သုံးရလွယ်ကူစေသည့် Link များ

မူးယစ်သုံး ပြစ်ဒဏ် လျှော့ပေါ့မှု ရလဒ်ဘယ်လိုဖြစ်မလဲ


ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများ ဖျက်ဆီးတဲ့အခမ်းအနား။

အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့က အတည်ပြုလိုက်တဲ့ မူးယစ်ဆေးဝါးဥပဒေ ပြင်ဆင်ချက်ကြောင့် မြန်မာနိုင်ငံတွင်း မူးယစ် ဆေးဝါးသုံးစွဲသူဦးရေ ပိုများလာမှာကို စိုးရိမ်မိကြောင်း ဆရာဝန်တွေနဲ့ ဥပဒေပညာရှင်တွေက ပြောဆိုလိုက်ကြပါတယ်။ ဒါပေမယ့် ဆေးစွဲသူ တွေကို ကုသမှု၊ ပြန်လည်ထူထောင်ရေးတွေ ဦးစားပေး လုပ်သွားမှာဖြစ်ပြီး သူတို့ရဲ့ပြစ်မှုအကြိမ် အရေအတွက်ပေါ် မူတည်ပြီးမှ ရာဇ၀တ်မှုနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ မူးယစ်ဆေးထိန်းချုပ် ရဲတပ်ဖွဲ့ အရာရှိဟောင်းတဦးက ပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

မူးယစ်ဆေး သုံးစွဲသူတွေကို ပြစ်ဒဏ်ချရာမှာ ထောင်ဒဏ်ချမှတ်မယ့်အစား လူမှုရေး အကျိုးပြုလုပ်ငန်းတွေမှာ ၀င်ရောက် လုပ်ကိုင်ပေးရမယ့် ပြစ်ဒဏ်တွေအဖြစ် ပြောင်းလဲကျင့်သုံးသွားဖို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဥပဒေပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်က သြဂုတ်လ (၁၇)ရက် နေ့က အတည်ပြုပေး လိုက်တာပါ။

ဒီလိုလျှော့ပေါ့ ပြင်ဆင်ပေးလိုက်တာကြောင့် မူးယစ်ဆေး သုံးစွဲသူတွေ ပိုများလာနိုင်တယ်လို့ အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။

" ကျနော့်အမြင်တော့ ဒီလိုဥပဒေပြင်ဆင်လိုက်တာ မူးယစ်ဆေးဝါးသုံးတဲ့သူတွေ ပိုနည်းသွားမယ်လို့ မထင်ဘူး။ ပိုတောင်များလာနိုင်တယ် ဘာဖြစ်လို့လဲဆိုလို့ရှိရင် သူတို့က ငါတို့စားတယ် သုံးတယ်ဆိုလို့ရှိရင် ငါတို့ထောင်မကျဘူး။ အလုပ်ပဲ လုပ်ခိုင်းတယ်ဆိုပြီးတော့မှ ပိုပြီးတော့မှ ရဲရင့်လာမယ် ကြောက်လာကြမယ်မထင်ဘူး ဆိုတော့ ပိုပြီး တိုးလာမှာကိုတောင် ကျနော်တို့က စိုးရိမ်တယ်။"

အခုပြင်ဆင်လိုက်တဲ့ မူးယစ်ဆေးဝါးဥပဒေ အသစ်ကြောင့် လူငယ်တွေ မူးယစ်ဆေး ပိုသုံးစွဲလာအောင် ဖိတ်ခေါ်သလို ဖြစ်နေပြီး အန္တရာယ် တခုလို့မြင်ကြောင်း သုံးသပ်သူက တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ဖြစ်ပါတယ်။

" မူးယစ်ဆေးဝါးထုတ်လုပ်တဲ့သူတွေကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူနိုင်တာမရှိပဲနဲ့ ဒီဥပဒေကို ပြဌာန်းလိုက်တော့ သုံးစွဲတဲ့သူတွေ များပြီးတော့ အဂတိလိုက်စားမှုတွေ ပိုလာနိုင်တယ် မူးယစ်ဆေးဝါးထုတ်လုပ်နေတာတွေကို ရအောင်ဖော်ထုတ်ရမယ် လက်တွေ့အားဖြင့် ဒဏ်ချမှတ်တာကို လုပ်ရမယ်ဗျ။ အခုဟာက အဲ့လိုမလုပ်ပဲနဲ့ သုံးစွဲတဲ့သူတွေကို ထောင်ချတဲ့စနစ်ကို ပြောင်းလဲလိုက်တဲ့အခါကျတော့ ထောင်ကျတာမှမဟုတ်ပဲနဲ့ဆိုပြီး ပိုပြီးတော့ သုံးစွဲလာကြလိမ့်မယ် အဲ့တာ အန္တရာယ်တခုပဲလို့ပြောချင်ပါတယ်။"

ပြည်ထဲရေးဝန်ကြီးဌာနက ပြင်ဆင်လိုက်တဲ့ မူးယစ်ဆေးဝါးဥပဒေထဲမှာ ဆေးကုသပေးရေး၊ ပြန်လည် ထူထောင်ပေးရေးအပိုင်းနဲ့ ပြစ်ဒဏ်တွေ ပြောင်းလဲကျင့်သုံးဖို့ပါဝင်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှာ ဒုတပ်ဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ အငြိမ်းစား ရဲမှူးကြီး မြင့်သိန်းက VOA ကိုပြောပါတယ်။

" အခုနောက်ပိုင်းမှာကျတော့ မူးယစ်ဆေးဝါးသုံးစွဲမှုကို ကျန်းမာရေးပြသနာသဘောမျိုး ကျနော်တို့က ရှု့မြင်တယ်။ ဒါကလည်း လုံးလုံး ကျနော်တို့က သူတို့ကို ခွင့်ပြုထားတဲ့သဘောမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ပြစ်မှုအကြိမ်ရေပေါ်မူတည်ပြီးတော့မှ အရေးယူမှု ပြုလုပ်မှာဖြစ်ပါတယ်။ အရင်တုန်းကတော့ ချက်ခြင်းကြီးအရေးယူတယ် အခုကျတော့ သူ့ကိုပြုပြင်မယ် ဆေးကုသမှုတွေလုပ်မယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်မယ် သို့သော်လည်းပဲ ဒါကိုမှ အကြိမ်ကြိမ်သူက ပျက်ကွက်တယ်ဆိုရင်တော့ အရေးယူတဲ့အပိုင်း ပါပါတယ် ဒီဥပဒေမှာက။"

မူးယစ်ဆေးသုံးသူတွေပေါ် ဥပဒေပြင်ဆင်ခဲ့တာ မှန်ပေမယ့်၊ မူးယစ်ဆေး မှောင်ခိုရောင်းဝယ်မှုတွေကိုတော့ ရှာဖွေဖေါ်ထုတ်ပြီး အရေးယူတဲ့ အပိုင်းမှာ အရင်ကအတိုင်း ဥပဒေတင်းကြပ် လုပ်ဆောင်နေတုန်းပဲလို့ အငြိမ်းစားရဲမှူးကြီး မြင့်သိန်းကပြောပါတယ်။

ဒါပေမယ့် လက်တွေ့မှာ အထူးသဖြင့် ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ လူငယ်ပိုင်းက မူးယစ်ဆေးစွဲသူ ပိုများနေတယ်လို့ မကြာသေးခင်က ရှမ်းပြည်နယ်ကို အလည်ပတ် ရောက်ခဲ့သူ ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။

" ကချင်ပြည်နယ်ဘက်မှာတဲ့ င်္သချိုင်းမှာဆိုလို့ရှိရင် အသက်၆၀ကျော် င်္သချိုင်းတောင် သိပ်မရှိတော့ဘူးတဲ့ အသက် ၃၀ကျော် ပတ်ဝန်းကျင် သုံးဆယ်ကျော် င်္သချိုင်းတွေက အများကြီးတွေ့ရမယ်တဲ့ ဘာဖြစ်လို့လဲဆိုရင် လူငယ်တွေက အများကြီးသေပြီတဲ့။ ဥပမာ ကျောင်းပတ်ပတ်လည်မှာရော လမ်းဘေးနားမှာရော ချောင်ကျိုချောင်ကြားမှာရော ဆေးထိုးအပ်တွေချည်းပဲ ပစ်ထားတာ ထိုးနေကြတာ ဘယ်လောက်ကြောက် စရာကောင်းလဲ ရှမ်းပြည်မှာလည်း ဒီအတိုင်းပဲ လားရှိုးဘက်မှာ မူဆယ်ဘက်မှာ လူငယ်တွေဆိုလို့ရှိရင် ၈၀% လောက်စွဲနေပြီ ကျောင်းမှာဆိုရင်လည်း ၈တန်း ၉တန်း ဆယ်တန်းအထိတောင် ကလေးတွေ ဆေးစွဲနေပြီ။ဆေးရောင်းတဲ့သူကလည်း တခါ တည်း မော်တော်ဆိုင်ကယ်နဲ့ ကျောင်းဘေးနားမှာ ပတ်ပတ်ပြီးတော့မှ လာရောင်းနေတာ။ အဲ့သလောက်အထိ ဆိုးရွားနေပြီ အခုအခြေအနေက။ ဆိုတော့ အခုသုံးစွဲနေတဲ့သူတွေကို ထောင်မချတော့ဘူး အလုပ်ကြမ်းပဲ လုပ်ခိုင်း ဒါမျိုးပဲ ဒဏ်ခတ်လိုက်ဆိုရင် ဒီထက်တောင် ပိုများလာမလားမသိတော့ဘူး။ အဲ့တာ အရမ်းစိုးရိမ်စရာကောင်းတယ်။"

အကျဉ်းထောင်တွေမှာရှိတဲ့ အကျဉ်းသားဦးရေရဲ့ ထက်ဝက်ကျော်ဟာ မူးယစ်ဆေးအမှုနဲ့ ထောင်ကျလာသူတွေဖြစ်ပြီး အဲဒီထဲမှာ မူးယစ်ဆေး သုံးစွဲမှုကြောင့် ထောင်ကျသူက ပိုများကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP-B ကပြောပါတယ်။

အခုပြင်ဆင်လိုက်တဲ့ ဥပဒေအရ မူးယစ်ဆေးသုံးစွဲသူတွေကို ဖမ်းမိလို့ ပြစ်ဒဏ်ပေးတဲ့အခါ လူမှုအကျိုးပြု လုပ်ငန်းတွေဖြစ်တဲ့ သစ်ပင်စိုက်တာ ၊ လမ်းတံတာပြင်တာ၊ သန့်ရှင်းရေး လုပ်ငန်းတွေမှာ အခကြေးငွေမယူဘဲ ကြီးကြပ်သူတွေရှေ့မှာ သတ်မှတ်ဝတ်စုံနဲ့ သတ်မှတ်နာရီ ပြည့်အောင် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG