သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အသေခံဗုံးခွဲမှု အနည်းဆုံး ၂၅ ဦးသေ


ပါကစ္စတန် အသေခံဗုံးခွဲမှု
ပါကစ္စတန် အသေခံဗုံးခွဲမှု

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ အစ္စလာမ်မစ် ပါတီတခုက အဖွဲ့ဝင်တွေ ပါလာတဲ့ ယာဉ်တန်းကို အသေခံဗုံးခွဲတိုက်ခိုက်သူတဦးက တိုက်ခိုက်တာကြောင့် လူ ၂၅ ယောက်ထက် မနည်း သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ သေဆုံးသူ အများစုဟာ ဘာသာရေး အခြေခံဖွဲ့စည်းထားတဲ့ Jamiat Ulema-e-Islam (JUI) ပါတီက တက်ကြလှုပ်ရှားသူတွေပါ။

Baluchistan ပြည်နယ် မြို့တော် Quetta ကနေ ကီလိုမီတာ ၅၀ လောက်အကွာမှာရှိတဲ့ Mastung မြို့မှာ ဒီကနေ့ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပါကစ္စတန် အထက်လွှတ်တော် ဒုဥက္ကဌ Abdul Ghaforr Haideri ကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။

Haideri ကတော့ ဒဏ်ရာ အနည်းငယ်သာ ရပြီး သူ့ရဲ့ကားဒရိုင်ဘာနဲ့ သူနဲ့အတူ လိုက်ပါလာတဲ့ အထက်လွှတ်တော် ဝန်ထမ်းရေးရာ အကြီးအကဲတို့ နှစ်ဦးကတော့ သေဆုံးသွားတဲ့ အကြောင်း အစိုးရအရာရှိတွေက အတည်ပြု ပြောပါတယ်။ အခုပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ Haideri ဟာ ဝန်ကြီးချုပ် Nawaz Sharif ပါတီ ဦးဆောင်တဲ့ အာဏာရ ညွှန့်ပေါင်းအဖွဲ့ထဲမှာ ပါဝင်တဲ့ JUI ပါတီက အဓိက ခေါင်းဆောင်တယောက်ပါ။

ဘာသာရေးသင်တန်းဆင်းပွဲတခုကနေ အိမ်အပြန် လမ်းမှာ အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ် တယ်လို့ ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်သူကမှ သူတို့လက်ချက်အဖြစ် ပြောဆိုတာ မရှိသေးပါဘူး။

XS
SM
MD
LG