သုံးရလွယ်ကူစေသည့် Link များ

7 Day Daily တပ်မတော်ကို တောင်းပန်လွှာထုတ်ပြန်


7 Day Daily သတင်းစာက တပ်မတော်ကိုတောင်းပန်ကြောင်း ရေးသားထားချက်ကို မြန်မာ့အလင်းသတင်းစာမှာ ဖေါ်ပြထားစဉ် (ဇွန်လ ၂၉ ရက်)

ပြည်တွင်း ပုဂ္ဂလိက သတင်းစာတစောင်ဖြစ်တဲ့ ဆဲဗင်းဒေးနေ့စဉ်သတင်းစာကနေ သူရဦးရွှေမန်းနဲ့ပတ်သက်တဲ့သတင်းကိုဖေါ်ပြမိတဲ့အတွက် တပ်မတော် ကို တောင်းပန်ကြောင်း ရေးသားထားတဲ့ ပန်ကြားလွှာကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖေါ်ပြထား ပါတယ်။ မြန်မာစစ်တပ်ကနေ သူတို့စွဲထားတဲ့ ပုဒ်မ (၁၃၁) အမှုကို တရားရုံးပြင်ပ နှစ်ဘက် ညှိုနှိုင်းချက်တွေအရ ဇွန်လ (၂၇)ရက်နေ့က ရုပ်သိမ်း ကျေအေးလိုက်ပြီးနောက် အခုလို ဆဲဗင်းဒေးသတင်းစာက တောင်းပန်ကြောင်းကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အခုလိုစစ်တပ်ရဲ့ သတင်းမီဒီယာအပေါ်ဖိအားပေးမှုမျိုးဟာ မြန်မာ့သတင်းမီဒီယာ အနာဂတ်အပေါ် ဘယ်လိုရိုက်ခတ်မှုတွေရှိလားနိုင်မလဲ။ မအင်ကြင်းနိုင်က အကြောင်းစုံကိုတင်ပြမှာပါ။

ဆဲဗင်းဒေးသတင်းစာကနေ တပ်မတော်ကို တောင်းပန်ထားတဲ့စာမှာတော့ သူရဦးရွှေမန်းက စစ်တက္ကသိုလ်ဆင်းညီနောင်တွေနဲ့ပတ်သက်လို့ တိုက်တွန်းထားတဲ့သတင်းကို သူတို့အနေနဲ့ မည်သည့်ရည်ရွယ်ချက်မျှမပါပဲ ရိုးရိုးသားသားဖေါ်ပြခဲ့ကြောင်း၊ နိုင်ငံတော်နဲ့ တပ်မတော်အပေါ်မှာ နားလည် မှုလွဲမှားအောင် သွေးထိုးလှုံဆော်တာမျိုးမဟုတ်ကြောင်း၊ နောင်မှာ တပ်မတော် နဲ့ပတ်သက်လို့ သတင်းဖေါ်ပြရာမှာ စနစ်တကျတည်းဖြတ်ဆောင်ရွက် သွားမှာဖြစ်ကြောင်းနဲ့ အခုလိုနားလည်မှုလွဲမှားစေခဲ့ တဲ့ ရေးသားဖေါ်ပြချက် အတွက် တောင်းပန်အပ်ပါကြောင်း ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ် သက်လို့ ပြည်ပ အခြေစိုက် BMA ခေါ် မြန်မာသတင်းသမဂ္ဂရဲ့ ဥက္ကဌ ဦးမောင်မောင်မြင့်ကတော့ သူရဲ့အမြင်ကိုအခုလိုပြောပါတယ်။

“7 Day သတင်းစာကနေပြီးတော့ နားလည်မှုလွဲမှားလို့ပါဆိုတဲ့ သဘောမျိုး နဲ့ ပြောလိုက်တာဟာ အမှန်တကယ် ပြောမယ်ဆိုလို့ရှိရင်တော့ လုပ်ကို မလုပ်သင့် ဘူး။ သို့သော်လည်းပဲ ဒီလိုမျိုး လုပ်ခြင်းအားဖြင့် ပြဿနာပြေလည်သွားမယ်၊ တပ်မတော်ကလည်း ကျေအေးတယ်ဆိုလို့ရှိရင်တော့ ပြီးသွားတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဒါပေမယ့် ဘာပဲ ပြောပြော၊ ဒါဟာ အစွန်းအထင်း တခုအနေနဲ့တော့ ကျန်ခဲ့တာ အမှန်ပါပဲ။ တပ်မတော်ကနေပြီးတော့ ဒီ သတင်းစာတစောင်ကို အခုလိုမျိုးကိစ္စနဲ့ တရားစွဲတယ် ဆိုတဲ့ သဘောဟာ မသင့်တော်တဲ့ အနေအထားမှာ ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒါမျိုးဟာ နိုင်ငံတကာမှာ လွတ်လပ်တဲ့၊ ဒီမိုကရေစီ စံနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာ မြင်ရလေ့ရှိတဲ့ သဘာဝမျိုး မဟုတ်ပါဘူး။ တကယ်တန်းက ဒီဖြစ်ရပ်ဟာ ဦးသိန်းစိန်နဲ့၊ ဦးရွှေမန်းဆိုတဲ့ အရင်တုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်တွေ၊ ဦးသိန်းစိန်ကတော့ အခုချိန်ထိ ခေါင်းဆောင်နေတုန်းပေါ့၊ သူတို့ တပ်တွင်း ခေါင်းဆောင်တွေရဲ့ အကွဲအပြဲ၊ မညီညွတ်မှုကို အကြောင်းပြုပြီးတော့ ဒီ 7 Day သတင်းစာကနေ ကြားကနေ ၀င်ပြီးတော့ တန်ဆာခံလိုက်ရတဲ့ သဘောမှာရှိတယ်လို့ ကျနော်မြင်ပါတယ်။”

မေး။ အဲဒီတော့ နောက်ပိုင်း မြန်မာနိုင်ငံမှာ၊ ဒီလိုသတင်းမီဒီယာတွေက စစ်တပ်နဲ့ပတ်သက်လာရင် သူတို့ဘက်က ကြောက်သွားမလား၊ စစ်တပ်က ဒီလို ဖိအားပေးထားတဲ့အတွက် နောက်ပိုင်း ဂယက်ရိုက်မှုပေါ့နော်၊ ဒီဖြစ်ရပ်ရဲ့ ဂယက်ရိုက်မှုရော ဘယ်လိုသုံးသပ်လဲရှင့်။

“အမှန်တကယ် ပြောရမယ်ဆိုလို့ရှိရင်တော့ စစ်တပ်အနေနဲ့ ဒီ သတင်းစာတစောင် ကို အခုလိုမျိုး တရားစွဲလိုက်တယ် ဆိုတဲ့ကိစ္စဟာ သူတို့လက်ထဲ မှာ အာဏာတွေ အတိုင်းအတာ တစုံတခုအထိ ရှိနေတုန်းပဲ၊ သူတို့ မထင်ရင် မထင်သလို အနှောက်အယှက် ပေးလို့ရတယ်၊ တရားဥပဒေဆိုတာကို လည်းပဲ သူတို့က သိပ်ဂရုစိုက်လှတာမဟုတ်ဘူး ဆိုတဲ့သဘောမျိုးနဲ့ ပြလိုက်တဲ့ သဘော။ တနည်းပြောမယ်ဆိုရင်တော့ အစွယ်ထုတ်ပြတဲ့သဘောတော့ ရှိပါတယ်။ အဲ… သို့သော်လည်းပဲ၊ အခုချိန်ကတော့ ဟိုအရင်ခေတ်ကနဲ့ မတူတော့ဘူးပေါ့နော်။ အနဲနဲ့ အများတော့ နိုင်ငံရေးသ မားတွေကလည်းပဲ စစ်တပ်ကိုကြောက်ရတဲ့ကိစ္စက အနဲနဲ့အများ လျော့ပါးလာတယ်။ အလားတူပဲ သတင်းစာတွေကလည်းပဲ ဒီစစ်တပ်ကို ကြောက်ရတယ်ဆိုတဲ့ကိစ္စဟာ အနဲနဲ့အများ လျော့ပါးလာတယ်။ အဲဒီလို အနေအထားမျိုးမှာ၊ အခုလိုမျိုးသွားပြီးတော့ ဖိအားပေးတာဟာ မတော် ဖိအားပေးမှုမျိုးတွေ၊ မတော်အင်အားသုံးမှုမျိုးတွေ ရှိတာဟာ၊ ဒီအနေအထား မျိုးမှာတော့ ကျနော်ထင်တယ် အခုလိုမျိုး ၃-၄ ခါ နောက်ထပ် အရေးယူပြလိုက်တယ် ဆိုလို့ရှိရင်တော့ သတင်းစာတွေကလည်းပဲ ကိုယ့်သတင်းကို ကိုယ်ပြန်ပြီးတော့ ဆင်ဆာဖြတ်ရမယ့် အနေအထားမျိုး ပြန်ပြီးတော့ ရောက် လာနိုင်ပါတယ်။ ပြောရ မယ်ဆိုလို့ရှိရင်တော့ အနဲဆုံး ဦးသိန်းစိန်လက်ထက်တုန်းကလောက် အဲသလောက် အနေအထားကို ပြန်ပြီးတော့ ရောက်သွားနိုင်ပါတယ်။ အဲဒါကတော့ စိုးရိမ် စရာကောင်းပါတယ်။ ပြောမယ်ဆိုလို့ရှိရင်တော့ တရားဥပဒေနဲ့ ပတ်သက်လို့ရော၊ မီဒီယာနဲ့ ပတ်သက်လို့ရော နောက်တလှမ်းကို ပြန်ဆုတ်သွားတဲ့ အနေအထားမှာ ရှိပါတယ်။”

ပြင်သစ်အခြေစိုက် RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က အာရှရေးရာတာဝန်ခံ Benjamin Ismail ကလည်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က မြင့်တက်ခဲ့ပေမဲ့ ၂၀၁၅ခုနှစ် စစ်တမ်းကောက်ယူချက်အရ ဒီအခြေအနေကနေ ကျဆင်းသွားတယ်လို့ အခုလို ထောက်ပြခဲ့ပါတယ်။

“ကံမကောင်းစွာပဲ ၂၀၁၅ခုနှစ် နိုင်ငံတကာ သတင်းမီဒီယာ လွတ်လပ်ခွင့် စစ်တမ်း ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့အဆင့်ဟာ လွန်ခဲ့တဲ့နှစ်နှစ်ကထက်စာရင် ပိုပြီး ဆိုးရွား နေကြောင်း ဖေါ်ပြထားတာပါ။ ဒီရလာဒ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးမှာ အကန့်အသတ်တွေရှိခဲ့ တယ်ဆိုတာအပါအ၀င် ဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲရေးနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေ အတွက် ထိန်းချုပ်၊ ကန့်သတ်မှုတွေရှိနေတယ်ဆိုတာ ပြသခဲ့ပါတယ်။”

ဒါပေမဲ့လည်း လက်ရှိ NLD အစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာ လွတ်လပ် ခွင့်တွေရှိလာဖို့ မျှော်လင့်ချက်တွေရှိနေကြောင်း Benjamin Ismail ကတော့ ဆိုပါတယ်။

မနေ့ကထုတ်ဝေတဲ့ ဆဲဗင်းဒေးသတင်းစာမှာတော့ “ပြည်သူများသို့ အသိပေး တင်ပြခြင်း” ခေါင်းစဉ်နဲ့ သူရဦးရွှေမန်းနဲ့ပတ်သက်လို့ ဖေါ်ပြခဲ့တဲ့သတင်းဟာ နားလည်မှုလွှဲမှားတာသာဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်မှမပါဝင်ကြောင်း ရှင်းလင်းတင်ပြထားပါတယ်။

သူရဦးရွှေမန်းရဲ့ Facebook မှာ ဧပြီလ (၂၃)ရက်နေ့ကရေးသားထားရာမှာ သူတက်ခဲ့တဲ့ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၁) ကျောင်းဆင်းပွဲ (၄၇)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ညီနောင်တွေ အနေနဲ့ နိုင်ငံနဲ့ ပြည်သူတွေ အကျိုးကို မေတ္တာ၊ သစ္စာဖြင့် အုပ်ချုပ်မယ့်သူတွေကို မုဒိတာနဲ့ ပါဝင်ကူညီဆောင် ရွက်ဖို့ တိုက်တွန်းထားပါတယ်။ ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရတက်လာ ပြီဖြစ်တဲ့အတွက် ညီနောင်တွေအနေနဲ့ မုဒိတာတရားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ လည်း ရေးသားထားပါတယ်။

XS
SM
MD
LG