သုံးရလွယ်ကူစေသည့် Link များ

ကန်သမ္မတရွေးပွဲ ရုရှားစွက်ဖက်မှု စုံစမ်းစစ်ဆေးရေး၊ ရှေ့နေချုပ် ပတ်သက်မည်မဟုတ်


သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ရှေ့နေချုပ် Jeff Sessions (မတ် ၂၊ ၂၀၁၇)

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ၀င်နှောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဖက်ဒရယ်အစိုးရရဲ့ ဘယ်လို စုံစမ်းစစ်ဆေးမှုမျိုးမှာမဆို ပါဝင်လုပ်ဆောင်တာမျိုး မလုပ်တော့ဘူးလို့ ရှေ့နေချုပ် Jeff Sessions က ပြောလိုက်ပါ တယ်။ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲတခုအတွင်း Sessions က အဲဒီလိုပြောသွားတာပါ။

သူဟာ အထက်လွှတ်တော်အမတ် တဦးအနေနဲ့ရော ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့မှာ ပါဝင်သူတဦးအနေနဲ့ပါ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ် ကြီး Sergei Kislyak နဲ့ ရွေးကောက်ပွဲမတိုင်ခင် နှစ်ကြိမ်တွေ့ဆုံခဲ့ပေမဲ့ အဲဒီအချက်ကို သူ့ကိုခန့်ထားရေး ကြားနာစစ်ဆေးပွဲ အတွင်း ချန်ထားခဲ့တယ်လို့ Washington Post သတင်းစာက ဖော်ပြပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောတာပါ။

လှည့်စားဖို့ ရည်ရွယ်ချက်နဲ့ ဘယ်သူ့ကိုမပြောခဲ့သလို အဲဒီအချိန်ကမေးခွန်းကို သူနားလည်တဲ့အတိုင်း ရိုးသား မှန်ကန်စွာ ဖြေဆို ခဲ့တယ်လို့ Sessions က သတင်းထောက်တွေကို ပြောပါတယ်။ ရုရှားသံအမတ်ကြီး Kislyak နဲ့ ဇူလိုင်လက ရီပတ်ဘလီကန် နိုင်ငံလုံးဆိုင်ရာညီလာခံမှာ ပထမတကြိမ်၊ စက်တင်ဘာလက သူ့ရဲ့ လွှတ်တော်ရုံးခန်းမှာတကြိမ် တွေ့ဆုံခဲ့တာတွေဟာ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အထက်လွှတ်တော်ကော်မတီဝင်တဦးရဲ့ တာဝန်တစိတ်တပိုင်းအရ တွေ့ဆုံခဲ့တာဖြစ်ပြီး တခြား သံအမတ်အများအပြားလဲ တွေ့ချင်ကြတာပါပဲလို့ Sessions ကပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကနေ Sessions အနေနဲ့ ကိုယ့်ကိုယ်ကိုဖယ်ထုတ်သင့်တယ်လို့ သူ့အနေနဲ့ မထင်တဲ့အကြောင်း သမ္မတထရမ့်ပ်က အစောပိုင်းမှာပြောပါတယ်။ သူဟာ ရိုးသားသူတဦးဖြစ်ပြီး ကြားနာပွဲမှာ ပိုပြီးတိတိကျကျ တုန့်ပြန်နိုင်ခဲ့သင့်တယ်လို့လဲ သမ္မတထရမ့်ပ်က ပြောပါတယ်။

XS
SM
MD
LG