အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးကို နေပြည်တော်က သမ္မတအိမ်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကို သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ကိစ္စ အပါအဝင် ရှမ်းနဲ့ ကချင်ပြည်နယ်တွေ အတွင်း တိုက်ပွဲအခြေအနေတွေကို အစိုးရ နဲ့ တပ်မတော်ကြား ကြေကြေလည်လည် ဆွေးနွေးခဲ့တယ်လို့ သမ္မတ ရုံးပြောခွင့်ရက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ခဲ့တဲ့ကိစ္စဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တဲ့ အတွက် မြန်မာအစိုးရအနေနဲ့ ဒါကို သည်းခံမှာမဟုတ်ပဲ၊ ဒါကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြောပါတယ်။ ဒီအခြေအနေအပြည့်အစုံနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုရန်နိုင် ။ ။ သမ္မတအိမ်တော်မှာ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ် အထူးအစည်းအဝေး ကျင်းပတယ်လို့သိရပါတယ်။ အဲ့ဒီ့အခြေအနေ ရှင်းပြပေးပါ။
ဦးဇော်ဌေး ။ ။ အဓိက အားဖြင့်တော့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေပေါ့ အဲ့တာတွေ ပါတယ်။ နောက်တခုကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဟာ၊ နောက်တချက်ကတော့ NCA လက်မှတ်ရေးထိုးထားတဲ့ SSA ပေါ့နော်။ အဲ့ဒီ့အဖွဲ့နဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ့။ နောက်တချက်ကတော့ ဝအထူးဒေသ(၁) နဲ့ အထူးဒေသ(၄) မိုင်းလားပေါ့ အဲ့ဒီ့မှာ ဖြစ်နေတဲ့ အခြေအနေတွေ။ နောက်ဆုံး တချက်ကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပေါ့နော်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ပွဲ စွမ်းရည်မြှင့်တင်ဖို့ လိုအပ်တဲ့အခြေအနေတွေပေါ့။ ဒါတွေကို ကျနော်တို့ ဆွေးနွေးတာဖြစ်ပါတယ်။
ကိုရန်နိုင် ။ ။ အဲ့ဒီ့တော့ ဒီဥစ္စာက အထူးအစည်းအဝေးနော်။
ဦးဇော်ဌေး။ ။ အထူးအစည်းအဝေးဗျ။ အထူးအစည်းအဝေးဆိုတာ ဒီကိစ္စတွေကိုပဲ သီးသန့်ဆွေးနွေးတဲ့အထူးအစည်းအဝေး အဲ့လိုပြောတာခင်ဗျ။ အဓိက ကတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးပေါ့။ အဲ့လိုပြောလို့ရပါတယ်။
ကိုရန်နိုင် ။ ။ တဆက်တည်းပါပဲ ဒီနေ့ သမ္မတရုံးက ကြေညာချက် ထုတ်ထားတာ တွေ့ရပါတယ်။ ရခိုင်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကိစ္စက RSO အဖွဲ့နဲ့ ဆက်စပ်နေတယ်ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။ အဲ့ဒီ့အခြေအနေကိုလည်း ရှင်းပြပေးပါ။
ဦးဇော်ဌေး။ ။ ကျနော်တို့ အခု ပဏာမ စစ်ဆေးဖော်ထုတ်ချက်အရ ရရှိတဲ့အပေါ် မူတည်ပြီးတော့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း စုံစမ်းစစ်ဆေးဖော်ထုတ်နေပါတယ်။ ကျန်တဲ့ပြည်ပနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ ဒီနေ့ထုတ်ပြန်ချက်ကတော့ လက်ရှိအနေအထားမှာ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိချက်တွေအပေါ်မှာ မူတည်ပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။ အဲ့ဒီ့တော့ RSO နဲ့ ဆက်နွယ် ပတ်သက်မှုရှိတယ်။ ပြည်ပမှာ ရောက်နေတဲ့ အစွမ်းရောက်တွေနဲ့ သူတို့တွေနဲ့လည်း ဆက်နွယ်ပတ်သက်မှုတွေရှိတယ်။ အဲ့ဒီ့အပေါ်မှာ ဒါက သေချာစီစဉ်ပြီးတော့ ကြိုတင်ပြင်ဆင်ပြီးတော့ အကြမ်းဖက်တိုက်ခိုက်တဲ့ သဘောဖြစ်တယ် ဆိုတာ ဖော်ထုတ်ရရှိတယ်။ ရရှိတဲ့အပေါ်မှာ ကျနော်တို့ ထုတ်ပြန်တာဖြစ်ပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့လည်း သတင်းထုတ်ပြန်ချက်ရဲ့ နောက်ဆုံးနားမှာ ကျနော်တို့ ဖော်ပြထားပြီးဖြစ်ပါတယ်။
ကိုရန်နိုင် ။ ။ ဆိုတော့ ပြည်ပနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်ဆိုတော့ ဘယ်ပြည်ပနိုင်ငံတွေက ဘယ်နိုင်ငံတွေပါလဲ။
ဦးဇော်ဌေး။ ။ ပြည်ပနိုင်ငံတွေဆိုတာ ဒီထဲမှာ ပါတာက အဓိက ငွေကြေးထောက်ပံ့မှုက ပြည်ပက လာတယ်။ ပြည်ပ ဆိုတာက ပြည်ပမှာ ရောက်နေတဲ့ နိုင်ငံတွေမှာ ရှိတဲ့ အစွမ်းရောက် အချိတ်အဆက်တွေ ဒီအချိတ်အဆက်တွေက ငွေကြေးကို ပံ့ပိုးတာတွေ့ရတယ်။ ငွေကြေးပံ့ပိုးတဲ့အခါမှာလည်း အဖွဲ့အစည်းအလိုက်မဟုတ်ပဲ တဦးချင်း Under Ground ပုံစံမျိုး ပေးပို့နေတာ ဒီအကြမ်းဖက် တိုက်ခိုက်မှုအတွက် ထောက်ပံ့ခဲ့တယ်။ ဆက်ပြိးတော့လည်း ထောက်ပံ့နေတယ် ဆိုတဲ့အနေအထားတွေ ကျနော်တို့က တွေ့ရတယ်ပေါ့။
ကိုရန်နိုင် ။ ။ ဟုတ်ကဲ့ အဲ့တာတွေနဲ့ပတ်သက်ပြီးတော့ ဆက်ပြီးတော့ ဘယ်လိုလုပ်ဆောင်သွားဖို့ရှိပါသလဲ။
ဦးဇော်ဌေး။ ။ ဒါတွေကတော့ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မယ်။ အသေးစိတ်ကတော့ ကျနော်တို့ ပြောလို့မရဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်တိုက်ခိုက်ရေးဖြစ်တယ်။ ကြေညာချက်မှာလည်း ဒါကို သေချာဖော်ပြ ထားတယ်။ ဘာကိုဖော်ပြထားလဲဆိုတော့ ဒီကိစ္စက ဘာသာရေး၊ လူမျိုးရေး ကိစ္စမဟုတ်ဘူး။ ခုနကပြောတဲ့ ကြိုတင် စီစဉ်ပြီးတော့ ပြင်ဆင်ပြီးတော့ ဆောင်ရွက် တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်ဆိုတာ ကျနော်တို့က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကိုရန်နိုင် ။ ။ ဒေသလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ မြန်မာအစိုးရဘက်က ဘာတွေ ဆက်ပြီးတော့ လုပ်သွားဖို့ စီစဉ်ထားပါလဲ။
ဦးဇော်ဌေး။ ။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးပေါ့လေ။ အဲ့တာကို တာဝန်ယူတယ်။ တပ်မတော်က အကြမ်းဖက်တွေ ခိုအောင်းနေတဲ့နေရာတွေကို နယ်မြေရှင်းလင်း ရှာဖွေပြီးတော့ နှိမ်နှင်းတဲ့ တာဝန်ယူပါတယ်။ အဲ့တော့ အခုလုပ်နေတဲ့ လုပ်ငန်းစဉ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တပ်မတော်နဲ့ပေါင်းပြီးတော့ မောင်တောဒေသပေါ့။ ဒီဒေသကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကိုရန်နိုင် ။ ။ ဒီနေ့လုပ်တဲ့ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေး ကနေပြီးတော့ရော ဆုံးဖြတ်ချက်တစုံတရာ ချမှတ်တာမျိုးရော ရှိပါလား။
ဦးဇော်ဌေး။ ။ အဲ့တာကတော့ လုံခြုံရေးကိစ္စဖြစ်တဲ့အတွက် ပြောလို့မရပါဘူး။ ဆုံးဖြတ်ချက်တွေတော့ ထွက်လာတယ်။ လက်ရှိဖြစ်နေတဲ့အခြေအနေ ဒီအပေါ်မှာ အစိုးရနဲ့တပ်မတော်နဲ့ ဒါကို ကြေကြေလည်လည်ဖြစ်အောင် ပြန်ပြီး ဆွေးနွေးတယ် အဲ့ဒီ့အပေါ်မှာ ဘယ်လိုလုပ်မယ် ဘယ်လိုလုပ်မယ်ဆိုပြီးတော့ ထွက်လာတယ်ပေါ့။
ကိုရန်နိုင် ။ ။ တခြားရော ဘာများထူးထူးခြားခြား ရှိပါသေးလဲခင်ဗျ။
ဦးဇော်ဌေး။ ။ တခြားထူးထူးခြားခြားကတော့ ကျနော်တို့ ပြောချင်တာ ကတော့ ပြည်သူလူထုပေါ့နော်။ အထူးသဖြင့် နံပတ်တစ်က ကျနော်တို့ကြေညာချက်မှာလည်း ဖော်ပြထားတယ်။ အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်။ ဘာသာရေးကိစ္စမဟုတ်ဘူး။ လူမျိုးရေးကိစ္စမဟုတ်ဘူး ဒါကို နားလည်ဖို့လိုတယ်။ အကြမ်းဖက်တိုက်ခိုက်တာကို အစိုးရအနေနဲ့ ဒါကို လုံးဝ လက်မခံဘူး။ ဒါကိုတော့ ကျနော်တို့ ထိထိရောက်ရောက်ချေမှုန်းမယ်။ တုန့်ပြန်မယ်။ အဲ့သလို ချေမှုန်းတုန့်ပြန်တဲ့နေရာမှာ နံပတ်၂အချက်အနေနဲ့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အကြမ်းဖက် တိုက်ဖျက်မှု ဆိုင်ရာ ဥပဒေ နောက် ကာကွယ်ရေး နဲ့ လုံခြုံရေးနဲ့ဆိုင်တဲ့ အခြားတည်ဆဲဥပဒေတွေနဲ့ ဥပဒေနဲ့အညီ ကျနော်တို့ကတော့ ဆောင်ရွက်မယ်။ ထိထိရောက်ရောက်ဆောင်ရွက်မယ်။ နံပတ် ၃ အချက်ကတော့ ဒီကိစ္စသည် ဘာသာရေးကိစ္စမဟုတ် လူမျိုးရေး ကိစ္စမဟုတ် အကြမ်းဖက်တိုက်ခိုက်မှု သပ်သပ်ဖြစ်တဲ့ဟာကို အခွင့်ကောင်းယူပြီး ကျန်တဲ့ဒေသတွေမှာ ပြည်တွင်းမှာ ပဋိပက္ခတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်တာတွေ ကျနော်တို့ လုံးဝ ခွင့်မလွှတ်ဘူး။ သီးမခံဘူး။ အဲ့တာတွေကို လုပ်လာခဲ့ရင် ကျနေ်ာတို့ ပြင်းပြင်းထန်ထန် အရေးယူမယ်။
မြန်မာသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။