သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြောက်ကိုရီးယား တင်းမာမှုအရှိန်မြင့်


 မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ခေါင်းဆောင်ကြီး Kim Il-sung ရဲ့ ၁၀၅ နှစ်မြောက်မွေးနေ့ အခမ်းအနားအတွက်ပြင်ဆင်နေကြစဉ်။ ( ဧပြီ ၁၃-၂၀၁၇)
မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ခေါင်းဆောင်ကြီး Kim Il-sung ရဲ့ ၁၀၅ နှစ်မြောက်မွေးနေ့ အခမ်းအနားအတွက်ပြင်ဆင်နေကြစဉ်။ ( ဧပြီ ၁၃-၂၀၁၇)

မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုအရှိန်မြင့်လာတဲ့ အတွက် နိုင်ငံတကာက စိုးရိမ်မှုနဲ့စောင့်ကြည့်နေကြပါတယ်။ တရုတ်နဲ့ ရုရှားတို့ကတော့ ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ ၂ ဘက်စလုံးကိုမေတ္တာရပ်ခံထားပါတယ်။ VOA သတင်းထောက်တွေ ပေးပို့တဲ့ သတင်းတွေကိုအခြေခံပြီး ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်။

" အမေရိကန်က ခြိမ်းခြောက်မှုတွေ ရှိနေသရွေ့ ကျနော်တို့ဘက်ကလည်း ခုခံကာကွယ်ရေးကို ရှေ့တိုးဆောင်ရွက်နေမှာဖြစ်ပါတယ်။ စစ်ရေးနဲ့ နျူကလီးယား စွမ်းရည်ကို အရည်အသွေးရော အရေအတွက်ပါ တိုးမြှင့်တည်ဆောက်သွားမှာပါ။ အမေရိကန်ဘက်က အန္တရာယ်အကြီးဆုံးလမ်းကို ရွေးလာမယ်လို့ ယူဆထားပါတယ်။ ဘယ်လိုတုန့်ပြန်မယ် ဆိုတာတော့ ကျနော်တို့ဘက်က အဆင်သင့်ပါပဲ။ ဆိုလိုတာကတော့ သူတို့စစ်ရေးလမ်းစဉ်ကို ရွေးရင် ကျနော်တို့ စစ်တိုက်ရမှာပါပဲ။"

အဲ့တာကတော့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား သွားတာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ သူတို့နိုင်ငံရဲ့ ဗိသုကာ Kim Il-sung အထိမ်းအမှတ်နေ့မှာ မြေအောက် နျှူကလီးယား ဖောက်ခွဲစမ်းသပ်မယ်ဆိုတဲ့သတင်းအပေါ် အမေရိကန်သမ္မတ Donald Trump ကတော့ ဒီပြသနာကို ကိုင်တွယ်ရမယ်လို့ စပြောခဲ့တာပါ။

မြောက်ကိုရီးယား စစ်ဘက်ကလည်း Donald Trump အစိုးရ စစ်ရူးရူးနေတာဟာ အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်လာပြီဖြစ်တဲ့အတွက် လက်ပိုက်ကြည့်နေမှာ မဟုတ်တော့ဘူးလို့ သောကြာနေ့က ကြေညာချက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ့ကြေညာချက်မှာပဲ အခုလိုအရေးကြီးတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ဆင်ဆင်ခြင်ခြင်နဲ့ မှန်မှန်ကန်ကန် အဖြေရှာသင့်တယ်။ မြောက်ကိုရီးယားရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ရန်စထိပါးလာမယ့်လမ်းစဉ်ကို ရွေးလာရင်တော့ အပြင်းထန်ဆုံး ရက်စက်ကြမ်းကြုတ်မှုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ပြောဆိုထားပါတယ်။"

တကယ်တော့ ဒီလိုအပြောအဆိုမျိုးဟာ မြောက်ကိုရီးယားဆီက မကြာခဏ ကြားနေရတာဖြစ်ပေမဲ့ အခုလို စစ်ဘက်က ထုတ်ပြန်ပြောကြားလာတာကိုတော့ တခြားအစိုးရဝန်ကြီးဌာနတွေ နိုင်ငံပိုင်သတင်းဌာနတွေက ပြောတာထက် သုံးသပ်သူတွေက ပိုပြီးအလေးအနက်ထား မှတ်ယူကြပါတယ်။

မြောက်ကိုရီးယားကို စစ်ရေးအရ ခြိမ်းခြောက်ပြောဆိုလိုက်ချိန်မှာပဲ မြောက်ကိုရီးယား ကိစ္စနဲ့ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ နိုင်ငံတကာ တင်းမာမှု လျော့ပါးသွားအောင် တရုတ်က အပြင်းအထန်ကြိုးပမ်းနေပါတယ်။ ဒီတရုတ်ရဲ့ကြိုးပမ်းအားထုတ်မှု အောင်မြင်လိမ့်မယ်လို့ မစ္စတာTrump က မျှော်လင့်နေတာပါ။ တဘက်မှာလည်း လိုအပ်ရင် ဒီပြသနာကို တရုတ်မပါပဲ အမေရိကန်ကချည်းပဲ ကိုင်တွယ်သွားဖို့ ပြင်ဆင်ထားတယ်လို့လည်း သူက ဆိုထားပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနကတော့ ကိုရီးယားကျွန်းဆွယ် လက်ရှိ အနေအထားဟာ ရှုပ်ထွေးပြီး အတိမ်းအစောင်းမခံတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆိုပြီး နှစ်ဘက်စလုံး တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ မေတ္တာရပ်ခံနေပါတယ်။ တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ဖို့လည်း လမ်းကြောင်းပေးနေပါတယ်။

"ဆွေးနွေးပွဲကို ကြိုက်တဲ့ပုံစံနဲ့ပြန်စနိုင်ပါတယ်။ တရားဝင်ပဲဖြစ်ဖြစ် အလွတ်သဘော ပဲဖြစ်ဖြစ် တလမ်းသွားပဲဖြစ်ဖြစ် အပြန်အလှန်ဖြစ်ဖြစ် နှစ်နိုင်ငံတည်းဖြစ်ဖြစ် ဘက်စုံပါဝင်တဲ့ ပုံစံဖြစ်ဖြစ် ဆွေးနွေးဖြစ်ဖို့ပဲ အရေးကြီးပါတယ်။ ဒါတွေအားလုံးကို တရုတ်က ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။"

ဒီအချိန်မှာ အမေရိကန် လေယာဉ်တင်သဘောၤကြီးတစင်း တခြားစစ်ရေယာဉ်တွေ ခြံရံပြီး ကိုရီးယားကျွန်းဆွယ်ဆီ အင်အားပြ ဦးတည်ခုတ်မောင်းနေပါလေရဲ့။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ Sanction ကို ဆန့်ကျင်ပြီး မြောက်ကိုရီးယားနျူကလီးယားစမ်းသပ်လာမယ်ဆိုရင် အတိအကျ ဘယ်လိုလက်တုန့်ပြန်မယ်လို့တော့ အမေရိကန်ဘက်က ပြောထားခြင်း မရှိသေးပါဘူး။ တရုတ်ဟာ မြောက်ကိုရီးယားရဲ့တဦးတည်းသော မဟာမိတ်ဖြစ်ပေမဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ်ကိုတော့ ကျန်အိမ်နီးချင်းနိုင်ငံများ နည်းတူ ဆန့်ကျင်သူဖြစ်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis ကတော့ အခုတင်းမာမှုလျော့ပါးအောင် နိုင်ငံတကာမိတ်ဆွေတွေနဲ့ အတူလုပ်ဆောင်နေပေမဲ့ အဓိက ကတော့ မြောက်ကိုရီးယားရဲ့ အပြုအမှုကို ပြင်ရမယ်လို့ ဆိုနေတာပါ။

ရုရှားအစိုးရကလည်း အခြေအနေကို စောင့်ကြည့်နေတယ်လို့ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောပါတယ်။

"ကိုရီးယားကျွန်းဆွယ်တင်းမာမှုမြင့်မားလာတာကို ရုရှားအစိုးရက စိုးရိမ်စိတ်ကြီးစွာနဲ့စောင့်ကြည့်နေပါတယ်။ နိုင်ငံအားလုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ တောင်းဆိုပါတယ်။ ရန်စတဲ့အဆင့်ရောက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြဖို့လည်း အားလုံးကို သတိပေးပါတယ်။ ရုရှားဟာ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီမှုကို အစဉ်တစိုက် ထောက်ခံပါတယ် ဒီအခြေခံအပေါ် ရပ်တည်ပြီး မြောက်ကိုရီးယားကိစ္စအပါအဝင် တင်းမာမှုဟူသမျှကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ထောက်ခံပါတယ်။ "

မကြာသေးခင်ကပဲ အမေရိကန်ဟာ ဆီးရီးယားအစိုးရလေတပ်စခန်းတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို အာဖဂန် ပါကစ္စတန်နယ်စပ်က IS စစ်သွေးကြွစခန်းတွေကိုလည်း နျူကလီးယားဗုံးကလွဲရင် အကြီးမားဆုံး ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်က ဒီလိုကီလိုဂရမ်တစ်သောင်းရှိတဲ့ ဧရာမဗုံးကြီး IS တို့အပေါ်မှာ ကြဲချခဲ့တာဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကျုံအမ်းကို သတိထားဖို့ ပြောဆိုလိုက်သလိုပဲလို့ ရေးသားပြောဆိုခဲ့ကြတာတွေရှိပါတယ်။ ဒါဟုတ်မဟုတ် ဖြေကြားဖို့ သမ္မတ ထရမ့်က ငြင်းဆန်ပေမဲ့ မြောက်ကိုးရီးယားဟာ ကိုင်တွယ်ရမယ့်ပြသနာတရပ်ဖြစ်တယ် ဆိုတာကိုတော့ အလေးအနက်ပြောကြားထားပါတယ်။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား အမေရိကန်ပြည်ထောင်စုတို့ဟာ ၁၉၅၀- ၅၃ မှာ စစ်ဖြစ်ခဲ့ပြီး အပစ်ခတ်ရပ်သွားခဲ့ပေမဲ့ အခုအချိန်အထိ ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုသေးတဲ့အတွက် လုပ်ငန်းအရ စစ်ဖြစ်နေဆဲဆိုတဲ့ သဘောမျိုးရှိနေဆဲပါ။ မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်မှု ငါးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အခုအခါ အမေရိကန်ပြည်ထောင်စုအထိရောက်အောင်ပစ်ခတ်နိုင်မယ့် နျူကလီးယား ထိပ်ဖူးတပ်ဒုံးလက်နက်တည်ဆောက်နေခြင်းဟာ ထရမ့်အစိုးရအဖို့ အကြီးမားဆုံး လုံခြုံရေးစိန်ခေါ်မှုဖြစ်နေပါတယ်။ ဒီကနေ့ စနေနေ့ဟာ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ခေါင်းဆောင်ကြီး Kim Il-sung ရဲ့ ၁၀၅ နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့မျိုးဟာ သူတို့နိုင်ငံမှာ မဟာစစ်ရေးပြအခမ်းအနားကြီးတွေနဲ့ နျှူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ ပြုလုပ်လေ့ရှိတဲ့နေ့လည်းဖြစ်ကြောင်းပါခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG