သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီးယားကျောင်းသူ ၅၀ Boko Haram ပြန်လွှတ်


ကျောင်းသူလေးတွေလွတ်မြောက်ဖို့အတွက် BringBackOurGirls လှုပ်ရှားမှုအဖွဲ့ဝင်တွေ နိုင်ဂျီးရီးယားမြို့တော်မှာ ဆန္ဒပြတောင်းဆိုနေကြပုံ

နိုင်ဂျီးရီးယား နိုင်ငံမှာ အစ္စလန်အစွန်းရောက် Boko Haram စစ်သွေးကြွတွေက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက သူတို့ ဖမ်းဆီးထားတဲ့ Chibok က ကျောင်းသူလေး ၂၀၀ ကျော်ထဲက ၅၀ ခန့်ကို စနေနေ့ မနက်ပိုင်းမှာ ပြန်ပြီး လွှတ်ပေး လိုက်တယ်လို့ နိုင်ဂျီးရီးယား အစိုးရ ပြောခွင့်ရက ပြောပါတယ်။ ဒါဟာ နှစ်နဲ့ချီပြီး ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အများဆုံး တစုထဲ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းက Chibok ရွာမှာ ရှိတဲ့ အလယ်တန်းကျောင်းတကျောင်းကနေ အခုလွတ်လာတဲ့ ကျောင်းသူလေးတွေ အပါအဝင် ကျောင်းသူပေါင်း ၂၂၀ လောက်ကို ဖမ်းသွားခဲ့တာဖြစ်ပြီး သူတို့ လွတ်မြောက်စေဖို့ ကမ္ဘာတဝှမ်းက ကြိုးစား ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ သမ္မတ ကတော်ဟောင်း Michelle Obama နဲ့ နံမယ်ကြီး ပုဂ္ဂိုလ် အတော်များများလည်း ပါဝင်ပါတယ်။

အဲဒီထဲက ကျောင်းသူလေး တချို့ ထွက်ပြေးလွတ်မြောက်တာနဲ့ တချို့ကို ကယ်ဆယ်နိုင်ခဲ့သလို အောက်တိုဘာလထဲမှာတော့ Switzerland နဲ့ IRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တို့ရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ ကျောင်းသူလေး ၂၁ ဦးလွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၅ ဦးကတော့ ပျောက်ဆုံးနေခဲ့တာပါ။

သူတို့လေးတွေ ဘေးမသီရန်မခ လွတ်မြောက်စေဖို့ ဒေသထောက်လှန်းရေးတွေကနေ တဆင့် ညှိနှိုင်းမှုတွေမပြတ် လုပ်နေပါတယ်လို့ ပြီးခဲ့တဲ့ လထဲမှာပဲ သမ္မတ Muhammadu Buhari က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

၂၀၁၄ ခုနှစ် ကစပြီး Boko Haram တွေ ပြန်ပေးဆွဲ ဖမ်းဆီးခဲ့တဲ့ မိန်းခလေး နဲ့ ယောင်္ကျားလေးငယ် စုစုပေါင်း ၂၀၀၀ လောက် ရှိနေတာပါ။ သူတို့ကို ထမင်းဟင်း ချက်ပြုတ်တာ၊ လိင်ကျွန်ပြု ခိုင်းစေတာ၊ စစ်တိုက်တာနဲ့ အသေခံ ဗုံးခွဲသမားတွေ အဖြစ်ပါ ခိုင်းစေနေတယ်လို့ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးက ပြောသလို Boko Haram တွေဟာ ၂၀၁၇ ပထမ ၃ လအတွင်း Lake Chad ဒေသမှာ တိုက်ခိုက်မှု ၂၇ ကြိမ်လုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေမှာ ကလေးငယ်တွေကို အသေခံ ဗုံးခွဲသမားတွေ အဖြစ် ခိုင်းစေတာ တွေ့ရတယ်လို့ UNICEF ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ကလည်း ပြောပါတယ်။

နိုင်ဂျီးရီးယားကျောင်းသူ ၅၀ Boko Haram ပြန်လွှတ်
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG