သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ စွက်ဖက်မှုသတင်း အတုအယောင်သာဖြစ်ဟု သမ္မတထရမ့် မှတ်ချက်ချ


West Virginia ပြည်နယ်က လူထုစုဝေးပွဲမှာ သမ္မတ Trump မိန့်ခွန်းပြောစဉ်။ (သြဂုတ် ၃-၂၀၁၇)

အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ရုရှားနဲ့ ပတ်သက်ဆက်နွယ်မှုရှိခဲ့ကြောင်း စွပ်စွဲနေတဲ့ သတင်းတွေဟာ အတုအယောင်တွေသာ ဖြစ်တဲ့အကြောင်း သမ္မတ Donald Trump က ထပ်မံပြောဆိုလိုက်ပါတယ်။

ရုရှားနဲ့ ပတ်သက်တယ်ဆိုတဲ့ သတင်းဟာ လုံးဝလုပ်ကြံဖန်တီးထားတာသာဖြစ်ပြီး၊ အမေရိကန် နိုင်ငံရေးရာဇဝင်မှာ အရှုံးကြီးရှုံးခဲ့တဲ့အပေါ် ဆင်ခြေပေးဖို့ သက်သက်၊ ပြောစရာမရှိ ရှာကြံပြောနေတဲ့ ကိစ္စသာဖြစ်ကြောင်း၊ ရုရှားရဲ့ ကြားဝင်နှောက်ယှက်မှုတွေကို စုံစမ်းနေတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူးက အထူးခုံသမာဓိအဖွဲ့တဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း Wall Street Journal က ရေးသားခဲ့ပြီး နာရီပိုင်းအကြာ ကြာသပတေးနေ့ညက ကျင်းပခဲ့တဲ့ West Virginia ပြည်နယ်က လူထုစုဝေးပွဲမှာ သမ္မတ Trump က ပြောဆိုလိုက်တာပါ။

တကယ်ဆိုရင် အထူးစုံစမ်းစစ်ဆေးသူ အနေနဲ့ ပြိုင်ဖက်ဖြစ်သူ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton ဖျက်ပစ်လိုက်တဲ့ အီးမေးလ်ပေါင်း ၃၃,၀၀၀ အကြောင်းကိုသာ စုံစမ်းရမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ မဲဆန္ဒရှင်တွေ လိုလားနေကြတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်မလာနိုင်အောင် မသမာတဲ့နည်းနဲ့ ကြိုးပမ်းနေတာဟာ အားလုံးအတွက်ရော၊ တိုင်းပြည်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ထိခိုက်စော်ကားရာ ရောက်တယ်လို့လည်း သမ္မတ Trump က ပြောဆိုခဲ့တာပါ။

ရုရှားအရေး အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller နဲ့ အဖွဲ့ကတော့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကလင်တန် ထိခိုက်နစ်နာစေမယ့် အချက်အလက်တွေ ရရှိထားတယ်လို့ဆိုတဲ့ ရုရှားရှေ့နေတဦးနဲ့ သမ္မတ Trump ရဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ သားအကြီးဆုံးဖြစ်သူ Donald Jr. တို့ မဲဆွယ်ပွဲကာလအတွင်း တွေ့ဆုံမှုကို ဖော်ထုတ်နိုင်အောင် ကြိုးပမ်းမယ့် အလားအလာတွေ ရှိနေပါတယ်။

တချိန်တည်းမှာပဲ ရုရှားအရေး စုံစမ်းစစ်ဆေးမှုတွေကို သမ္မတ Trump က တန်ပြန်ဖို့ ကြိုးပမ်းမှုတွေ အရှိန်လျော့စေမယ့် ဥပဒေကြမ်း တရပ်ကိုလည်း အထက်လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ဥပဒေကြမ်းမှာတော့ မမှန်မကန် ဆောင်ရွက်မှု၊ ကိုယ်ကျိုးစီးပွားရှာမှု၊ ကျန်းမာရေး ဆိုးဆိုးရွားရွား အခြေအနေ ကြုံရတာ ဒါမှမဟုတ် တခြားခိုင်လုံတဲ့ အကြောင်းတွေကလွဲလို့ အထူးစုံစမ်းစစ်ဆေးရေးမှူးကို သမ္မတက ရာထူးကနေ မဖြုတ်နိုင်အောင် ထားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG