သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ထဲက တရုတ်လူလုပ်ကျွန်းအနီး ကန်စစ်သင်္ဘောဖြတ်တဲ့အပေါ် တရုတ်မကျေနပ်


အမေရိကန် USS John S. McCain စစ်သင်္ဘော။
အမေရိကန် USS John S. McCain စစ်သင်္ဘော။

မဟာဗျူဟာကျတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက တရုတ်ရဲ့ လူလုပ်ကျွန်းတခုအနီးမှာ အမေရိကန် စစ်သင်္ဘောတစင်း ဖြတ်သန်းသွားခဲ့ပြီး တဲ့နောက် ဒီကိစ္စကို လုံး၀ မကျေနပ်တဲ့အကြောင်းကို တရုတ်အစိုးရက ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန် USS John S. McCain စစ်သင်္ဘောဟာ တရုတ်ဥပဒေနဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး တရုတ်အစိုးရရဲ့ အချုပ်အချာအာဏာနဲ့ လုံခြုံရေးကို ထိပါးတဲ့ တချိန်တည်းမှာ၊ ရှေ့တန်းမှာ တာဝန်ကျနေကြတဲ့ တရုတ်ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေတယ်လို့ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ က ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဖြတ်သန်းသွားတဲ့သင်္ဘောဟာ အမေရိကန်စစ်သင်္ဘော ဖြစ်တယ်ဆိုတာကို တရုတ်ရေတပ်က သိတာနဲ့ သတိပေးပြီး နှင်ထုတ်ခဲ့တယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။ အမေရိကန် ဖြတ်သင်္ဘော ဟာ Mischief သန္တာကျောက်တန်းကနေ ရေမိုင် ၆ မိုင်အကွာလောက်မှာ ဖြတ်သန်းသွားခဲ့ပြီး ဒါဟာ နိုင်ငံတကာ ရေပိုင်နက်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှု ဆောင်ရွက်ချက် တစိတ်တပိုင်းအဖြစ် လုပ်ဆောင်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် ရေတပ် အရာရှိတဦးက ပြောပါတယ်။

အခုလို လွတ်လပ်စွာ ရေကြောင်းသွားလာရေး ဆောင်ရွက်ချက်ကို အမေရိကန်ပြည်ထောင်စု မှာ Donald Trump သမ္မတ တာဝန်စယူတဲ့ ဇန်နဝါရီလကစလို့ လုပ်ဆောင်လာခဲ့တာမှာ ဒီတကြိမ်ဟာ တတိယအကြိမ် ဖြစ်ပါတယ်။ အမေရိကန် စစ်တပ် အနေနဲ့ နိုင်ငံတကာ ဥပဒေနဲ့အညီ လွတ်လပ်စွာ ရေကြောင်း၊ လေကြောင်း သွားလာမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောဆိုထားပါတယ်။ တောင်တရုတ်ပင်လယ်ပြင် တခုလုံးနီးပါးကို သူ ပိုင်တယ်လို့ ပြောနေတဲ့ တရုတ်နိုင်ငံ ကတော့ ခုလို သွားလာမှုတွေကို မကြာခဏ ကန့်ကွက်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG