သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်၆၀ ပြည်တွင်းစစ်အပေါ် ခေါင်းဆောင်တွေရဲ့ အမြင်


ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူပြည်သူများ။
ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူပြည်သူများ။

ပြည်တွင်းစစ် ရပ်စဲဖို့အတွက် အဓိကအခက်အခဲဟာ စစ်မရပ်စဲချင်တဲ့ စိတ်ဓာတ်ပဲလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်တဲ့ အပေါ်မှာ တိုင်းရင်းသားတွေကြား အမြင်အမျိုးမျိုး ရှိနေပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်ပွဲတွေ အခုထိ မရပ်ဆဲတာဟာ ဘယ်သူ့အပေါ်မှာ အဓိက မူတည်သလဲ ဆိုပြီး မေးခွန်ထုတ်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ရောက်မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၆)
ဒေါ်အောင်ဆန်းစုကြည် ဂျပန်ရောက်မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၆)

ဂျပန်နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုကျိုမြို့မှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံစဉ်အတွင်း ပြည်တွင်းစစ် ရပ်စဲဖို့အတွက် အဓိက အခက်အခဲဟာ စစ် မရပ်စဲချင်တဲ့ စိတ်ဓာတ်တွေကြောင့် ဖြစ် တယ်လို့ ပြောဆိုလိုက်ပါတယ်။

" ပြည်တွင်းစစ်မရပ်စဲတာ အဓိက အခက်အခဲက ဘာလဲဆိုတော့ မရပ်စဲချင်တဲ့ စိတ်ဓာတ်ပဲ။ ရပ်စဲချင်ရင် ရပ်စဲလို့ ရတာပဲ။ ဒါပေမဲ့လည်း ဒုတိယက မရပ်စဲချင်တဲ့ အကြောင်းတွေကို ကျမတို့က ရှာရတယ်။ ဘာဖြစ်လို့ မရပ်စဲချင်တာလဲ ဒီစစ်ကို ရပ်စဲခြင်းအားဖြင့် ဘယ်လိုအကျိုးယုတ်မယ်ထင်လို့ မရပ်စဲချင်တာလဲလို့ ကျမတို့က မေးရမယ်။ ကိုယ့်အတွက် အကျိုးယုတ်မယ့်ကိစ္စကို လုပ်ချင်ကြမှာ မဟုတ်ဘူး။ တခုပဲ အကျိုးယုတ်သလား။ အကျိုးရှိသလားဆိုတာ မှန်မှန်ကန်ကန် မသုံးသပ်နိုင်လို့လဲ ဖြစ်တယ်။ နောက်တခုကလည်း အကြောင်းကြောင်းကြောင့်မို့ အကျိုး ယုတ်စရာ ကိစ္စလေးတွေ ပါလို့လဲ ဖြစ်နိုင်ပါတယ်။"

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့အခုလို ပြောဆိုမှု အပေါ်မှာ ပအို့အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် နာယက ဗိုလ်မှူး ကြီး ခွန်ဥက္ကာကတော့ အခုလို တုန့်ပြန်ပါတယ်။

" တကယ့်ကို လက်တွေ့ပေါ့လေ ရာနှုန်းပြည့် မရပ်စဲချင်တာတော့ မဟုတ်ဘူးဗျ။ ရပ်စဲချင်တဲ့စိတ်ဓာတ်တော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်အချိန် ဘယ်အခါဆိုတဲ့ time frame အချိန်ပြသနာ နည်းနည်းရှိနိုင်တယ်။ နောက်ပြီးတော့ မရပ်စဲချင်တဲ့ ပုဂ္ဂိုလ်တွေက မိမိအဖွဲ့နဲ့ မိမိပေါ့လေ အတွင်းမှာ ပြင်ဆင်မှုတွေ သို့တည်းမဟုတ် အကြေအလည်လုပ်ဖို့ လိုတာလည်း ဖြစ်နိုင်တယ်။ မရပ်စဲချင်တဲ့စိတ်ဓာတ်ကတော့ ရှိမယ့်ပုံမပေါ်ဘူး။ သို့သော် အခြေအနေတခုကို ဖန်တီးချင်တဲ့ သဘောတော့ ရှိတာပေါ့ဗျာ။ ရပ်မယ်ဆိုရင် ဘာရမှ ညာရမှဆိုတဲ့ အဲ့ဒီ့ဟာမျိုးတော့ ရှိနိုင်ပါတယ်။"

ဒါ့အပြင် အစိုးရသစ်လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြီးမှုးကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ပေမယ့်လို့ တိုက်ပွဲတွေ ရှိနေဆဲ ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။ တစ်နိုင်ငံလုံး အပစ်အခက် ရပ်စဲရေး သဘောတူ စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့တွေကိုလည်း ထိုးစစ်ဆင်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

တအောင်းပလောင် TNLA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မိုင်အိုက်ကျော်ကတော့ ထိုးစစ်တွေ ရှိနေသရွေ့ တိုက်ပွဲတွေ ရှိနေဦးမယ်လို့ ပြောပါတယ်။

"ထိုးစစ်မရှိပဲနဲ့ ကျနော်တို့ ဒေသမှာ တိုက်ပွဲမရှိဘူး။ ထိုးစစ်ရှိလို့သာ တိုက်ပွဲဖြစ်တယ် အကျိုးတခုကို ကာကွယ်ဖို့ဆိုပြီး ကျနော်တို့ဆီမှာ အကျိုးစီးပွား လုပ်တာလည်း မရှိဘူး။ ကျနော်တို့ဆီမှာ တခြားတိုင်းရင်းသားတွေ တွင်းထွက်ပစ္စည်း လည်း မရှိဘူး။ အဲ့တာကြောင့်မို့လို့ အကျိုးစီးပွားဆိုတာ ကျနော်တို့ ဒေသမှာ မရှိဘူး။ ထိုးစစ်ရှိနေတဲ့အတွက်ကြောင့်သာ တိုက်ပွဲကဖြစ်နေတာ။ ထိုးစစ်ကတော့ ကျနော်တို့ကလည်း ပြန်ပြီး ခုခံမတိုက်ခိုက်လို့လဲ မရဘူး။"

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် အကျိုးယုတ်နိုင်မယ် ဆိုတဲ့ စိတ်ဓာတ်တွေ ပပျောက်အောင်လို့ လုပ်နိုင်ဖို့ရာ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အရေးကြီးဆုံးနဲ့ အခက်အခဲဆုံး ဆောင်ရွက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ တပ်မတော်ဘက်ကနေ ထိုးစစ်ဆင်မှုတွေ ရှိတာကြောင့် စစ်ပွဲတွေ မရပ်နားတာ ဖြစ်တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးလည်းဖြစ် NCCT အဖွဲ့ခေါင်းဆောင်လည်း ဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။

" စစ်ပွဲကို မရပ်နားချင်တဲ့ စိတ်ဓာတ်က ဘယ်သူ့အပေါ်မှာ အဓိက တည်သလဲ ဆိုတာကို နည်းနည်းပြန်ဆန်းစစ်ဖို့တော့ လိုပါတယ်။ ထိုးစစ်တွေကို ဟိုနေရာလုပ်လိုက် ဒီနေရာလုပ်လိုက် လုပ်နေတာက တပ်မတော်ကဖြစ်တယ်လို့ ကျနော်တို့ မြင်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့က နိုင်ငံရေးပြသနာ ကို နိုင်ငံရေးနည်းနဲ့ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ဆိုတဲ့နေရာမှာ ဟို တဘက်က အပစ်အခတ်ရပ်စဲရေး လုပ်ရမယ်။ နောက်တခုက နိုင်ငံရေး ဆွေးနွေးဖို့ အကြိမ်ကြိမ်အခါခါပါပဲ ဆွေးနွေးခဲ့တယ်လေ။ အစိုးရဘက်က ကမ်းလှမ်းမှ ကျနော်တို့က လိုက်လုပ်လို့ရတဲ့အနေအထားမျိုးပါ ဒီအပစ်အခတ်ရပ်စဲရေး လုပ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးဖို့က တဘက်က ဘယ်လောက်သေချာသလဲ ဘယ်လောက် တရားမျှတမှုရှိလဲဆိုတဲ့အပေါ်မှာတော့ အများကြီး ချင့်ချိန်ရတာပေါ့ဗျာ။"

အောက်တိုဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးမှာတော့ NCA မှာ လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေနဲ့ လက်မှတ်ထိုးနိုင်ဖို့ အမြန်ကြိုးစားရ မှာ ဖြစ်ပြီး ငြိမ်းချမ်းရေး အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ ပဋိပက္ခရပ်စဲရေး ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG