သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အသေခံဗုံးခွဲတိုက်ခိုက်မှု အနည်းဆုံး ၆၀ ကျော်သေ


ပါကစ္စတန် အသေခံဗုံးခွဲတိုက်ခိုက်မှု အနည်းဆုံး ၆၀ ကျော်သေ
ပါကစ္စတန် အသေခံဗုံးခွဲတိုက်ခိုက်မှု အနည်းဆုံး ၆၀ ကျော်သေ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက်မှာရှိတဲ့ Quetta မြို့ရဲ့ ဆေးရုံဝင်းအတွင်း ပြင်းထန်တဲ့ဗုံးတလုံး ဒီကနေ့ ပေါက်ကွဲခဲ့ရာက ရှေ့နေအများစု အပါအဝင် အနည်းဆုံး လူပေါင်း ၆၀ ကျော် သေဆုံးပြီး၊ ၁၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း မျက်မြင်တွေ့သူတွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက ၂၀ ကျော်လောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် သေဆုံးသူ အရေအတွက် ပိုများနိုင်တယ်လို့လည်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဘယ်သူမှန်းမသိတဲ့ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားတဲ့ ဒေသခံ ရှေ့နေများကောင်စီဥက္ကဋ္ဌအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားနဲ့ ကန့်ကွက်ဆန္ဒပြဖို့ ဒါဇင်နဲ့ချီတဲ့ ရှေ့နေတွေ ဆေးရုံဝင်းထဲမှာ စုဝေးနေချိန်မှာပဲ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရသူ Anwar ul-Haq Kakar က ဗွီအိုအေကို ပြောပါတယ်။

ဒီမနက်အစောပိုင်းမှာပဲ ထင်ရှားတဲ့ရှေ့နေတဦးဖြစ်သူ Bilal Anwar Kasi ကို ပစ်မှတ်ထား လုပ်ကြံခံခဲ့ရပါတယ်။ သူ့အလောင်းကို ဒေသခံ ရှေ့နေအသိုင်းအဝိုင်းက လက်ခံရယူခဲ့တဲ့ အချိန်မှာပဲ ပေါက်ကွဲမှုကြီးတခု ဖြစ်ခဲ့တာကြောင့် အများအပြား ထိခိုက်သေဆုံးခဲ့ရတဲ့အကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

ထိခိုက်သေဆုံးသူတွေထဲမှာတော့ ရှေ့နေတွေရဲ့ ဆန္ဒပြပွဲကို သတင်းယူဖို့ ရောက်လာကြတဲ့ သတင်းထောက်တွေ၊ ကင်မရာသမားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ Quetta မြို့က ဗုံးရှင်းလင်းရေးအဖွဲ့ကတော့ အသေခံဗုံးခွဲတိုက်ခိုက်မှုအဖြစ် အတည်ပြုပြောဆိုခဲ့ကြသလို၊ အခင်းဖြစ်ပွားရာနေရာမှာ ဗုံးခွဲတိုက်ခိုက်သူရဲ့ ခေါင်းနဲ့ ခြေထောက်တွေကို တွေ့ရတယ်လို့လည်း ပြောပါတယ်။

ပါကစ္စတန် တာလီဘန် အစွန်းရောက် အဖွဲ့ခွဲတခုဖြစ်တဲ့ Jamaat-ul-Ahrar ကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်ကြောင်း ကြေညာခဲ့ပြီး နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်မယ်လို့လည်း ခြိမ်းခြောက်ထားပေမဲ့၊ ကြေညာချက်ကို သီးခြား အတည်ပြုလို့တော့ မရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG