သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မန္တလေး အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ငြိမ်းချမ်းစွာဖြေရှင်းမည်ဟု ပြည်ထဲရေးဆို


ရန်ကုန်မှာ အစိုးရနှုတ်ထွက်ပေးဖို့ သံဃာတော်အချို့ ဆန္ဒပြ။
ရန်ကုန်မှာ အစိုးရနှုတ်ထွက်ပေးဖို့ သံဃာတော်အချို့ ဆန္ဒပြ။

ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ နဲ့ ရန်ကုန်မှာ အစိုးရနှုတ်ထွက်ရေးအတွက် ဆန္ဒပြနေတဲ့ သံဃာတော်အချို့ ဒီကနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံ ညှိနှိုင်းခဲ့ပါတယ်။ အစိုးရ တာဝန်ရှိသူတွေကတော့ သပိတ်စခန်းတွေနဲ့ပတ်သက်ပြီး သံဃာ့မဟာနာယကအဖွဲ့နဲ့ ညှိနှိုင်းပြီးမှ ဥပဒေအတိုင်းငြိမ်းချမ်းစွာ လုပ်ဆောင်သွားမယ် လို့ပြောပါတယ်။ အပြည့်အစုံ ကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

ရန်ကုန်မြို့ ရွှေတိဂုံဘရား အရှေ့ဘက်မုခ်က ကြေးသွန်း ဘုရားရှေ့မှာ လွန်ခဲ့တဲ့ ၂ရက်တည်းက ဆန္ဒဖော်ထုတ်နေတဲ့သပိတ်စခန်းက ဦးဆောင်ဆရာတော်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ဆရာတော်တွေနဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့ကြ ပါတယ်။ တွေ့ဆုံမှုအပီးမှာတော့ သပိတ်စခန်းကို နေ့လည် ၃နာရီဝန်းကျင်မှာ အပြီးဖျက်သိမ်းဖို့အပြင် ဆရာတော်ကြီးများရဲ့သြဝါဒကို နာယူပါမယ်လို့ ဆန္ဒဖော်ထုတ်တဲ့အဖွဲ့ရဲ့ ကိုယ်စားပြုသံဃာ၃ပါးက ကတိပြု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမဲ့ကြေးသွန်းဘုရားရှေ့မှာတေ့ာ ညနေ ၅နာရီဝန်းကျင်အထိ သပိတ်စခန်းကို ဖျက်သိမ်းတာ မရှိသေးပါဖူး။ ဒါ့ကြောင့် သပိတ်စခန်းထဲက သံဃာတော်တွေကို မေးမြန်းကြည့်ရာမှာ ဆန္ဒပြသံဃာတစ်ပါးဖြစ်တဲ့ ဆရာတေ်ာ အရှင်ပညာဝံသတော့ VOA ကိုအခုလို မိန့်ပါတယ်။

"ဆရာတော်ဘုရားတွေရဲ့ သြဝါဒကို လေးစားလိုက်နာသောအားဖြင့် ဆရာတော်တွေရဲ့သြဝါဒကို ခံယူရပါတယ်။ အစိုးရကိုတော့ တိုင်းပြည်ရဲ့အကျိုးစီးပွား ဆုတ်ယုတ်အောင် လုပ်နေတဲ့ုးရကိုတော့ ဦးဇင်းတို့ တောင်းဆိုချက်တွေမချင်း သပိတ်စခန်းဖွင့်လှစ်တောင်းဆိုသွားမှာပါ အဲ့တာကို ဆိုလိုခြင်းဖြစ်ပါတယ်။"

မန္တလေးမြို့မှာလည်း ချမ်းမြသာစည်မြို့နယ်ထဲမှာ သပိတ်စခန်းတခု ဖွင့်လှစ် ထားပါတယ်။ သာသနာ၂၅၀၀ ဝင်းအတွင်းမှာ ဖွင့်ထားတဲ့ သပိတ်စခန်းနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းစာ ရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့အနေနဲ့ သပိတ်စခန်းကို ည ၈နာရီ ကနေ ၁၀နာရီအတွင်းဖယ်ရှားပေးဖို့ သတိပေးထားကြောင်း ရှင်းလင်းခဲ့တာပါ။

မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးကျော်ကျော်မင်း ကတော့ သပိတ်စခန်းကို ၁၀နာရီကျော်လို့မှ မဖယ်ရှားရင် အထက်ကိုတင်ပြပီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောသွားတာပါ။

ဒီကနေ့မနက်ပိုင်းမှာလည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ရန်ကုန်နဲ့ မန္တလေးက သပိတ်စခန်းတွေကို ဥပဒေအတိုင်း ငြိမ်းချမ်းစွာဆောင်ရွက်သွားမယ်လို့ သတင်းမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

" သာသနာရေးဝန်ကြီးဌာနကနေပြီးတော့ သက်ဆိုင်ရာမြို့နယ် တိုင်းဒေသကြီးအဆင့် သံဃာ့အဖွဲ့တွေနဲ့ ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုတွေရှိပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးအစိုးရတွေကလည်း ဒီအတွက် လိုအပ်တဲ့အစည်းအဝေးတွေ ပြုလုပ်နေပါတယ်။ ဥပဒေအရလုပ်ထုံးလုပ်နည်းတွေနဲ့အတူ ဒါတွေကို ငြိမ်းချမ်းစွာဖြေရှင်းသွားနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။"

အစိုးရအဖွဲ့နှုတ်ထွက်ပေးဖို့ တောင်းဆိုကြတဲ့အထဲ သပိတ်စခန်းတွေကို သံဃာတော်အချို့နဲ့ အမျိုးသားရေးလှုပ်ရှားသူတွေက ဦးဆောင်ပြုလုပ်နေတာဖြစ်ပီး ဒီကနေ့ တတိယမြောက်နေ့မှာတော့ တောင်ကြီးမြို့နယ် အေးသာယာမြို့အဝင် ဆိုင်းဘုတ်အောက်မှာ သပိတ်စခန်းထပ်မံ ဖွင့်လှစ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG