ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ White card လို့ခေါ်တဲ့ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ခဲ့သူတွေ မဲပေးခွင့် မရတော့တာက ဆုံးရှုံးမှုကြီးဖြစ် တယ်လို့ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Human Rights Watch အဖွဲ့က ပြောလိုက်ပါတယ်၊ သမိုင်းဝင်ဖြစ်မဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲမှာ White card ကိုင်ခဲ့သူတွေ မဲပေးခွင့် မရှိတော့တဲ့အတွက် ရိုဟင်ဂျာ မွတ်ဆလင်တွေသာမက တိုင်းရင်းသားလူနည်းစုတွေ၊ အပြည့်အဝ နိုင်ငံသား မဖြစ်သေးတဲ့သူတွေရဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးတယ်လို့ HRW ရဲ့ အာရှဒေသဆိုင်ရာ အကြီးအကဲ David Mathieson က VOA မြန်မာပိုင်းနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ၊ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပါတ်သက်လို့ ကိုကျော်ကျော်သိန်းက David Mathieson ကို မေးမြန်းထားတာ ဖြစ်ပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ မြန်မာနိုင်ငံမှာ အခုဆိုရင် သမိုင်းဝင်မယ့် အရေးကြီးဆုံး ရွေးကောက်ပွဲကို ကျင်းပတော့မှာပါ။ ဒီအချိန် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး HRW (Human Rights Watch) ရဲ့ အမြင်အရ စိုးရိမ်စရာ အကောင်းဆုံး အခြေအနေတွေက ဘာတွေပါလဲခင်များ။
Mr. Mathieson ။ ။ ကျနော်တို့ အမြင်အရ ရွေးကောက်ပွဲမတိုင်ခင် အကြီးမားဆုံး ဆုံးရှုံးမှုကတော့ အရင်က White Card လို့ခေါ်တဲ့ အသိအမှတ်ပြုအရ ကိုင်ဆောင်တဲ့သူတွေ မဲပေးခွင့် မရတော့တာပါ။ အဲဒါက လူထောင်ပေါင်းများစွာအပေါ် သက်ရောက်မှု ရှိပါတယ်။ လူအများ ပြောနေသလို၊ ရိုဟင်ဂျာ မူစလင်တွေသာမက တိုင်းရင်းသား လူနည်းစုတွေ အပြည့်အဝ နိုင်ငံသားမဖြစ်သေးတဲ့ မြန်မာလူထုတွေ စသည်အားဖြင့် ပါပါတယ်။ ဒါက ကျနော်တို့ရဲ့ ကြီးမားတဲ့ စိုးရိမ်မှုပါ။ နိုဝင်ဘာလမှာ မဲပေးခွင့် မရမယ့်လူတွေ အများကြီး ရှိပါတယ်။ လွတ်လပ်စွာ စုဝေးခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်တွေနဲ့ ပတ်သက်ပြီး တခြားစိုးရိမ်စရာတွေလည်း ရှိပါတယ်။ ဒီလွတ်လပ်ခွင့်တွေအပေါ် အစိုးရက တိုးပြီး နှိပ်ကွပ်လာပါတယ်။ လူအများအပြား အထူးသဖြင့် ပညာရေး ပြုပြင်ပြောင်းလဲရေး၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး တောင်းဆိုတဲ့ ဆန္ဒပြကျောင်းသားတွေရဲ့အသံကို အစိုးရက နားထောင်ရမယ့်အစား အကျဉ်းထောင်ထဲ ထည့်ထားတာကို ကျနော်တို့ အထူးစိုးရိမ်ပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ ရခိုင်ပြည်အခြေအနေနဲ့ ပတ်သက်ရင် ကုလသမဂ္ဂ၊ HRW စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ပြောဆိုချက်နဲ့ အစိုးရတွေ မဟုတ်ဘဲ ဒေသခံတွေရဲ့အမြင်နဲ့ကြားမှာ အတော်လေး ကွာခြားပါတယ်။ ဒေသခံတွေရဲ့အမြင်က နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့အမြင်နဲ့ အတော်လေး ကွဲနေတာပါ။ အဲဒီအပေါ် ဘယ်လိုများ ပြောချင်ပါလဲ။
Mr. Mathieson ။ ။ ကံမကောင်းစွာဘဲ ဒီအမြင်တွေကို ညှိနှိုင်းမရ ဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတဝှမ်းမှာ အကြံဖက်မှုတွေ ရပ်သွားစေမယ့် အဖြေကို ရှာမတွေ့နိုင်ဘူး ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေရဲ့ ဒဏ်ကို ခံစားနေရတာ မူစလင်လူနည်းစုတွေတင် မဟုတ်ဘဲ၊ ရခိုင်ပြည်နယ်က လူတွေအားလုံး ခံစားနေရတာပါ။ ရခိုင်နိုင်ငံရေးသမားတွေဆီကဖြစ်ဖြစ် တချို့ဘာသာရေး ခေါင်းဆောင်တွေကဖြစ်ဖြစ် အစွန်းရောက်တဲ့ ပြောဆိုချက်တွေက ဒါနဲ့ ပတ်သက်တဲ့ ဆွေးနွေးပြောဆိုတာတွေကို လွှမ်းမိုးထားပုံ ရပါတယ်။ လူမှုအဝန်းအဝိုင်းတွေအားလုံးက သာမန်လူတွေအနေနဲ့ အမြဲတမ်း အနီးကပ်ချင်း မဟုတ်တောင်မှ ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ မြင်ခဲ့ရတဲ့ သတ်ဖြတ်အကြမ်းဖက်မှု ပုံစံမျိုးတွေနဲ့ မဟုတ်ဘဲ၊ ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်သွားနိုင်ရေးအတွက် တကယ်တမ်း တွေ့ဆုံပြီး သင့်မြတ်အောင်လုပ်ဖို့ အခွင့်မရကြပါဘူး။ ကုလသမဂ္ဂပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးအဖွဲ့တွေပဲဖြစ်ဖြစ်၊ မီဒီယာပဲဖြစ်ဖြစ် လုပ်သင့်တယ်လို့ ကျနော် ထင်တာက လူမှု့အဝန်းအဝိုင်း နှစ်ခုကြားက ဒီကွာခြားချက်တွေ လျော့နည်းသွားအောင် နည်းလမ်းရှာဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ဒီလူမှုအဝန်းအဝိုင်းတွေအနေနဲ့ သူတို့ကိုယ်တိုင်က လုပ်ရပါလိမ့်မယ်။ ဒီကိစ္စမှာ ဒေသတွင်းအဖြေ ရှိကိုရှိရပါမယ်။
ကိုကျော်ကျော်သိန်း ။ ။ ဒီကိစ္စတွေမှာ ဒေသခံတွေရဲ့အမြင်နဲ့ ခံစားချက်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ တကယ်ပဲ နားလည်တယ်လို့ ခင်များ ယုံကြည်ပါသလား။
Mr. Mathieson ။ ။ သူတို့ နားလည်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ ပြောဆိုသံနဲ့ ထွေပြားမှုကို တကယ်ပဲ ထည့်စဉ်းစားဖို့ဆိုတာက အစွန်းရောက်တွေရဲ့ ပြောဆိုမှု လွှမ်းမိုးထားတဲ့ ပတ်ဝန်းကျင်မျိုးမှာ သိပ်ခက်ပါတယ်။ ရခိုင်ပြည်နယ်က မူစလင်တွေ၊ ရိုဟင်ဂျာတွေ နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရတဲ့ သိပ်ဆိုးဝါးတဲ့ အကြမ်းဖက်မှုမျိုးနဲ့ ခွဲခြားဆက်ဆံမှုတွေအတွက် ဘယ်လို အကြောင်းပြချက်မျိုးမှ မရှိဘူးဆိုတာ သူတို့ သေချာပေါက် နားလည်ထားပါတယ်။ အလားတူပါပဲ စစ်အုပ်ချုပ်မှုအောက်မှာ ရခိုင်ဗုဒ္ဓဘာသာတွေရဲ့ အခြေအနေတွေကိုလည်း ပြင်ပကမ္ဘာက ကောင်းကောင်းနားလည်ကြပါတယ်။ ရခိုင်ပြည်နယ်လို အခြေအနေမျိုးမှာ ဘယ်သူကဆိုးတယ်။ ဘယ်သူက ကောင်းတယ်ဆိုတာကို အလွယ်တကူ မပြောနိုင်ပါဘူး။ ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို ဆိုးဝါးတဲ့လူတွေလို့ ပြောဖို့လွယ်ပေမယ့်။ ဒါက အထောက်အကူ မဖြစ်စေသလို၊ တိကျမှုလည်း မရှိပါဘူး။ တခါ လူအများအပြားက ရိုဟင်ဂျာတွေဟာ ခံရသူတွေသက်သက်အဖြစ် မြင်ကြပါတယ်။ အဲဒါကလဲ မမှန်ပါဘူး။ နှစ်ဖက်ပဋိပက္ခတွေမှာ ရိုဟင်ဂျာတွေရဲ့ အခန်းကဏ္ဍအပေါ် ပြင်ပကမ္ဘာအပေါ် အတိအကျ ပုံဖော်ပြတာမျိုး မရှိသေးဘူးလို့ ကျနော် ထင်ပါတယ်။ မမျှတတဲ့ ပဋိပက္ခလို့ မြင်ကြပေမယ့် တကယ်ကြတော့ နှစ်ဘက်စလုံးမှာ ရှုပ်ထွေမှုတွေ၊ ပါဝင်ပတ်သက်မှုတွေ ရှိနေပါတယ်။ ဒီလို ဆိုပေမယ့် ၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို လူမျိုးတုန်း မျိုးဖြုတ်လုပ်ဆောင်မှုတခုအဖြစ် HRW က ခေါ်ဆိုထားပါတယ်။ အဲဒီအတိုင်း ကျနော်တို့ ရပ်တည်ပါတယ်။ စစ်တွေနဲ့ ဒုက္ခသည်စခန်းတွေကို ရောက်ဖူးတဲ့ ဘယ်သူမဆို ရိုဟင်ဂျာတွေနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို ခွဲထားတာ တကယ့်ကို တွေ့နိုင်ပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ လူမျိုးုတုန်း မျိုးဖြုတ်လုပ်ဆောင်မှုလို့ ပြောသွားပါတယ်။ ဒါက တကယ့်ကို အငြင်းပွားဖွယ်ပါ။ အဲဒီလို ပြောဖို့အတွက် အားကောင်းလုံလောက်တဲ့ အထောက်အထားတွေ ရှိပါလား။
Mr. Mathieson ။ ။ အဲဒါကို သက်သေပြဖို့အတွက် အားကောင်းပြီး လုံလောက်တဲ့ အထောက်အထားတွေ ကျနော်တို့မှာရှိတယ်လို့ ယုံကြည်ပါတယ်။ လူမျိုးတုန်း မျိုးဖြုတ်သတ်ဖြတ်မှုဆိုပြီး HRW က ပြောဆိုတဲ့အပေါ် ဝေဖန်တဲ့လူ အများအပြား စစ်တွေကိုသွားပြီး ပြန်လာတဲ့အခါကြတော့ ဒီလူမှုအဝန်းအဝိုင်းနှစ်ခုဟာ တခုနဲ့တခု အဝေးဝေးကြီးမှာ နေနေကြပြီး သူတို့အကြားမှာ လုံခြုံရေးတာဝန်ရှိသူတွေက ခြားထားတယ်လို့ ပြောတဲ့အခါ ကျနော်တို့ ပြန်ပြောတာက ဟုတ်ပါတယ် အဲဒါဟာ လူမျိုးရေးအရ ရှင်းထုတ်ပြစ်တာပါပဲ။
ကိုကျော်ကျော်သိန်း ။ ။ အဲဒီ အခြေအနေက Balkan စစ်ပွဲနဲ့ တခြားနေရာတွေမှာ ကျနော်တို့ တွေ့ခဲ့ဖူးတဲ့ အခြေအနေ ပမာဏလောက်အထိ ဖြစ်နေတာလား။
Mr. Mathieson ။ ။ မဟုတ်ပါဘူး။ ဒါက ပြဿနာရှိတဲ့ နှိုင်းယှဉ်မှုပါ။ ပိုသေးငယ်တဲ့ ပမာဏနဲ့ လူမျိုးတုန်း လုပ်ဆောင်မှုဆိုတာလဲ ရှိနိုင်ပြီး၊ အဲဒါ ရခိုင်ပြည်နယ်မှာ ဖြစ်နေတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ Balkan စစ်ပွဲက တကယ့်ကို ဆိုးဝါးပါတယ်။ အဲဒီမှာက ပိုပြီးကြီးမားတဲ့ လူမျိုးတုန်း လုပ်ဆောင်မှုပါ။ လူမျိုးတုန်း လုပ်ဆောင်မှုဆိုတာကို ကျနော်တို့ သုံးနှုန်းတာနဲ့ ပတ်သက်ပြီး မျိုးဖြုတ်သတ်ဖြတ်မှုနဲ့ နှိုင်းယှဉ်တဲ့အခါ သဘောမတူတာ၊ ရှုပ်ထွေဝေဝါးစေတာ အများအပြား ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတာ၊ မျိုးဖြုတ်သတ်ဖြတ်မှုလို့ ကျနော်တို့ မယုံကြည်ပါဘူး။ အဲဒီအဆင့်အထိ မရောက်ပါဘူး။ အဲဒီမှာ ဖြစ်ပျက်တဲ့အပေါ် ရေရှည်ခိုင်မာမယ့် အဖြေတွေ မရနိုင်သေးခင်မှာ အခြေအနေကို ဒီလို သုံးနှုန်းပြီး ဆက်ပြောနေတာမျိုးက အသုံးဝင်မယ်လို့ ကျနော်တို့ မထင်ပါဘူး။ မျိုးဖြုတ်သတ်ဖျက်မှုဆိုတဲ့ ဝေါဟာရမျိုးကို ရည်ရွယ်ချက်နဲ့ သုံးနေတာက တကယ်ပဲ အထောက်အကူ ဖြစ်စေမယ်လို့ ကျနော် မထင်ပါဘူး။
ကိုကျော်ကျော်သိန်း ။ ။ ဒီအခြေအနေကို လူမျိုးတုန်း လုပ်ဆောင်မှုလို့ခေါ်တာ ထားလိုက်ပါအုံး။ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ခေါ်ဝေါ်သုံးစွဲတာကိုပဲ ဒေသခံတွေကြားမှာ ပြဿနာရှိတယ်ဆိုတာကို ကောင်းကောင်းသတိထားမိမှာပါ။ ဒီလို ချဉ်းကပ်မှုမျိုး၊ ခေါ်ဝေါ်မျိုးက ပြဿနာကို ဖြေရှင်းဖို့ တကယ်ပဲ အထောက်အကူ ဖြစ်စေပါလား။
Mr. Mathieson ။ ။ အထောက်အကူ မဖြစ်အောင်လို့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးတာမဟုတ်ပါဘူး။ ထိခိုက်နစ်နာအောင်လို့ ဒါကို သုံးတာ မဟုတ်ပါဘူး။ လူတွေရဲ့ ကိုယ့်ကိုယ်ကို သတ်မှတ်ခွင့်ဆိုတာကို အသိအမှတ်ပြု၊ လေးစားတဲ့အနေနဲ့ ဒါကို သုံးတာပါ။ ဒါ သူတို့ကို သူတို့ ခေါ်တာပါ။ ဒါက ကျနော်တို့က သူတို့ကို ခေါ်တာပါ။ အလားတူပါပဲ မြန်မာလို့ မခေါ်ဘဲ၊ Burma လို့ ဆက်ခေါ်နေတဲ့အတွက် ကျနော်တို့ကို ဝေဖန်ပါတယ်။ ဒါပေမဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ ကျနော်တို့ မြန်မာလို့ သုံးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကိုမှ ထိခိုက်နစ်နာတာမျိုး မဖြစ်စေချင်လို့ပါ။ လူတွေမှာ ကိုယ့်ကိုယ်ကို သတ်မှတ်ဖော်ပြခွင့် ရှိပါတယ်။ ရိုဟင်ဂျာ ကိစ္စမှာလည်း ဒီမူကို အသုံးပြုရပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေ၊ တာဝန်ရှိသူတွေ၊ လူမှုအဝန်းအဝိုင်း ခေါင်းဆောင်တွေ နားလည်ဖို့ လိုအပ်တာက ပိုပြီးကွဲပြားအောင်၊ အကြမ်းဖက်မှုဖြစ်အောင်၊ ဘယ်လိုနည်းနဲ့မှ ထိခိုက်နစ်နာအောင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ တို့က လုပ်ဆောင်နေတာ မဟုတ်ဘူးဆိုတာပါ။ ဒီလို ခေါ်စေချင်တဲ့ လူမှုအဝန်းအဝိုင်းကို တကယ့်ကို အသိအမှတ်ပြု လေးစားတယ်ဆိုတာ ပြဖို့ သက်သက်ပါပဲ။ ဒီ အခေါ်အဝေါ် ကိစ္စတခုတည်းမဟုတ်ဘဲ ရခိုင်ပြည်နယ်မှာ ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေ ရှိပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင် ရှိနေပါပြီ။ ဒီကော်မရှင်ကို HRW က ဘယ်လို မြင်ပါသလဲ။ မြန်မာ့လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ ကျေနပ်လောက်အောင် လုပ်နေတယ်လို့ ထင်ပါလား။
Mr. Mathieson ။ ။ ကျနော်တို့အနေနဲ့ မထင်ပါဘူး။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ နိုင်ငံတကာ စံနှုန်းအရ သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မရှင်တခု မဖြစ်သေးပါဘူး။ ဒါကို ကော်မရှင်အဖွဲ့ဝင်တွေကိုယ်တိုင် အသိအမှတ်ပြုပြီး ကျနော်တို့ကို ပြောဖူးပါတယ်။ ပါရီ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အပြည့်အဝ လွတ်လပ်တဲ့ ကော်မရှင်တခုလိုမျိုး သူတို့က ဟန်မဆောင်ပါဘူး။ သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တွေတချို့ သူတို့ လုပ်ခဲ့ပါတယ်။ သူတို့ကို ဝေဖန်ပြစ်တင်သင့်တယ်လို့ ကျနော် မထင်ပါဘူး။ ဒီကိစ္စရပ်အမျိုးမျိုးကို သိပ်အပြုသဘောဆောင်တဲ့အမြင်နဲ့ သူတို့ ကြည့်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဒါ့အပြင် သိပ်အရေးကြီးတဲ့ တနိုင်ငံလုံး လူ့အခွင့်အရေး ကိစ္စတွေကိုတော့ သူတို့ မကြည့်ရသေးပါဘူး။ တပ်မတော်က ကျူးလွန်းတာတွေကိုလည်း သူတို့ မကြည့်နိုင်သေးဘူးလို့ ပြောပါတယ်။ တကယ်က ဒီကိစ္စဟာ လူထုက ကြည့်စေချင်တဲ့ကိစ္စပါ။ နောက် ပေါ်လာမယ့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အတွက် အခြေခံတွေကို သူတိ့ ချမှတ်စေချင်တာလို့ မကြာခဏ ပြောဖူးပါတယ်။ လွန်ခဲ့တဲ့ (၄) နှစ်အတွင်း သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ဖူးပေမယ့် အဖွဲ့အစည်းသစ်တွေ မလုပ်နိုင်ချေမှာ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာ ကျနော်တို့ နားလည်ရမယ့် ကိစ္စတခုလို့ ကျနော် ထင်ပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ HRW က လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အစိုးရကို အပြင်းအထန် ဝေဖန်တဲ့ အဖွဲ့အစည်းပါ။ HRW နဲ့ အစိုးရကြားကို ဆက်ဆံရေး တိုးတက်လာပြီလို့ ပြောနိုင်ပြီလား။
Mr. Mathieson ။ ။ ပြီးခဲ့တဲ့နှစ်က တကယ့်ကို တိုးတက်ခဲ့ပါတယ်။ HRW ရဲ့ ညွှန်းကြားရေးမှုး Kenneth Roth နဲ့ ဘုတ်အဖွဲ့က အကြီးတန်း ဘုတ်အဖွဲ့ဝင်တွေကို သမ္မတ ဦးသိန်းစိန်က လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲကို သိပ်ကို အပြုသဘောဆောင်တယ်လို့ ကျနော် တွေ့ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်၊ အဲဒီအချိန်က ပြန်ကြားရေးဝန်ကြီးတို့ ပါပါတယ်။ အဲဒီနောက် အကြီးတန်းဝန်ကြီးတွေ၊ အစိုးရဌာနက တာဝန်ရှိသူတွေနဲ့ ကျနော်တို့ တွေ့ရပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အပြင်းအထန် ဝေဖန်သူတွေနဲ့ တွေ့ဆုံတယ်ဆိုတာက အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ရင့်ကြတ်မှု တစုံတရာ ရှိလာတာကို ပြတယ်လို့ ကျနော် ထင်ပါတယ်။ အစိုးရကို ဝေဖန်သူတွေနဲ့ တွေ့တယ်ဆိုတာ အစိုးရဘက်မှာ နိုင်ငံရေးအရ ယုံကြည်ရလောက်မှု ရှိတယ်ဆိုတာကို ပြသတယ်လို့ ကျနော် ထင်ပါတယ်။ ဦးသိန်းစိန်ကလည်း ကျနော်တို့ကို အဲဒီလို ပြောပါတယ်။ ခင်များတို့က ကျနော်တို့ကို ဝေဖန်တဲ့အခါ မကြိုက်ပါဘူး။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ရဲ့ အရေးကြီးပုံကို ကျနော်တို့ အသိအမှတ် ပြုပါတယ်။ ခင်များတို့ကို ကြိုဆိုပါတယ်ဆိုတာပေါ့။ ဒါ ကျနော်တို့ ဆက်သွားချင်တဲ့ ဆက်ဆံရေးမျိုးပါ။ ကျနော်တို့ဟာ သီးခြားလွတ်လပ်တဲ့အဖွဲ့ပါ။ ဘယ်သူကိုမှ ဖွင့်ချဖို့၊ တဖက်ဖက်မှာ ရပ်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည်က ပဋိပက္ခနဲ့ ပတ်သက်ရင် ကျနော်တို့ ဘယ်သူဖက်ကမှ မလိုက်ပါဘူး။ မြန်မာပြည်မှာ နေရတာ ကျနော် တကယ်ကို ကြိုက်ပါတယ်။ မြန်မာအရပ်ဖက် လူမှု့အဖွဲ့အစည်းတွေက လုပ်ဖော်ကိုင်ဖက်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ သတင်းမီဒီယာတွေနဲ့ တွဲဖက်လုပ်ကိုင်ရတာကြောင့် ကျနော့်အလုပ်ကို ကျနော် ပျော်ပါတယ်။ သူတို့ဟာ တကယ့်ကို အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေကြတာ ဖြစ်ပြီးတော့ HRW က ဒီအလုပ်တွေကို အထောက်အကူ ပြုစေဖို့အတွက် အပြုသဘောဆောင်တဲ့ ကဏ္ဍလေးက ပါဝင်နေတာပါ။
ကိုကျော်ကျော်သိန်း ။ ။ ကျေးဇူးတင်ပါတယ်။
Mr. Mathieson ။ ။ ကျေးဇူးတင်ပါတယ်။