သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးသပိတ်စခန်း အာဏာပိုင်တွေဖြိုခွင်း


ရန်ကုန်- မန္တလေး အစိုးရဆန့်ကျင် သပိတ်မှောက်ပွဲများ။
ရန်ကုန်- မန္တလေး အစိုးရဆန့်ကျင် သပိတ်မှောက်ပွဲများ။

အစိုးရအလိုမရှိကြောင်း သံဃာတော်နဲ့ အမျိုးသားရေး လှုပ်ရှားသူတချို့ဖွင့်လှစ်ထားတဲ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က သပိတ်စခန်းကို အာဏာပိုင်တွေက စနေနေ့မနက် အရုဏ်တက်ချိန်မှာ ဝင်ရောက်ဖြိုခွင်း လိုက်ပါတယ်။ သပိတ်စခန်းကို ပိတ်သိမ်းပေးဖို့ မန္တလေးတိုင်း အစိုးရ ကရော တိုင်းသဃာ့ မဟာနာယကအဖွဲ့ကပါ မေတ္တာ ရပ်ခံဆွေးနွေးခဲ့ပြီးနောက် လုံခြုံရေး တာဝန်ရှိသူတွေက အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

( xxx သပိတ်စခန်း ဝင်ရောက်ရှင်းလင်း ဖမ်းဆီးသံများ xxxx )

အခုကြားလိုက်ရတဲ့အတိုင်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရား အနောက်ဘက် သာသနာ၂၅၀၀ ဗိမာန်ရှေ့မှာ ဒီရက်ပိုင်း စဖွင့် ထားတဲ့ သပိတ်စခန်းကို အာဏာပိုင်တွေက သြဂုတ်လ(၅)ရက် စနေ့မနက် ၂ နာရီကျော်မှာ ဝင်ရောက်ရှင်းလင်း ဖမ်းဆီးတဲ့ အသံတွေ ဖြစ်ပါတယ်။

သပိတ်စခန်းကို ဝင်ရောက်ရှင်းလင်းတဲ့ အခြေအနေနဲ့ပတ်သက်လို့ ချမ်းမြသာစည်မြို့နယ်က NLD ပါတီ မန္တလေးတိုင်း လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်အောင်မိုးက ပြောပြပါတယ်။

"အစိုးရအနေနဲ့လည်း ဒါ တရားဝင် အကြောင်းကြားတယ် သပိတ်စခန်းကို ရုပ်သိမ်းဖို့ပေါ့။ အဲ့လိုပြောပြီး ဆယ်နာရီနောက်ပိုင်းမှာမှ တကယ်လို့ ပြန်လည်မထွက်ခွာသွားရင် ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောထားတယ်။ ပြောထားတော့ ညက ၂နာရီကျော်ကျော် ၂နာရီခွဲလောက်မှာ ဖြိုခွင်းတယ်ဆိုတာတော့ ပုံမှန်တိုင်းပဲ ဝင်တယ် သိမ်းစရာရှိတာ သိမ်းမယ်။ အဲ့လိုပုံစံမျိုး လုပ်သွားတာ။"

အဲဒီစခန်းကို တိုင်းပြည်အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်စီးအောင် ဆောင်ရွက်နေတဲ့ အစိုးရအား ဆန့်ကျင်တဲ့ သပိတ်စခန်းဆိုပြီး အမည်ပေး ဖွင့်လှစ်ခဲ့တာပါ။ ဒီ သပိတ်စခန်းကို သြဂုတ်လ(၄)ရက် သောကြာည (၁၀)နာရီနောက်ဆုံးထား ပိတ်သိမ်းပေးဖို့ အသိပေး အကြောင်းကြားခဲ့ ကြောင်း သောကြာညနေမှာပြုလုပ်တဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးကြီးကျော်ကျော်မင်းက ရှင်းပြပါတယ်။

"သာသနာ၂၅၀၀ ဗိမာန် မှာ ပိတ်သိမ်းပေးဖို့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ သံဃာ့ဝိနည်းနဲ့မညီဘူး။ ဒီလိုလုပ်ဆောင်ခြင်းဟာ သံဃာ့လုပ်ထုံးလုပ်နည်းနဲ့မညီဘူး ဒါကြောင့်ခွင့်မပြုဘူး။ သပိတ်ကို အမြန်ဆုံးရုပ်သိမ်းပေးဖို့ မြို့နယ် သံဃာ့နာကယအဖွဲ့ ကတဆင့် မေတ္တာရပ်ခံပါတယ်။ .....ငြိမ်းချမ်းစွာစုဝေးခြင်း စီတန်းလှည့်လည်ခြင်း ဥပဒေနဲ့ပတ်သက်ပြီးတော့မှ ညီညွတ်မှုမရှိကြောင်း တပါတည်းပြောချင်ပါတယ်။"

သာသနာ၂၅၀၀ ဗိမာန် သပိတ်စခန်းဦးဆောင် သံဃာတော်တပါးကတော့ သူတို့အနေနဲ့ ဒီသပိတ်စခန်းက ရွှေ့မှာမဟုတ်ဘူးလို့ ဖမ်းဆီး ရှင်းလင်းမှုတွေ မတိုင်ခင် သတင်းထောက်တွေကို အခုလိုမိန့်ခဲ့ပါတယ်။

" အဲ့တော့ ဦးဇင်းတို့က ဆန္ဒပြပွဲလည်းမဟုတ်ဘူး သပိတ်စခန်းဖြစ်တဲ့အတွက် နေရာကတော့ ပြောင်းဖို့ အစီအစဉ် အလွယ်တကူမရှိပါဘူး။ နောက်တခါ ဆယ်နာရီမှ ဦးဇင်းတို့မပြောင်းဘူးဆိုရင် အကြမ်းဖက်ဖြိုခွင်းမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတယ် ဒီမိုကရေစီအစိုးရလက်ထက်မှာ သပိတ်စခန်းတွေကို အာဏာသုံးပြီးတော့ ဖြိုခွင်းမယ်ဆိုရင် ဒါဟာ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံမဟုတ်ပဲ အာဏာကိုကျင့်သုံးတဲ့နိုင်ငံဖြစ်သွားမှာပါ။"

လက်ရှိအချိန်ဟာ ရှစ်လေးလုံး လူထုအုံကြွမှု(၂၉)နှစ်ပြည့်ကာလ နီးလာချိန်လဲဖြစ်ပါတယ်။ သံဃာတော်တွေ စတင်လိုက်တဲ့ သပိတ်ကြောင့် မန္တလေးမြို့မှာ အခြေအနေတွေ ပိုရှုပ်ထွေးလာမှာကို မြို့ခံတွေက မလိုလားကြသလို၊ မန္တလေးသံဃာထု အများစုကလဲ ထောက်ခံတာ မတွေ့ရ ဘူးလို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောပြပါတယ်။

"လူထုကတော့ ဒီမလိုလားအပ်တဲ့ဟာတွေ မဖြစ်စေချင်တာပေါ့ ပိုပြီးတော့ ဒါမျိုးကြီးထွားလာတာမျိုးတွေ မဖြစ်စေချင်တာပေါ့ သံဃာတော်တွေ အများစုရှိတဲ့ မန္တလေးမြို့မှာပေါ့ ဒါအခု တကယ်တမ်း သပိတ်စခန်းမှာ အများဆုံးရှိတာက ဆယ်ပါးကျော်ကျော်လောက်ရှိတာဆိုတော့ ဒါ သံဃာထုရဲ့ ကိုယ်စားပြုတာမဟုတ်ဘူးလို့ ကျနော်ပြောနိုင်ပါတယ်။ သံဃာတော်တွေဟာ အွန်လိုင်းပေါ်မှာတင်တဲ့ သပိတ်စခန်း အနေအထားကိုကြည့်ရတာ လက်မခံဘူးရှုတ်ချတဲ့သဘောရေးတာတွေ တွေ့ပါတယ်။ "

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မန္တလေးမှာ ညှိနှိုင်းလို့မရတဲ့အဆုံး တောင်သူလယ်သမားတွေရဲ့ သပိတ်စခန်းကို အာဏာပိုင်တွေ ဖြိုခွင်း ခဲ့ပြီး၊ အဓိက တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ အရေးယူကာ ကျန်တဲ့ လယ်သမားတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG