သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် ပလက်ဝမှာ ရခိုင်တပ် AA နဲ့ မြန်မာ့စစ်တပ် တိုက်ပွဲဖြစ်


 Arakan Army ရခိုင်တပ် - သတင်းနှင့် ပြန်ကြားရေးဌာန သတင်းဓာတ်ပုံ
Arakan Army ရခိုင်တပ် - သတင်းနှင့် ပြန်ကြားရေးဌာန သတင်းဓာတ်ပုံ

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ် ကုလားတန်မြစ်အနောက်ဖက်အခြမ်း၊ "ကန်သရက်" တောင်တန်း ပေါ် မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AAတို့အကြား မနေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပါတယ်။ တိုက်ပွဲအတွင်း မြန်မာ့ တပ်မတော်ဘက်က ထိခိုက်မှုတွေ များပြားသလို ရခိုင်တပ်မတော်ဘက်က စစ်လက်နက် ပစ္စည်းတွေ အများပြား သိမ်းဆီးရခဲ့တယ်လို့ ရခိုင်တပ်မတော်ဘက်က ပြောပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရနဲ့ NCAအပစ်ရပ်စာချုပ်လက်မှတ်မထိုးနိုင်သေးတဲ့ ရခိုင့်တပ်မတော်AAနဲ့ မြန်မာ့တပ်မတော်တို့အကြား ချင်းပြည်နယ်ပလက်ဝမြို့နယ် ကုလားတန်မြစ် အနောက်ဖက်အခြမ်း၊ "ကန်သရက်" တောင်တန်းပေါ်မှာ မနေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပါတယ်။

ဒီဖြစ်တဲ့တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုများပြားတယ်လို့ ရခိုင့်တပ်မတော်ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကပြောပါတယ်။

" မနေ့က တိုက်ပွဲဖြစ်တာက ခမရ ၅၆၆ ပေါ့ အဲ့ဒီ့သံတွဲအခြေစိုက်တပ်ရင်းက ကျျနော်တို့ ရခိုင်တပ်မတော် တပ်မဟာ ၂လက်အောက်ခံ စစ်ဗျူဟာ ၂ တပ်ရင်း ၂၁၄ အခြေပြုတဲ့ဒေသကို ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် အဲ့ဒီ့မှာ တိုက်ပွဲဖြစ်တာဗျ။ မနေ့က ၃၁ရက်နေ့ ညနေ ၃ နာရီလောက်မှ စဖြစ်တာဗျ။ တိုက်ပွဲအချိန်က တစ်နာရီလောက်ကြာတယ်။ ဗမာ့တပ်မတော်ဘက်က တော်တော်လေး အကျအဆုံး များတယ်ဗျ။ ဆုတ်ခွာသွားတဲ့အခါ အလောင်း ၆လောင်းပြန်တွေ့တယ်။ ဒဏ်ရာ အများအပြားရပြီးတော့ သူတို့ဆုတ်ခွာသွားတယ်။"

ဒီတိုက်ပွဲအတွင်း ရခိုင့်တပ်မတော်ဘက်ကနေ အလောင်း(၆)လောင်းအပါအဝင် ပစ္စတို(၁)လက် လက်နက် ကြီး ၆၀ မမ (၁) လက် MA-2 စစ်သေနတ် (၁) လက် MA -ချေမှုန်းရေးရိုင်ဖယ် (၄) လက်MA-4 ၄၀ မမဗုံးပစ် လောင် ချာတွဲ(၁) လက် အပါအဝင် RPG အသီး ၄၀- မမလောင်ချာအသီးနဲ့ ၊ စစ်အသုံးအဆောင်ပစ္စည်း ခဲယမ်းမီး ကျောက် အများအပြားကို သိမ်းဆည်းရမိတယ်လို့ ခိုင်သုခကပြောပါတယ်။

ဒီလိုဖြစ်တဲ့တိုက်ပွဲဟာ ရခိုင့်တပ်မတော်အဖွဲ့ကနေ ကန်သရက်" တောင်တန်းပေါ်မှာ အကြမ်းဖက်အဖွဲ့တွေ ရောက် ရှိနေတယ်လို့ တပ်မတော်ကို လူလွှတ် အကြောင်းကြားခဲ့ပြီး တပ်မတော်ကနေ နယ်မြေရှင်းလင်းဖို့ အလာမှာ ခြုံခို တိုက်ခိုက်ခဲ့လို့ အခုလို အထိနာခဲ့တယ်ဆိုပြီး သတင်းတွေပေါ်ထွက်နေပါတယ်။

ဒီသတင်းဟာ မဟုတ်မှန်ဘူးလို့ ရခိုင့်တပ်မတော်ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကငြင်းဆိုပါတယ်။

" အဲ့ဒီ့ဘက်မှာ ဘယ်ဘင်္ဂလီစခန်းမှ မရှိဘူးဗျ။ ဘင်္ဂလီတွေနဲ့ဖြစ်နေတာက ဘူးသီးတောင် နဲ့ မောင်တောဘက်မှာ ဖြစ်နေတာ။ အခုဖြစ်နေတာက ပလက်ဝမြို့နယ် အထက်ပိုင်း အဲ့ဒီ့နေရာနဲ့ ဘင်္ဂလီတွေနဲ့ပြသနာဖြစ်နေတဲ့ နေရာနဲ့ဆိုရင်တော့ ကီလိုမီတာ ၉၀ကျော်လောက်ဝေးတယ်။ မိုင် ၆၀ လောက်ဝေးတာပေါ့။"

လက်ရှိရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဒေသမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေဟာ ဒေသ ခံရွာသားတွေနဲ့ လုံခြုံရေး အဖွဲ့တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်လာလို့ တပ်မတော်ကနေ အင်အား အလုံးအရင်းနဲ့ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ရာမှာ အကြမ်းဖက်သမားတွေမရှိတဲ့ ပလက်ဝမြို့နယ်ဘက်ကို ထိုးစစ်ဆင်လာလို့ အခုလိုတိုက်ပွဲဖြစ်ပွါးခဲ့တာလို့ ရခိုင့်တပ်မတော်ဘက်က ဆိုပါတယ်။

တပ်မတော်အနေနဲ့ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းနှင့် လုံခြုံရေး အတွက် ကြိုးပမ်းဆောင်ရွက်ချိန်တွင် AA အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့က တပ်မတော် စစ်ကြောင်းတစ်ခုကို ၂၀၁၇ ဩဂုတ်လ ၃၁ ရက်နေ့မှာ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခဲ့လို့တပ်မတော်ဘက်မှ အရာရှိ/ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး ယင်းလုပ်ရပ်အတွက်တပ်မတော်အနေနဲ့ ပြင်းထန်စွာပြစ်တင် ရှုံ့ချတဲ့အပြင် ထိရောက်စွာ လက်တုံ့ပြန် တိုက်ခိုက်ချေမှုန်း သွားမယ်လို့လဲ တပ်မတော် ကနေ ဒီကနေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ် နှုန်းဘူးရွာအနီး ကန်သရက်" တောင်တန်းမှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံ ရွာသားတွေ စိုးရိမ် နေကြရတယ်လို့ ပလက်ဝဒေသခံကိုပီတာကဆိုပါတယ်။

" ပလက်ဝကနေ ၂၅ မိုင်လောက် ဝေးတဲ့နေရာ နှုန်းဘူးအထက်ပေါ့ အဲ့နားလေးမှာ AA နဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်တယ် ဒါပေမဲ့ ဒေသခံတွေ မထိဘူးလို့ပြောတယ်။ သူတို့တောထဲမှာဖြစ်တယ် ဆိုတော့လေ သေနတ်သံတွေကြားတော့ ဒီဘက်ခြမ်းတွေကတော့ ကြောက်နေကြတယ်လေ။ သေနတ်သံတွေကြားတော့ ထိတ်လန့်မှုတွေတော့ ရှိတာပေါ့။ အရင်ကလည်း ခနခနဖြစ်တယ်ဆိုတော့လေ"

၂၀၁၇ ခုနှစ်အတွင်းပလက်ဝမြို့နယ်ထဲမှာမြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်တို့ အကြား တိုက်ပွဲ(၅)ကြိမ်ဖြစ်ပွါး ခဲ့ပါတယ်။ ရခိုင့်တပ်မတော်AAဟာ NCAအပစ်ရပ်လက်မှတ်ရေးထိုးဖို့ တပ်မတော်ဘက်က လက်မခံသေးသလို စစ်ရေးတင်းမာ နေဆဲအခြေအနမှာရှိနေပါတယ်။

ရခိုင်တပ်မတော်ဟာ UWSP ဝပြည်သွေးစည်းညီညွတ်ရေးပါတီကနေဦးဆောင်တဲ့ မြောက်ပိုင်းဒေသတိုင်းရင်းသား လက်နက်ကိုင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCCအဖွဲ့ဝင်တခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG