သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒဏ်ခတ်မှုအပေါ် ရုရှားလက်တုံ့ပြန်မှု ဆက်ဆံရေးပိုတင်းမာ


ရုရှားနိုင်ငံ မော်စကိုမြို့တော် အနောက်ပိုင်းက အမေရိကန် သံဝန်ထမ်းတွေရဲ့ အပန်းဖြေ အိမ်ယာဝင်းကနေ ပစ္စည်းတွေ ရွှေ့ပြောင်း။
ရုရှားနိုင်ငံ မော်စကိုမြို့တော် အနောက်ပိုင်းက အမေရိကန် သံဝန်ထမ်းတွေရဲ့ အပန်းဖြေ အိမ်ယာဝင်းကနေ ပစ္စည်းတွေ ရွှေ့ပြောင်း။

ရုရှားအပေါ် အရေးယူ ဒဏ်ခတ်မှု သစ်တွေ ချမှတ်ဖို့ အမေရိကန် လွှတ်တော်မှာ အတည်ပြုခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ ရုရှားသမ္မတက အမေရိကန် သံတမန် လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်း အရေအတွက် ၆၀ ရာခိုင်နှုန်းကို လျှော့ချဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ရုရှားဖက်က သံတမန်ရေးအရ ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ လုပ်လိုက်တာက ရုရှားတွေဖက် ပြန်ပြီး ထိခိုက်နိုင်တယ်လို့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဆိုင်ရာ VOA သတင်းထောက် Cindy Saine ရဲ့ သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

ရုရှားနိုင်ငံမှာ အမေရိကန် သံတမန်ရေးရာ လုပ်ငန်းတွေအပြင် ကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ သိပ္ပံနဲ့ ကူညီထောက်ပံ့ရေး စတဲ့ လုပ်ငန်းတွေ အတွက် အမေရိကန်အစိုးရက ခန့်အပ်ထားတဲ့ ဝန်ထမ်းပေါင်း ၁၂၀၀ လောက်ရှိပါတယ်။

အဲဒီထဲက ဝန်ထမ်း ၇၅၅ ယောက် လျှော့ပစ်ရမယ်လို့ ရုရှားသမ္မတ Vladmir Putin က အမိန့်ထုတ် ထားပါတယ်။ ဘယ်ဝန်ထမ်းတွေ လျှော့မယ် ဆိုတာကတော့ အမေရိကန် အစိုးရက ဆုံးဖြတ်ပါလို့ ရုရှားအစိုးရ ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။

ရုရှားအပေါ် အရေးယူ ဒဏ်ခတ်မှုသစ်တွေ လုပ်ဖို့ အမေရိကန် လွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုလိုက်ပြီး နောက်မှာ အမေရိကန် သံတမန်လုပ်ငန်းတွေမှာ အမှုထမ်းနေကြတဲ့ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းလောက် လျှော့ရမယ်လို့ သမ္မတပူတင်က အမိန့်ထုတ်ခဲ့တာပါ။

စက်တင်ဘာ ၁ ရက် နောက်ဆုံးထားပြီး ရုရှားမှာ ဝန်ထမ်း ၄၅၅ ယောက်ပဲ ထားရှိရမယ်ဆိုတဲ့ ကိန်းဂဏန်း အရေအတွက်ဟာ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ရုရှားသံရုံးဝန်ထမ်း ၄၅၅ ယောက် အရေအတွက် အတိုင်း တုံ့ပြန် သတ်မှတ်တဲ့ သဘောဖြစ်ပါတယ်။ လောလောဆယ် မှာတော့ မော်စကိုမြို့ပြင်နားမှာ ရှိတဲ့ အမေရိကန် သံရုံးဝန်ထမ်းတွေ အပန်းဖြေလေ့ရှိတဲ့ အဆောက်အဦးကို ရုရှားအစိုးရက အသုံးပြုခွင့် မပေးတော့သလို အဲဒီ အဆောက်အဦး ထဲက ပစ္စည်းတွေကို အမေရိကန်သံရုံးဖက်က အင်္ဂါနေ့မှာ စတင် ရွှေ့ပြောင်းခဲ့ပါတယ်။

ခုလို သံတမန်ရေးအရ ထိခိုက်တဲ့ လက်တုံ့ပြန်မှုမျိုး ရုရှားဖက်က လုပ်တာက Trump အစိုးရရဲ့အခြေအနေကို ရုရှားအစိုးရဖက်က အမှန်အတိုင်း သိမြင်လာကြလို့ ဖြစ်တယ်လို့ ရုရှားလေ့လာသူ Nikolai Petrov ကပြောပါတယ်။

“ ပြင်းထန်ပါတယ်။ Donald Trump သမ္မတဖြစ်လာတော့ ဆက်ဆံရေးသစ် ပြန်စနိုင်မယ်လို့ မျှော်လင့်ထားခဲ့ ကြပေမဲ့ ထင်တဲ့အတိုင်း ဖြစ်မလာတော့ အတော်ကြီး စိတ်ပျက်သွားကြရာကနေ ဖြစ်လာတဲ့ အကျိုးဆက်တွေပါ။ ”

စစ်အေးစစ် ကာလတုန်းကလို အမေရိကန် အပေါ် ရန်လိုတဲ့ လုပ်ရပ်တွေ ပြန်လုပ်လာတဲ့ အတွက် ရုရှားမှာ သမ္မတပူတင် အပေါ် ထောက်ခံမှု ပိုများလာလိမ့်မယ်လို့ ရုရှားအစိုးရ အကြံပေးဟောင်း တယောက်ဖြစ်တဲ့ Gleb Pavlovsky ကပြောပါတယ်။

“ အမေရိကန်ဖက်က ဒဏ်ခတ်အရေးယူမှုတွေ လုပ်တိုင်း အကြီးအကျယ် တုံ့ပြန်မှုတွေ ထွက်ပေါ်လာတာကတော့ ထုံးစံပါ။ အမေရိကန်ကို ဆန့်ကျင်တယ်။ ပူတင်ရဲ့ လုပ်ရပ်ကို ထောက်ခံတယ် ဆိုတဲ့ သဘောထားတွေ ထွက်ပေါ်လာလေ့ ရှိပါတယ်။ တကယ်လို့ ပူတင်ကသာ ဆန္ဒရှိမယ်ဆိုရင် အမေရိကန် ဒဏ်ခတ်တာကို အခွင့်ကောင်းယူပြီး ရွေးကောက်ပွဲ စည်းရုံးထောက်ခံမှုတွေ ရအောင် လုပ်လို့ ရနိုင်ပါတယ်။ ”

မော်စကို မြို့တော် အပြင် တခြား ရုရှားမြို့တွေမှာ ရှိတဲ့ အမေရိကန် အစိုးရ လုပ်ငန်းတွေမှာ အမေရိကန် ဝန်ထမ်းတွေ အပြင် ဒေသခံ ရုရှားလူမျိုးတွေ ကိုလည်း အများအပြား ခန့်အပ်ထားပါတယ်။ အမေရိကန် သံရုံးအနေနဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကို ဆက်လက် လည်ပါတ်သွားနိုင်အောင် လုပ်မှာဖြစ်လို့ လျှော့ချခံရမယ့် ဝန်ထမ်းအများစုဟာ ဒေသခံ ရုရှားဝန်ထမ်းတွေ ဖြစ်နိုင်ပါတယ်။ ရုရှားသမ္မတရဲ့အမိန့်က ရုရှားပြည်သူတွေကိုသာ အဓိက ထိခိုက်နိုင်တယ်လို့ဝါရှင်တန်အခြေစိုက် Brookings Institute သုတေသနအဖွဲ့က သံအမတ်ကြီး Steven Pifer ကသုံးသပ်ပါတယ်။

“ ကျွန်တော့် ယူဆချက်ကို ပြောရရင်တော့ ရုရှားလူမျိုး ရာနဲ့ချီ အလုပ်ပြုတ် သွားနိုင်ပါတယ်။ သံရုံးလုပ်ငန်း လည်ပတ်မှုတွေမှာ ဘယ်ဟာ ပိုအရေးကြီးသလဲလို့ စဉ်းစားကြရင် Visa ထုတ်ပေးတဲ့ လုပ်ငန်းတွေက အရေးတော့ကြီးတယ်။ ဒါပေမဲ့ တခြားဒီထက် အရေးကြီးတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ ကျွန်တော့်အထင် ပြောရရင်တော့ ကောင်စစ်ဌာနမှာ ဝန်ထမ်းတွေ နည်းသွားနိုင်တာမို့ အမေရိကန် သွားချင်တဲ့ ရုရှားလူမျိုးတွေ အနေနဲ့ Visa လျှောက်ရင် အချိန်ပိုကြာ သွားနိုင်ပါတယ်။”

လွှတ်တော် ၂ ရပ်လုံးမှာ အတည်ပြုထားတဲ့ ဒဏ်ခတ်မှု ဥပဒေကြမ်းကို အမေရိကန် သမ္မတ Donald Trump က လက်မှတ်ထိုး အတည်ပြုမယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားဖက်က လုပ်ရပ်ကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာ သမ္မတ Trump ကခုထိ တစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။ ဘယ်လို ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတာကို သုံးသပ်နေပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sarah Huckabee Sanders ကပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG