သုံးရလွယ်ကူစေသည့် Link များ

ဒေါ်ခင်ဝင်းအမှု ပြည်ထောင်စုရှေ့နေချုပ်ရုံးအထိ စာချွန်လွှာတင်မည်


မြန်မာနိုင်ငံရှေ့နေများကွန်ယက်ရဲ့ သတင်းစာ ရှင်းလင်းပွဲ ။

စစ်ကိုင်းတိုင်း ယင်းမာပင် ခရိုင်တွင်းက လက်ပံတောင်းကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြတာကြောင့်သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဒေါ်ခင်ဝင်းအမှုနဲ့ပတ်သက်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက အမှုကိုပိတ်သိမ်းလိုက်ပေမဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ယက် ကတော့ ပြည်ထောင်စု တရားလွှတ်တော်ရှေ့နေချုပ်ရုံးအထိ စာချွန်လွှာကို မကြာခင် တင်တော့မှာဖြစ်တဲ့ အကြောင်းနဲ့ ဒီအမူကိုဆက်ပြီး အရေးယူဆောင်ရွက်မူမရှိဘူးဆိုရင် မိသားစုဝင်တွေရဲ့ဆန္ဒအရ အစိုးရအဆက်ဆက်ကိုပါ တရားစွဲဆိုမူတွေပါ ဆက်လုပ်သွားဖို့ရှိတယ်လို့ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်

ဒေသခံတွေရဲ့  ကန့်ကွက်မှုကို ကြုံနေရဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံတွေက ကန့်ကွက်ရင်းနဲ့ ဒေသခံတောင်သူဒေါ်ခင်ဝင်းဟာ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့က သေဆုံးခဲ့တာပါ။ ဒီအမှုနဲ့ ပတ်သက်လို့ မိသားစုဝင်တွေက ရှေ့နေများ အကူညီနဲ့ တရားစွဲဆိုခဲ့ပေမဲ့ ၂၀၁၅ခုနှစ် သြဂုတ်လ၁၂ရက်နေ့မှာ အထက်အာာဏာပိုင်တွေရဲ့ အမိန့်အရ အမှုပိတ်သိမ်းလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက် ကနေ စနေနေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီး လာမယ့် အပတ်မှာ ပြည်ထောင်စု တရားလွှတ်တော်ရှေ့နေချုပ်ရုံးကို စာချွန်လွှာပေးပို့သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

" အမှုက ၁၂-၈လ ၂၀၁၅ မှာ အမှုပိတ်သိမ်းတယ်ဆိုပြီးတော့ ပြောတယ်။ ဘယ်လိုပိတ်သိမ်းသလဲဆိုတော့ မှားယွင်းမှုဆိုပြီး ပိတ်သိမ်းတယ်လို့သိရတယ်။ ဘယ်သူ့ကြောင့် ဘယ်သူက ပြောလို့ ခင်ဗျားတို့ပိတ်သိမ်းတာလဲဆိုတော့ မေးတဲ့အခါမှာ ယင်းမာပင်ခရိုင်ရဲမှူးနဲ့ ခရိုင်ဥပဒေအရာရှိတို့ရဲ့ခွင့်ပြုချက်အရ ပိတ်သိမ်းတယ်လို့ နောက်ရောက်လာတဲ့ စခန်းမှူးအသစ် ဒုရဲမှူးအသစ် ဦးကျော်နီသိန်းကပြောပြတယ်။ ဝမ်ပေါင်ဦးပိုင်ကုမ္မဏီဘက်ကနေပြီးတော့ လုံခြုံရေးဝန်ထမ်းတွေက ပစ်တယ်။ ပစ်တဲ့သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်း သေဆုံးရတာဖြစ်တယ်။ အောက်ခြေမှာက တိကျတဲ့အဆုံးအဖြတ်တွေကို အုပ်ချုပ်ပိုင်းဆိုင်ရာ ရဲစခန်းကနေပြီးတော့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူး။ နောက် တရားရုံးတက်တဲ့အခါမှာလည်း တရားရုံးဘက်က လိုက်ပါ ဆောင်ရွက်ပေးခြင်း မရှိဘူး။ ဒါပေမဲ့ တရားရုံးဘက်ကတော့ သေမှုသေခင်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုဖွဲ့တဲ့အခါမှာ ချလိုက်တဲ့အမိန့်တခုရတယ်။ အဲ့ဒီ့အပေါ်မှာ အခြေယူပြီး ကျနော်တို့က ပြည်ထောင်စုတရားလွှတ်တော်ကို စာချွန်လွှာအမိန့်လျှောက်ထားခြင်းဖြစ်တယ်။"

ဒေါ်ခင်ဝင်းအမှုနဲ့ပတ်သက်လို့ တရားစွဲဆိုထားသူတွေဟာ ရဲအာဏာပိုင်တွေနဲ့ အုပ်ချုပ်ရေးပိုင်က တာဝန်ရှိသူတွေဖြစ်တဲ့အတွက် ဒီအမှုကို ကိုင်တွယ်ဖြေရှင်းတာမျိုး ဆက်မလုပ်ပဲအမှုပိတ်သိမ်းလိုက်တဲ့အတွက် အခုလို့ ပြည်ထောင်စုတရားလွှတ်တော်ရှေ့နေချုပ်ရုံးကို စာချွန်လွှာကိုပေးပို့ဖို့ စီစဉ်ခဲ့ကြတာလို့ဆိုပါတယ်။

အဲ့ဒီ့အခြေအနေကနေ ဘာမှဆက်ပြီး ထပ်မထူးဘူးဆိုရင်တော့ နစ်နာတဲ့တောင်သူတွေအနေနဲ့ အစိုးရအဆက်ဆက်ကို တရားစွဲဆိုနိုင်ဖို့အတွက် မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ကူညီသွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။

"အမြင့်ဆုံးတရားရုံးကိုတက်လို့ အမြင့်ဆုံးတရားက ထူးခြားချက်မရှိရင် ဘာဆက်လုပ်နိုင်မလဲ။ ဘာလို့ဆို ကော်မရှင်နာရဲ့အစီရင်ခံစာအရဆိုရင် ဒီမြေတွေကို မတရားသိမ်းတယ်ဆိုတာ ပေါ်ပေါက်တယ်။ တချို့ လျော်ကြေးယူတယ်။ တချို့လျော်ကြေးမယူတဲ့သူတွေရှိတယ်ဆိုတာ ပေါ်ပေါက်တယ်။ နောက်တခါ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတာ ပေါ်ပေါက်တယ်။ အဲ့ဒီ့အတွက် နစ်နာတယ်ဆိုလို့ရှိရင် နစ်နာသူအနေနဲ့ အစိုးရအပေါ် တရားစွဲဆိုဖို့ပဲရှိမယ်။ အစိုးရဆိုတာကလည်း ဘယ်အစိုးရဖြစ်ဖြစ် အစိုးရအဆက်ဆက်က အမွေဆက်ခံရတဲ့ကိစ္စရပ်တွေဖြစ်တဲ့အတွက်ကြောင့် နောက်ဆုံးအစိုးရမှာလည်း တာဝန်ရှိနေတယ်။"

ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ (Amnesty International) လူ့အခွင့်အရေးအဖွဲ့ရဲ့ "ဒုက္ခတောင်တန်း"လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာတော့ လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် ထောင်နဲ့ချီတဲ့ မိသားစုတွေဟာ ဒီစီမံကိန်း တိုးချဲ့မှုနဲ့အတူ အိုးအိမ်ရွှေ့ပြောင်းရတာ၊ လယ်ယာဆုံးရှုံးရတာတွေ နဲ့ လူအခွင့်အရေး ချိုးဖောက်မူတွေရှိနေတယ်လို့ ဖော်ပြထားတာပါ။ ဒီ့အတွက် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ အတွက် လူ့အခွင့်ရေးအဖွဲ့ကြီးက မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG