ရုရှားနိုင်ငံတွင်းက အမေရိကန် သံဝန်ထမ်း ၇၅၅ ယောက် လျှော့ချဖို့ ရုရှား သမ္မတ Vladimir Putin က အမေရိကန် အစိုးရကို ပြောဆိုလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်ရောက် စွက်ဖက်ခဲ့မှုအပေါ် အမေရိကန် ဘက်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်တာကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို ဆောင်ရွက်တာပါ။
ရုရှား အစိုးရဘက်က အမေရိကန် အပေါ် နောက်ထပ် လက်တုံ့ပြန် ဆောင်ရွက်နိုင်ပေမယ့် အခုအချိန်ထိတော့ မလုပ်သေးဘူး လို့လည်း ရုရှား သမ္မတက ရုရှား ရုပ်သံတခုမှာ ပြောဆိုသွားတာပါ။ ရုရှား သမ္မတ အနေနဲ့ မလိုအပ်ဘဲ အကြောင်းမဲ့ သက်သက်လုပ်လိုက်တဲ့ စိတ်မကောင်းစရာ ကိစ္စရပ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပြီး ဒီကိစ္စကို တုံ့ပြန်ဖို့ ဆန်းစစ်နေတယ်လို့ ပြောဆိုပါတယ်။
အမေရိကန် လွှတ်တော်က အီရန်၊ မြောက်ကိုရီးယားတို့ အပါအဝင် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အခု ဒဏ်ခတ်ပိတ်ဆို့မှုက နိုင်ငံတကာ ဆက်ဆံရေးမှာ အမေရိကန်တို့ရဲ့ အလွန်အမင်း ရန်လိုမှုကို ပြသလိုက်တာ ဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပြီး ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ တန်ပြန်ဆောင်ရွက်မယ့်အကြောင်း ပထမဆုံး အကြိမ်အဖြစ် ကြေညာခဲ့ပါတယ်။ ရုရှားနိုင်ငံတွင်းက အမေရိကန် သံတမန်တွေနဲ့ ရုံးလုပ်ငန်းဆိုင်ရာ ဝန်ထမ်း အရေအတွက်ကို အမေရိကန်မှာ ရှိတဲ့ ရုရှား ဝန်ထမ်း အရေအတွက်နဲ့ အတူတူ ဖြစ်သွားအောင် လျှော့ချဖို့ ရုရှား နိုင်ငံခြားရေး ဌာနက အဆိုပြုခဲ့တာပါ။
ရုရှားနိုင်ငံတွင်း အမေရိကန် သံဝန်ထမ်း ၄၅၅ ယောက်ထိ ရောက်အောင် သြဂုတ်လကုန်ပိုင်းမှာ အပြီးသတ် လျှော့ချဖို့လည်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုတာ ဖြစ်ပါတယ်။ ဒီလို လက်တုံ့ပြန် ဆောင်ရွက်မှုကို အစောပိုင်းကတည်းက လုပ်ရမှာလို့ ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkov က သူ့ရဲ့ အမြင်ကို မနေ့ တနင်္ဂနွေနေ့မှာ ABC သတင်းဌာနနဲ့ လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။