သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ထိန်းချုပ်ရာ တောင်တရုတ်ပင်လယ်ကျွန်းတခုအနီး ကန်ရေတပ်သင်္ဘောခုတ်မောင်း


တရုတ်ပိုင်ကျွန်းတခု

တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ကြေညာထားတာကို စိန်ခေါ်တဲ့လုပ်ရပ်တခုအဖြစ် အမေရိကန် ရေတပ်စစ်သင်္ဘောတစင်းဟာ တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက ထိန်းချုပ်ထားတဲ့ ကျွန်းတခုအနီး ခုတ်မောင်းခဲ့ပါတယ်။

အမေရိကန်ရေတပ်က ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး တပ်ဆင်ထားတဲ့ USS Dewey ဖျက်သင်္ဘောဟာ Spratly ကျွန်းစုထဲက Mischief ကျောက်တန်းအနီး ရေမိုင် ၁၂ မိုင် အတွင်း ခုတ်မောင်းခဲ့ကြောင်း အမေရိကန် စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုက နိုင်ငံတကာ ရေပိုင်နက်မှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်တွေကို ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေတာ ဖြစ်ကြောင်းလည်း အမေရိကန်စစ်တပ် ပြောခွင့်ရသူ ဗိုလ်မှူး Jamie Davis က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

အမေရိကန် တပ်ဖွဲ့တွေဟာ တောင်တရုတ်ပင်လယ်ပြင်မှာ နေ့စဉ်လိုလို သွားလာလှုပ်ရှားနေပြီး၊ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ လေယာဉ်ပျံသန်းမှုတွေ၊ သင်္ဘော ခုတ်မောင်းမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အမေရိကန်စစ်တပ်ရဲ့ ဒီကနေ့ လှုပ်ရှားမှုတွေဟာ သမ္မတ Donald Trump လက်ထက်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူကတော့ အမေရိကန်ရဲ့ ကင်းလှည့်တဲ့ အစီအစဉ်ဟာ တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ရေကြောင်းသွားလာမှု အများဆုံးထဲက တခုဖြစ်တဲ့ ဒေသမှာ တရုတ်နိုင်ငံက လူလုပ်ကျွန်းတွေ တည်ဆောက်နေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဝေဖန်နေကြတာပါ။ တရုတ်နိုင်ငံက အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ ဒေသမှာ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ် တို့ အပါအ၀င် တခြားအာရှ နိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြတဲ့အတွက် အခြေအတင် အငြင်းပွားမှုတွေနဲ့ ကြုံနေရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG