သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ကန်ဒဏ်ခတ်မှု Trump သဘောမကျပေမယ့် လက်မှတ်ထိုး


ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှု အသစ်တွေ ချမှတ်မယ့် ဥပဒေမူကြမ်းဟာ သိသာတဲ့ အားနည်းချက်တွေ ပါနေပြီး အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ ပြဌာန်းချက်တွေ ပါဝင်နေတယ်လို့ ပြောထားတဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြု ပြဌာန်းလိုက်ပါပြီ။

ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဝင်စွက်ဖက်ခဲ့တဲ့ အတွက် ရုရှားကို ဒဏ်ခတ်ဖို့ ရည်ရွယ်တဲ့ ဒီဥပဒေမှာ အီရန်နဲ့ မြောက်ကိုရီးယားတို့ အပေါ် ဒဏ်ခတ်အရေးယူမှု အသစ်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကွန်ဂရက် လွှတ်တော်နဲ့ ညှိနှိုင်းတိုင်ပင် တာမျိုးမလုပ်ဘဲ ဒဏ်ခတ်အရေးယူမှုတွေကို သမ္မတက ရုပ်သိမ်းလို့ မရအောင်လည်း ဥပဒေမှာ ကန့်သတ်ထားပါတယ်။

အုပ်ချုပ်ရေးပိုင်းက လုပ်သာကိုင်သာ မဖြစ်အောင် ကန့်သတ်ထားခြင်း အားဖြင့် အမေရိကန် လူထုအတွက် အကျိုးရှိစေမယ့် သဘောတူညီချက်တွေ ရယူဖို့ ပိုပြီး ခက်ခဲအောင် ဒီဥပဒေက လုပ်ထားပြီး တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကို ပိုပြီး နီးကပ် သွားစေမယ်လို့ ဗုဒ္ဓဟူးနေ့မှာ သမ္မတ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် နှစ်ခုထဲက တခုမှာ သမ္မတထရမ့်ပ်က ပြောထားပါတယ်။

ပြဿနာတွေ ရှိစေပေမယ့်လည်း အမျိုးသား ညီညွတ်ရေးကို ရှေ့ရှုပြီးတော့ ဒီဥပဒေမူကြမ်းကို လက်မှတ်ရေးထိုး လိုက်တယ်လို့လည်း သမ္မတရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အမေရိကန် ဥပဒေအသစ်ဟာ ကြီးမားတဲ့ ကုန်သွယ်ရေး စစ်ပွဲတခု ဖြစ်တဲ့ အခြေအနေနဲ့ ကိုက်ညီတယ်လို့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev ကပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အပေါ် တန်ပြန် အရေးယူ လုပ်ဆောင်တာတွေ ရှိလာမယ်လို့ ရုရှားနိုင်ငံခြား ရေး ဝန်ကြီးဌာနကလည်း ပြောပါတယ်။ ရုရှားမှာရှိတဲ့ အမေရိကန် သံဝန်ထမ်း အရေအတွက်ကို အများအပြား လျှော့ချဖို့ လွန်ခဲ့တဲ့ ၃ ရက်မှာပဲ သမ္မတ ဗလာဒီမီယာ ပူတင်က အမိန့် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG