သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေကို စာနာမှု အကူအညီပေးရေး ကုလ တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ။ ( စက်တင်ဘာ ၃၀-၂၀၁၇)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ။ ( စက်တင်ဘာ ၃၀-၂၀၁၇)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ ဆက်လက် ထွက်ပြေးနေကြဆဲ ဖြစ်တာကြောင့်၊ အရေးပေါ် အကူအညီပေးနိုင်အောင် ပြင်ဆင်ထားဖို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ထောင်နဲ့သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ရှိနေဆဲဖြစ်ပြီး၊ နောက်ထပ် အလုံးအရင်းနဲ့ ထပ်ထွက်လာရင် အကူအညီ ပေးနိုင်ဖို့လည်း အသင့်ပြင်ထားလိုကြောင်း လူသားချင်းစာနာမှုနဲ့ အရေးပေါ် အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mark Lowcock က ပြောဆိုလိုက်တာပါ။

လိုအပ်နေသူတွေအတွက် အကူအညီပေးဖို့ ဒီနှစ် စက်တင်ဘာလကနေ၊ ရှေ့နှစ် ဖေဖော်ဝါရီလအထိ ၆ လစာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၄၃၄ သန်းလောက် လိုအပ်နိုင်တယ်လို့လည်း မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်ကပြန်ရောက် လာခဲ့တဲ့ လက်ထောက် အတွင်းရေးမှူးချုပ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ARSA အစွန်းရောက် အုပ်စုက သြဂုတ်လ ၂၅ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး၊ နောက်ဆက်တွဲ လုံခြုံရေးအာဏာပိုင်တွေရဲ့ စစ်ဆင်ရေးတွေကြားမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာသူပေါင်းဟာ အခုနောက်ဆုံး ၅၁၅,၀၀၀ အထိ ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်တွေကို အရေးပေါ် အကူအညီပေးဖို့ ရှေ့လာမယ့် ၆ လအတွင်း နောက်ထပ်ဒေါ်လာ ၈၄ သန်းနီးပါး လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

တချိန်တည်းမှာပဲ ပဋိပက္ခဖြစ်ရာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေ မသွားနိုင်တဲ့အတွက် စိုးရိမ်စရာတွေ ကြုံနေရကြောင်း နော်ဝေဒုက္ခသည်ရေးရာကောင်စီ က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG