သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ကလေးငယ် ၂သိန်း ၄သောင်း ထွက်ပြေးလာဟု UNICEF ဆို


ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်မာျး (စက်တင်ဘာ ၁၄-၂၀၁၇)
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်မာျး (စက်တင်ဘာ ၁၄-၂၀၁၇)

ရခိုင်ပြည်နယ် မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာသူတွေထဲမှာ ခန့်မှန်းချေ ကလေးငယ် ၂ သိန်း ၄ သောင်းလောက် ပါဝင်ကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ခန့်မှန်းချေ ဒုက္ခသည်ပေါင်း ၃၉၁,၀၀၀ လောက်အနက် ၆၀ ရာခိုင်နှုန်းလောက်ဟာ ကလေးတွေ ဖြစ်ကြပြီး၊ ဒီအထဲက ၃၆,၀၀၀ လောက်ဟာ အသက် ၁ နှစ်အောက် အရွယ်တွေ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ပြောခွင့်ရသူ Marixie Mercado က ပြောဆိုလိုက်တာပါ။

ဒုက္ခသည်တွေထဲမှာ ကိုယ်ဝန်ဆောင်နဲ့ နို့စို့အရွယ်ရင်သွေးရှိတဲ့ မိခင်အရေအတွက်က ၅၂,၀၀၀ ရှိတယ်လို့လည်း ပြောပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေထဲမှာ မိဘအုပ်ထိန်းသူမရှိတဲ့ ကလေးငယ် ၁,၁၀၀ ပါဝင်ကြောင်းလည်း ကုလသမဂ္ဂ ရုံးချုပ်ရှိရာ ဂျနီဗာမြို့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ UNICEF ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ သိန်းနဲ့ချီ ရောက်လာနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ နိုင်ငံတကာက မြန်မာအစိုးရအပေါ် ဝေဖန်မှုတွေလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေတာပါ။

ရခိုင်ပြည်နယ်က အခြေအနေနဲ့ ပတ်သက်လို့ မနေ့တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson တို့က စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ထပ်မံ ပြောဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နားလည် သဘောပေါက်ပေမဲ့၊ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေကို ဟန့်တားနိုင်ဖို့ လိုကြောင်း ဝန်ကြီး Tillerson က ပြောဆိုခဲ့သလို၊ ရက်စက်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံးရပ်အောင် လုပ်ဖို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးကလည်း လန်ဒန်မြို့တော်က ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ လုံခြုံရေးအာဏာပိုင်တွေက ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ရင်လည်း ဖော်ထုတ်အရေးယူမှာ ဖြစ်ကြောင်း ကတိပြုထားသလို၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း နိုင်ငံတွင်းမှာ ရှိနေသူတွေဟာ နိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတာကြောင့်၊ ပဋိပက္ခဖြစ်ရာဒေသက လူအားလုံးကို ကူညီစောင့်ရှောက်နိုင်အောင် ကြိုးပမ်းနေကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG