဌာန်းထားတဲ့ ဒီမိုကရေစီအရေးကို ဆန့်ကျင်သည့် အာဏာရှင်ကို တိုက်ဖျက်ရေးကြိုးပမ်းမှု ဥပဒေ Junta Anti-Democratization Efforts (JADE) လို့ခေါ်တဲ့ ဥပဒေက ရှိနေတာကြောင့်ပါ။ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အမေရိကန်ပြည်ထောင်စုကို ပြန်ပြီးတင်ပို့ရေးကို စဉ်းစားထားပါသလား။
Mr. Marantis ။ ။ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ တင်ပို့ရောင်းချရေးကို အမေရိကန်လွှတ်တော်က ပိတ်စို့ထားတဲ့ ဥပဒေက တည်ရှိနေဆဲပါ။ ဒီ ရတနာပစ္စည်းတွေအပေါ်မှာ ပိတ်စို့မှု သက်ရောက်နေတုန်းပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို တင်ပို့နိုင်တဲ့ တခြားသော ထွက်ကုန်ပစ္စည်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေဟာ အကျိုးအမြတ်ရှိမယ်လို့ မှန်းဆချက်တွေ ရှိနေပါတယ်။ ဒါကြောင့်လည်း ကျနော်တို့က မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ချင်တာပါ။ မြန်မာနိုင်ငံကို GSP အဆင့်အတန်း ဘယ်လိုအချိန်အခါမှာ ဘယ်လိုနည်းနဲ့ ပေးအပ်မယ်ဆိုတာကို အမေရိကန်အစိုးရက ပိုင်ဖြတ်နိုင်ရေးအတွက် ကျနော်တို့က ကူညီချင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ မြန်မာနိုင်ငံကနေ စိုက်ပျိုးရေးထွက်ကုန်တွေ တင်ပို့ရေး ပိုပြီးတွန်းအားပေးချင်တယ်လို့ သံအမတ်ကြီးက အခုလိုပြောတော့ စောစောကလည်း သံအမတ်ကြီးက ဟောပြောပွဲမှာ မြန်မာနိုင်ငံကနေ အလှကုန်ပစ္စည်း ထုတ်လုပ်ရေး၊ သဘာဝပန်းပင်ပန်းပွင့်တွေ တင်ပို့ရေးကိုလည်း ထည့်သွင်းပြောကြားသွားတာ ရှိလေတော့ နှစ်နိုင်ငံအကျိုးတူ ကုန်သွယ်ရေးအတွက် မြန်မာနိုင်ငံကနေ soybean ပဲပုပ် တင်ပို့ရေးကို စဉ်းစားထားပါသလား။ ဘာကြောင့်လဲဆိုတော့ ဇီဝလောင်စာဆီအဖြစ် ပဲပုပ်ကနေ ဒီဇယ်ဆီ ထုတ်လုပ်နိုင်တာကြောင့် ပဲပုပ်ထုတ်တဲ့ ပဲပင်ကို အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းဒေသတွေမှာ အကြီးအကျယ် စိုက်ပျိုးကြပါတယ်။ ဒါပေမဲ့ မနှစ်က အဲဒီဒေသတွေမှာ မိုးခေါင်ရေခြား ဖြစ်တာကြောင့် အမေရိကန်ပဲပုပ်တွေ ရှားသွားပြီးတော့ ကမ္ဘာ့ပဲပုပ်ဈေးမှာတောင် ဈေးတွေခေါင်ခိုက်အောင် တက်သွားခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ပဲပုပ်ရှားနေတဲ့ အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံမှာ ပဲပုပ်တွေ ထုတ်လုပ်ပြီး တင်သွင်းဖို့ကို စဉ်းစားထားချက် ရှိပါသလား။

Mr. Marantis ။ ။ ဒါကိုပြောရရင် လောလောဆယ် ကျနော်တို့ရောက်ရှိနေတဲ့ အနေအထားဟာ သိပ်ပြီးတော့ စိတ်လှုပ်ရှားစားစရာကောင်းပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှု အလားအလာတွေ ရှိနေရာမှာ ကုန်ပစ္စည်းအမယ် အကန့်အသတ်မထားဘဲနဲ့ စဉ်းစားကြမယ်ဆိုရင် ပဲပုပ်ပဲဖြစ်ဖြစ်၊ အလှကုန်ပစ္စည်းပဲဖြစ်ဖြစ်၊ ဆန်ပဲဖြစ်ဖြစ်၊ ယွန်ထည်ပဲဖြစ်ဖြစ် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိမယ့်အလှကုန်ပစ္စည်းတွေ တင်ပို့မှုကြီးထွားလာမယ့် အလားအလာတွေအများကြီး ရှိနေပါတယ်။ ကျနော်တို့ စိတ်လှုပ်ရှားနေသလို အမေရိကန် စားသုံးသူလူထုတွေကလည်း စိတ်လှုပ်ရှားနေတာပါ။ နှစ်ဘက်လုံးအတွက် ပြောရရင် အမေရိကန်ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံကို တင်ပို့ဖို့နဲ့ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုထဲကို ရောက်ရှိလာမယ့် ကုန်ပစ္စည်းအသစ်အဆန်တွေ စမ်းသပ်သုံးစွဲရမှာကို စိတ်လှုပ်ရှားရနေကြတာပါ။ ကျနော် မြန်မာနိုင်ငံကိုလာရတဲ့ တာဝန်တခုလုံးကိုကြည့်ရင် နှစ်နိုင်ငံကြားမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နံှမှုကဏ္ဍတွေ တိုးတက်ကြီးထွားလာအောင် လုပ်ကိုင်ဆောင်ရွက်ရေးအတွက် အလေးဂရုပြုဖို့ပါ။

ဦးရော်နီညိမ်း ။ ။ ၂၃ နှစ်အတွင်း မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် ကျနော်ပြန်ရောက်တဲ့အခါ ကျနော် တွေ့ရတာက အထည်ချုပ်လုပ်ငန်း garment industry ဟာ မြန်မာနိုင်ငံမှာ အထိုင်ကျနေပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းကနေ အမေရိကန်ပြည်ထောင်စုကို အထည်တွေ တိုက်ရိုက်မတင်ပို့နိုင်ပါဘူး။ ပိတ်စို့ထားချက် ရှိနေလို့ပါ။ တခြားနိုင်ငံက ဖောက်သည်တွေဆီကိုပဲ သူတို့က တင်ပို့ကြရပါတယ်။ မြန်မာပြည်မှာလုပ်သည် Made in Myanmar တံဆိပ်မပါဘဲနဲ့ တင်ပို့ကြရပါတယ်။ ဆိုတော့ သူတို့ ဖောက်သည်တွေက အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံက အဝတ်အထည်တွေကို တခြားတဆိပ်ကပ်ပြီး တင်ပို့ချင်တင်ပို့ကြပါလိမ့်မယ်။ ကျနော်တို့လည်း မသိနိုင်ဘူး။ အဲဒီတော့ အခုအခါမှာ မြန်မာနိုင်ငံမှာ ကောင်းကောင်းကြီး အသားကျနေတဲ့ အထည်ချုပ်လုပ်ငန်းက ထွက်ကုန်တွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုကို တင်သွင်းရေးကို ဘယ်လိုစဉ်းစားထားပါသလဲ။

Mr. Marantis ။ ။ မြန်မာနိုင်ငံဟာ အရင်တုန်းက အားကစား အဝတ်အထည်တွေ တင်ပို့ခဲ့ဘူးတဲ့သမိုင်း ရှိခဲ့ပါတယ်။ ဒီကဏ္ဍအတွက် ကမ္ဘာတဝှမ်းလုံးက ရင်းနှီးမြှုပ်နံှသူတွေက အကြီးအကျယ် စိတ်ဝင်စားနေတာကို ထင်ထင်ရှားရှား တွေ့နေရပါတယ်။ ဒီကဏ္ဍမှာ အခွင့်အရေးတရပ်အဖြစ် ဈေးချင်းပြိုင်နိုင်မယ့် အဝတ်အထည်တွေကို မြန်မာနိုင်ငံကနေ ထုတ်နိုင်ဖို့ ရင်းနှီးမြှုပ်နံှသူတွေက အာရုံစိုက်နေပါတယ်။ ကျနော်တို့ကလည်း ဒီကဏ္ဍကို ထပ်ပြီးတော့ စောင့်ကြည့်နေပြီးတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မြင့်မားလာဖို့ လုပ်ကိုင်နေပါတယ်။

ဦးရော်နီညိမ်း ။ ။ ကျနော် နောက်ဆုံးမေးချင်တာက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှု မူဘောင်သဘောတူညီချက် Trade and Investment Framework Agreement – TIFA အကြောင်းပါ။ ကျနော် နားလည်းထားသလောက် အမေရိကန်ပြည်ထောင်စုဟာ တခြားနိုင်ငံ တနိုင်ငံကို လွတ်လပ်စွာကုန်သွယ်ရေး အခွင့်အရေးတွေ မပေးခင်မှာ ဒီ TIFA သဘောတူညီချက်ကို အစပျိုးလုပ်ငန်းအဖြစ် အရင်လုပ်ဆောင်ပါတယ်။ ကုန်သွယ်ရေး လွတ်လပ်ခွင့်ဆိုရာမှာ အကောက်ခွန် ကင်းလွှတ်ခွင့် ပေးပြီးတော့ မြန်မာနိုင်ငံထဲက သွင်းကုန်တွေ အမေရိကန်ပြည်ထောင်စုထဲ ရောက်ရှိလာမှာမျိုးပါ။ ဒီတော့ TIFA အစပျိုးလုပ်ငန်းမျိုး လုပ်ဆောင်စဉ်မှာ အမေရိကန်ပြည်ထောင်စုအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိနိုင်သလဲဆိုတာကို သိချင်ပါတယ်။ ကျိန်းသေပေါက် အကျိုးကျေးဇူးရှိမယ့် မြန်မာနိုင်ငံအတွက် ကျနော် မေးတာမဟုတ်ပါဘူး။

Mr. Marantis ။ ။ TIFA လို့ခေါ်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှု မူဘောင်သဘောတူညီချက်ဆိုတာက အခြေခံအားဖြင့် တည်ဆောက်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု တမျိုးပါ။ ကျနော်တို့ နှစ်နိုင်ငံကြားမှာ ဘယ်လို အခွင့်အလမ်းတွေ ရရှိလာမလဲ။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှု ဆက်ဆံရေးတွေမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ဖြစ်ထွန်းနိုင်မယ်ဆိုတာ အာရုံစိုက်ဖို့ပါ။ ဒါကလည်း နည်းလမ်းနှစ်သွယ် ရှိပါတယ်။ တနည်းကတော့ TIFA ကို အသုံးပြုပြီးတော့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကြီးထွားလာဖို့ တကယ့်လက်တွေ့ အကူအညီပေးနိုင်တဲ့ အခွင့်အလမ်းတွေကို ရှာဖွေနိုင်တဲ့ နည်းလမ်းပါ။ နောက်တနည်းက ဒီ TIFA အတွက်နဲ့ အမေရိကန်ပြည်ထောင်စုအတွင်း အကျိုးကျေးဇူး ဖြစ်နိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဥပမာပြောရရင် မြန်မာနိုင်ငံမှာ အမေရိကန်တွေ ရင်းနှီးမြှုပ်နံှဖို့ TIFA ကြောင့် ရရှိနိုင်ပါတယ်။ ဒါကလည်း တာဝန်သိရင်းနှီးမြှုပ်နံှမှုအတွက်တော့ အခွင့်အရေးပါ။ ကျနော်တို့ နည်းလမ်းနှစ်သွယ်လုံးကို အသုံးပြုနိုင်ပါတယ်။ GSP အဆင့် ရရှိမှုကို အသုံးချခြင်းဟာ မြန်မာနိုင်ငံအတွက် အောင်မြင်မှုအရှိဆုံးနည်းလမ်းလို့ ကျနော်ထင်ပါတယ်။ ဒါဟာ အမေရိကန်တွေ မြန်မာနိုင်ငံမှာ လာရောက်ပြီးတော့ တာဝန်သိရင်းနှီးမြှုပ်နံှကြဖို့ အာရုံစိုက်ရေးအတွက်ကိုလည်း အားပေးကူညီရာ ရောက်ပါတယ်။ ဒါက အမေရိကန်ပြည်ထောင်စုက ရရှိမယ့် အကျိုးကျေးဇူးပါ။ ဒါကြောင့် ကျနော်တို့ အနာဂတ်ကို မျှော်ကြည့်လိုက်ရင် GSP ပဲဖြစ်ဖြစ်၊ TIFA ပဲဖြစ်ဖြစ် မြန်မာနိုင်ငံအတွက် အမေရိကန်နဲ့ အာဆီယံတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုပဲဖြစ်ဖြစ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် WTO ရဲ့ စည်းစနစ်တွေနဲ့ ကျနော်တို့ နှစ်နိုင်ငံကြားမှာ ဆောင်ရွက်ရမယ့် ဘက်စုံကုန်သွယ်ရေးပဲဖြစ်ဖြစ် ဒါတွေဟာ နှစ်နိုင်ငံကြားကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးမြင့်မားလာမှုနဲ့ ဒါကို အသုံးချပြီးတော့ မြန်မာနိုင်ငံရဲ့ လုပ်ဆောင်နေဆဲ ပြုပြင်ပြောင်းလဲရေးတွေကို တွန်းအားပေးသွားနိုင်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG