သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေတဲ့ Clinton နဲ့ Trump အပြန်အလှန်ဝေဖန်


သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေတဲ့ Clinton နဲ့ Trump အပြန်အလှန်ဝေဖန်။
သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေတဲ့ Clinton နဲ့ Trump အပြန်အလှန်ဝေဖန်။

အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၆ ခုမှာ သမ္မတလောင်းရွေးချယ်ဖို့အတွက် ပဏာမရွေးကောက်ပွဲတွေ ကျင်းပဖို့ ရက်ပိုင်းသာလိုတောတဲ့အချိန်မှာ ၊ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ၂ ယောက်ဖြစ်တဲ့ Hillary Clinton နဲ့ Bernie Sanders တို့ ၂ ယောက်အပေါ် ထောက်ခံမှုက သိပ်မကွာဘဲ အကြိတ်အနယ်ဖြစ် လာနေတယ်လို့ လူထုစစ်တမ်းတွေက ပြသနေပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ ကြာသာပတေးနေ့က နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာမှာတော့ - ဟီလာရီကလင်တန်က သူမရဲ့ အတွေ့အကြုံကိုအဓိကထားပြောကြားသွားခဲ့ပြီး၊ ရီပတ်ဘလစ်ကန်ပါတီရဲ့ Donald Trump ကိုသာရွေးကောက်တင်မြှောက်မယ်ဆိုရင်တော့ ဒါဟာ သမိုင်းတင် ကျန်ရစ်မယ့် အမှား ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် Zlatica Hoke ရဲ့ သတင်းဆောင်းပါးကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

Donald Trump ဟာ သမ္မတရာထူးအတွက် ပြင်ဆင်ထားတာမရှိသလို၊ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ အသိပညာဗဟုသုတ၊ တည်ငြိမ်မှု နဲ့ ကြီးမားတဲ့ တာဝန်ယူမှုတွေ မရှိတာကြောင့် ပင်ကိုယ်စရိုက်အရလည်း သမ္မတဖြစ်ဖို့ မသင့်တော်ဘူးလို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Diego မြို့မှာ ဇွန်လ ၂ ရက်နေ့က မဲဆွယ်စည်းရုံးရေးမှာ ဟီလရီကလင်တန်က ပြောလိုက်ပါတယ်။

"Donald Trump ရဲ့ စိတ်ကူးတွေက တကယ်ကို သီးခြား သက်သက်ကြီးဖြစ်နေပြီး၊ ကြောက်စရာကောင်းလောက်အောင်ကို ရှုပ်ထွေးလွန် ပါတယ်။ သူဟာတွေက စိတ်ကူးတွေလို့တောင် ပြောလို့မရပဲ၊ ယုတ္တိမရှိတဲ့ ခပ်ကြောင်ကြောင်ပြောဆိုတာတွေ၊ ပုဂ္ဂိုလ်ရေး ဆန်ဆန်ပြောဆိုမှုတွေ၊ဗြောင်ကျကျ လိမ်ညာပြောဆိုတာတွေသာဖြစ်ပါတယ်။

စကားကို တုံးတိတိ ဒဲ့ထိုးပြောတတ်တဲ့ စီးပွားရေးသမား Trump ဟာ နျူးကလီးယား လက်နက်လို ထိပ်တန်းလျှို့ဝှက်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း ယုံကြည်လို့မရနိုင်ကြောင်း ဘာကြောင့်လဲဆိုတော့ သူဟာ ဒေါသထွက်လွယ်တဲ့ အတွက် တစ်ယောက်ယောက်ကသူ့ကို အလွယ်တကူရန်စလိုက်တာနဲ့ စစ်ဖြစ်သွားနိုင်တယ်လို့ ဟီလာရီကလင်တန်က ပြောလိုက်ပါတယ်။

"ဒီလူက ဘယ်လိုလူလဲဆိုတော့ ဆော်ဒီအာရေဗျ အပါအဝင် နောက်ထပ် တခြားနိုင်ငံတွေလည်း နျူးကလီးယားလက်နက်ပိုင်ဆိုင်သင့်တယ်လို့ ပြောတဲ့လူပါ။ ပြီးတော့ နေတိုးတပ်ဖွဲ့ထဲက ကျမတို့ရဲ့ မဟာမိတ်တွေကို ပစ်ပယ်ဖို့ ခြိမ်းခြောက်တဲ့သူပါ။ အဲဒီမဟာမိတ်နိုင်ငံတွေဟာ အကြမ်းဖက်သမားတွေ ကျနော်တို့ကို လာမတိုက်ခင်ကတည်းက ပြည်ပမှာ အကြမ်းဖက်သမားတွေ ကို နှိမ်နှင်းဖို့ ကျနော်တို့နဲ့ အတူလုပ်နေတဲ့နိုင်ငံတွေပါ။"

Donald Trump ဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကိုလည်း သူ့ရဲ့ Casinos တချို့ ချွတ်ခြုံကျပြီး ဒေဝါလီခံလိုက်ရ သလိုဖြစ်အောင် ဖျက်ဆီးပစ်လိုက်နိုင်တယ် လို့ ပြောလိုက်ပါတယ်။ Trump ကတော့ ဟီလာရီကလင်တန်ရဲ့ လုပ်ဆောင်ချက်တွေ ဟာ ဆိုးရွားပြီး၊ သူမဟာ သမ္မတပုံမပေါက်ဘူးလို့ သူ့ရဲ့ အကျင့်အတိုင်း Twitter စာမျက်နှာကနေ ချက်ချင်းပဲ တုံ့ပြန်လိုက်ပါတယ်။

ဒီမိုကရက်တွေက Donald Trump ကိုဝေဖန်သလိုပဲ ရီပတ်ဘလစ်ကန် အတော်များများကလည်း သိပ်မကြာသေးခင်ကာလတွေအထိ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ Donald Trump ကို လူတွေရဲ့ ထောက်ခံမှုတွေ ပိုများလာတာနဲ့ အမျှ၊ Donald Trump ဟာ ရီပတ်ဘလစ်ကန်ပါတီအတွက် သမ္မတနေရာကို ပြန်ရအောင် လုပ်ဖို့အတွက် တခုတည်းသောအခွင့်အရေးဖြစ်တယ်လို့ အတော်များများကတော့ အခုအခါမှာ ရှုမြင်လာကြပါတယ်။

မနေ့ကြာသာပတေးနေ့ကတော့ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော် သဘာပတိ Paul Ryan က Donald Trump ကို ထောက်ခံတယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။

"Donald Trump နဲ့ ကျနော်နဲ့ကြားမှာ သဘောမတူညီမှုတွေရှိတယ်ဆိုတာကတော့ အားလုံးလည်း သိပါတယ်။ တချို့ကိစ္စတခု ၂ ခုလောက်မှာ သူနဲ့ ကျနော်နဲ့ ထိပ်တိုက်တွေ့ခဲ့တယ်အချိန်တွေရှိတယ်ဆိုတာလည်း လျှို့ဝှက်ချက်မဟုတ်ပါဘူး။ ဒါက လူတွေကြားမှာလည်း ဖြစ်လေ့ဖြစ်ထရှိသလို၊ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကြားမှာလည်း ဖြစ်ပါတယ်။ မေးစရာတခုကတော့ - ကျနော်တို့အနေနဲ့ လာမယ့်ရွေးကောက်ပွဲကာလမှာ ကျနော်တို့ရဲ့ ပါတီကို အင်အားအပြည့်နဲ့ တစုတစည်းတည်းဖြစ်အောင် အမှန်တကယ် လုပ်နိုင်မလားဆိုတာပါ။

တချိန်တည်းမှာပဲ ၊ ဝန်ကြီးကလင်တန်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် အရွေးခံရဖို့အတွက် Vermont အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG