သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ လူထုပညာပေးမှု အားနည်း


မဲစာရင်းကြည့်ရှု့နေသူများ။
မဲစာရင်းကြည့်ရှု့နေသူများ။

ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ လေ့လာဆန်းစစ်ချက်တွေအရ ဧပြီ ၁ ရက်၊ စနေနေ့မှာ ကျင်းပမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပေါ် လူထုရဲ့ စိတ်ဝင်စားမှုနဲ့ ပါဝင် မဲပေးလိုစိတ် နည်းပါးတာတွေ့ရတာမို့ ဆန္ဒမဲပေးသူဦးရေ နည်းမှာကို စိုးရိမ်တယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ရေးအဖွဲ့ တွေက ပြောလိုက်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရေးပါတဲ့ ရွေးကောက်ပွဲတွေအပေါ် လူထု စိတ်ဝင်စားမှုနည်းတာဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေမှာ တာဝန်ရှိတယ်လို့ ဝေဖန်ထောက်ပြနေကြတာပါ။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ရွေးကောက်ပွဲအကြို လေ့လာဆန်းစစ်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့နှိုင်းယှဉ်ရင် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ မဲပေးလိုစိတ် နည်းတာတွေ့ရတာမို့ ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲပေးသူဦးရေ နည်းမှာ စိုးရိမ်တယ်လို့ ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ PACE အဖွဲ့ က စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

" ပြည်သူလူထုက ကြားဖြတ်ရွေးကောက်ပွဲအပေါ်မှာ သိရှိမှုနဲ့ ပါဝင်လိုစိတ်က ၂၀၁၅ နဲ့ယှဉ်မယ်ဆိုရင် အရမ်းနည်းတယ်။ ၂၀၁၅မှာလည်း ကျနော်တို့ စစ်တမ်းတွေ အများကြီးကောက်ခဲ့တယ်။ ၂၀၁၅ မေမှာ စစ်တမ်းတွေကောက်တယ်။ ပြီးတော့ ၂၀၁၆ ပြီးတဲ့အခါမှာ စစ်တမ်းတွေ ကောက်တဲ့အခါမှာလည်း ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူလူထုရဲ့စိတ်ဝင်စားမှုက အခုထက်စာရင် ပိုများတာ ကျနော်တို့တွေ့ရတယ်။ ဥပမာ ဆိုကြပါစို့ ကြားဖြတ်ရွေးကောက်ပွဲရှိတာကို သိလားလို့ဆိုရင် ၆၂ ရာခိုင်နှုန်းက သိတယ် ကျန်တဲ့သူတွေက မသိဘူး။ ကျေးလက်တွေမှာဆို တဝက်က မသိဘူး။ ဒါဆိုရင် ကျနော်တို့က နည်းတယ်လို့ပြောလို့ရတယ်။ နောက်တခါ မဲထည့်မလား ပြောတော့ ကံသေကံမ မဲထည့်မယ် ပြောတာက ၅၇ ရာခိုင်နှုန်းကပဲပြောတယ်။ ကျန်တဲ့ရာခိုင်နှုန်းက သိပ်မသေချာဘူး မသေချာသေးဘူးပေါ့လေ ဆိုတဲ့ဟာမျိုးပြောတယ်။ ဆိုတော့ ကျနော်တို့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့နေရာမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းဇယားအရဆို မဲဆန္ဒရှင်က နှစ်သန်းနဲ့ တစ်သိန်းလောက်ရှိတယ်။ ဆိုတော့ နှစ်သန်းနဲ့တစ်သိန်းလောက်မှာ တဝက်လောက်ကပဲ လာချင်တယ်ဆိုတဲ့သဘောမျိုးဖြစ်နေတာပေါ့။ ဒါဟာ ကျနော်တို့ အတွက် ရွေးကောက်ပွဲအတွက် ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် နိုင်ငံသားတွေဟာ ရွေးကောက်ပွဲမှာ ပါဝင်လိုစိတ် နည်းနေတယ်ဆိုတာဟာ မကောင်းဘူး ဆိုတဲ့အချက်ပါပဲ။ အဲ့တာကြောင့် ကျနော်တို့ စိတ်ပူတယ်လို့ ကျနော်တို့ပြောတာ။"

ဒီမိုကရေစီစနစ်အတွက် အရေးပါတဲ့ ရွေးကောက်ပွဲတွေအပေါ် လူထုစိတ်ဝင်စားမှု နည်းရခြင်းအတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေမှာ တာဝန်ရှိတယ်လို့ သူက ဆိုပါတယ်။

"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲကို စီစဉ်ပြီးတော့ ဦးဆောင်ပြီးတော့ ကျင်းပရမယ် ဒါဟာ ဥပဒေထဲမှာအရ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ဝတ္တရားထဲမှာ ရွေးကောက်ပွဲတွေကို ကြီးကြပ်ကျင်းပရမယ်။ နောက်ပြီးတော့မှ နိုင်ငံရေးပါတီတွေကို ကြီးကြပ်ရမယ်။ နောက် ရွေးကောက်ပွဲ အငြင်းအခုန်တွေကို ဖြေရှင်းရမယ်။ ရွေးကောက်ပွဲကျင်းပရမယ့်ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲ ကျင်းပရုံတင် မဟုတ်ဘူး။ ပြည်သူလူထုရဲ့မဲဆန္ဒရှင်ပညာပေး နိုးဆော်တဲ့လုပ်ငန်းတွေ ကျနော်တို့ လုပ်ရမယ်။ ဒါကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့တစိတ်တပိုင်း ပါတယ်လို့ယူဆတယ်။ နောက်တချက်က ကျနော်တို့ နိုင်ငံရေးပါတီတွေက လှုပ်ရှားမှု နည်းလာတယ်။အရေးကြီးတဲ့အစိတ်အပိုင်းပဲ။"

PACE အဖွဲ့ အနေနဲ့တော့ ကြားဖြတ် ရွေးကောက်ပွဲနေ့မှာ မြို့နယ် ၂၂ မြို့နယ်ကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ ၆၀၀ နီးပါး စေလွှတ်ပြီး စောင့်ကြည့်မှာဖြစ်ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလမှာ အကြမ်းဖက်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ ပုတ်ခတ်ပြောဆိုမှုတွေ၊ လှုံ့ဆော်မှုတွေတော့ မတွေ့ရဘူးလို့ PACE အဖွဲ့ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ လေ့လာစောင့်ကြည့်ခြင်း ကနဦး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ မဲစာရင်း လေ့လာပြုစုတာတွေကို တအိမ်တက်ဆင်း လေ့လာတဲ့အခါ လူဦးရေ ၆၀% ကျော်ကိုပဲ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်း မှန်၊ မမှန် ပြန်လည်ဆန်းစစ်ပြီး အဲ့ဒီထဲက ၉၀%ဟာ မဲစာရင်းပြင်ဆင်မှု မလုပ်ခဲ့ရဘူးလို့ ပြောကြတယ်ဆိုပြီး PACE အဖွဲ့ကပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်နယ်တွေမှာ စိတ်ပါဝင်စားမှု ပိုနည်းတာတွေ့ ရပြီး ဒါနဲ့ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်တင်မကဘဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နှိုးဆော်ရမယ့် အာဏာပိုင်တွေမှာလည်း တာဝန်ရှိတယ်လို့ Peace and Justice Myanmar အဖွဲ့က မရွှေရည်ဝင်းက ဆိုပါတယ်။

"ရွေးကောက်ပွဲဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာသာ တာဝန်ရှိတာ မဟုတ်ပဲ နိုင်ငံတော်အဆင့်မှာရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြောပြပိုင်ခွင့်ရှိတဲ့ ပြည်သူတွေကို ရွေးကောက်ပွဲနဲ့ဆိုင်ပြီး နိုးဆော်ပိုင်ခွင့်ရှိတဲ့သူတွေ အားလုံးမှာလည်း တာဝန်ရှိပါတယ်။ နောက်ပြီးတော့ ကျမတို့လို အရပ်ဖက်အဖွဲ့အစည်းတွေဟာ လုပ်နိုင်စွမ်းရှိလို့ လုပ်နေသော်လည်း ကျမတို့လို အရပ်ဖက်အဖွဲ့အစည်းတွေ ပိုမိုလုပ်ဆောင်နိုင်အောင် နိုင်ငံတော်ပိုင်းဆိုင်ရာကရော တခြားပိုင်းဆိုင်ရာတွေကရော ကျမတို့နဲ့ ပူးပေါင်းကူညီမှု ကျမတို့ကိုလက်တွဲဆောင်ရွက်နိုင်ဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်လို့ပြောချင်ပါတယ်။"

တနိုင်ငံလုံးမှာ လစ်လပ်နေတဲ့လွှတ်တော်မဲဆန္ဒနယ် ၁၉ နေရာအတွက် ပါတီ ၂၄ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် လောင်း စုစုပေါင်း ၉၅ ဦး ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းမှာဆိုရင် ကော့မှူးမဲဆန္ဒနယ်၊ လှိုင်သာယာမဲဆန္ဒနယ်၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ ပန်းပဲတန်း၊ ဆိပ်ကမ်းမြို့နယ်တွေပါဝင်တဲ့ အမျိုးသားလွှတ်တော် အမှတ် ၆ မဲဆန္ဒနယ်၊ ရခိုင်ပြည်နယ်က အမ်းမဲဆန္ဒနယ်၊ ရှမ်း ပြည်နယ်က မိုင်းရှူးနဲ့ ကျေးသီး မဲဆန္ဒနယ်တွေ မှာတော့ အကျိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG