သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ၂ နှစ်ပြည့် အပစ်မရပ်အဖွဲ့တွေ တက်ရေး မသေချာ


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြစဉ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြစဉ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာပြုလုပ်မယ့် NCA ရေးထိုးမှု ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အပစ်မရပ်သေး တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေတက်ရောက် ပါဝင်ရေးအတွက် အစိုးရနဲ့NCAအပစ်ရပ်အဖွဲ့တွေကနေ ဖိတ်ကြား လာပေမဲ့ တက်ရောက်နိုင်ရေးမှာမသေချာတဲ့အခြေအနေမှာရှိနေတာပါ။ NCAလက်မှတ် မရေးထိုးနိုင်သေးတဲ့ UNFC အဖွဲ့နဲ့မြောက်ပိုင်းဒေသ လက်နက်ကိုင်အဖွဲ့တို့အနေနဲ့ တပ်ပေါင်းစုအဖွဲ့ လိုက်ဖိတ်တာမျိုးမဟုတ်ဘဲ အနီးကပ်မှ တဖွဲ့ချင်းသီးခြား ဖိတ်ခဲ့တဲ့အတွက် တက်ရောက်ဖို့အခက်ခဲရှိနေတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

လာမယ့်အောက်တိုဘာ(၁၅)ရက်နေ့မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့တာ၂ နှစ်ပြည့် ပြီးဖြစ်ပါတယ်။ NCAနှစ်ပတ်လည်ပွဲအခန်းအနားပွဲကို နေပြည်တော်မှာကျင်းပသွားမှာဖြစ်ပြီး အပစ်မရပ်သေးတဲ့အဖွဲ့တွေကို ဖိတ်ကြားထားပေမဲ့ အခန်းအနား တက်ရောက် နိုင်ရေးမှာမသေချာသေးပါဘူး။

UWSAခေါ်ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့အနေနဲ့ အခမ်းအနား တက်ရောက်ဖို့ ဖိတ်စာရရှိထားပေမဲ့ တက်ရောက် ရေးအခြေအနေကိုမသိရသေးဘူးလို့ ပြောရေးဆိုခွင့်ရှိသူဦးအောင်မြင့်ကပြောပါတယ်။

"ဖိတ်စာတော့ရပြီးနော်။ မပြောတတ်ဘူး။ ကျွန်တော်တော့မသိဘူး။"

အခန်းအနားတက်ရောက်မှုအစီအစဉ်ရှိမရှိ တဖွဲ့ခြင်းတက်မလား မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့ တက်ရောက် မလား ဆိုတဲ့မေးခွန်းအပေါ် ပြန်လည်ဖြေဆို တာမျိုးမရှိခဲ့ပါဘူး။

လက်ရှိမြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွါးနေဆဲ အဖွဲ့ဖြစ်တဲ့ TNLAတအာင်း ပလောင်အဖွဲ့ကိုလဲ အခန်းအနားတက် ရောက်ဖို့ ဖိတ်စာလက်ခံရရှိခဲ့ပေမဲ့ အခန်းအနား တက်ရောက်ဖို့ မသေချာဘူးလို့ အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်ကပြောပါတယ်။

"ဖိတ်ကြားတာတော့ရှိတယ်။ မနေ့ကဘဲဖိတ်စာရောက်တာပေါ့နော်။ ဖိတ်စာကလဲ ဒီFPNCC အနေနဲ့ ဖိတ်မယ်ဆိုရင် အကုန်လုံးပါမှ ကျွန်တော်တို့တက်ဖို့ရှိတယ်ခင်ဗျ။ အခုက တဖွဲ့ခြင်းအနေနဲ့ဖိတ်တော့ ကျွန်တော်တို့တက်ဖို့ တော့ မရှိသေးဘူး။ ဒီFPNCCရဲ့ခွင့်ပြုချက်မရတော့ ကျွန်တော်တို့ကလဲတက်ရောက်ဖို့တော့မရှိဘူး။"

အလားတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် KIOကချင်လွတ်လပ်ရေးအဖွဲ့အနေနဲ့လဲ NCAအခန်းအနားတက်ရောက် ဖို့ မဖြစ်နိုင်တော့ဘူးလို့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူကဆိုပါတယ်။

"အခုချိန်ထိကတော့ ကျွန်တော်တို့ဗဟိုကော်မီတီက ဘာမှညွှန်ကြားချက် ဘာမှမရှိသေးဘူးခင်ဗျာ့။ ဖိတ်ကြားတဲ့စာတွေ လဲ လက်ခံရရှိပြီးလားမသိဘူး။ မနေ့ကတော့ ဘာမှလက်ခံရရှိတာမရှိသေးတော့ ပြောတာ။ ဒီနေ့(၁၃)ရက်ရှိပြီးဆို တော့ ခုထက်ထိ ဘာမှညွှန်ကြားချက်လဲမရှိဘူး။ ကျွန်တော်ထင်တယ် ရက်ကလဲအရမ်းနီးကပ်တယ်ဆိုတော့ သွားဖို့ ဆိုတာ သိပ် အဆင်မပြေလောက်ဘူးထင်တယ်။"

မြောက်ပိုင်းဒေသလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့၇ ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်း ဆွေးနွေး ရေးကော်မတီ (FPNCC) အနေဖြင့် ဖိတ်ကြားခြင်းမဟုတ်ဘဲ အဖွဲ့တချို့ကိုသာသီးခြားခွဲပြီးဖိတ်ကြားနေလို့ NCA အခန်းအနားတက်ရောက်ဖို့ကမသေချာတော့တဲ့အခြေအနေမှာရှိနေပါတယ်။

ထို့နည်းတူ မြန်မာအစိုးရနဲ့ငြိမ်းချမ်းရေးတည်ဆောက်ရေးမှာ NCAလမ်းကြောင်းကို လက်ခံတဲ့ UNFCခေါ် ညီညွတ် သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ အနေနဲ့လဲ (၂)နှစ်ပြည့် NCAအခန်းအနားတက်ရောက်ဖို့က မသေချာသေးပါဘူး။

UNFCဥက္ကဌနိုင်ဟံသာကတော့ UNFCအဖွဲ့ဝင်တိုင်းကိုဖိတ်ကြားလာသလို အခန်းအနားတက်မတက်ကတော့ (UNFC)ရဲ့နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့(DPN)အပေါ်မှာမူတည်တယ်ဆိုပြီးမွန်ဘာသာလို ပြောပါတယ်။

"ဖိတ်တော့ဖိတ်ထားတယ်။ UNFCအဖွဲ့ဝင်တိုင်းကိုဖိတ်ကြားထားတယ်။ အခန်းအနားတက်ဖို့မတက်ဖို့က မသိသေး ဘူး။ ဒီကိစ္စကို DPNကိုအပ်ထားတယ်။ DPNအဖွဲ့အနေနဲ့ တက်ချင်လဲတက် မတက်ချင်လဲမတက်နဲ့လို့ အကြမ်း ဖျင်းပြောထားတယ်။ တက်ရေးမတက်ရေးဟာ DPNရဲ့ဆန္ဒအတိုင်းဘဲ။"

UNFC တပ်ပေါင်းစု ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်အနေနဲ့ကတော့ လက်ရှိUNFCအဖွဲ့ အတွင်း တာဝန်ရှိသူတွေ ခရီး လွန်နေကြတဲ့အတွက် အခန်းအနား တက်မတက်ဆိုတာ အတိအကျပြောလို့မရသေးဘူးလို့ မီဒီယာတွေကိုပြောဆို ခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာပြုလုပ်မဲ့ NCA ရေးထိုးမှု ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အပစ်မရပ်သေး တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရောက်ပါဝင်ရေးအတွက် အစိုးရနှင့် အပစ်ရပ် ၈ ဖွဲ့တို့ကနေ ဒီလ (၁၀)ရက်နေ့မှာ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးပြီး အတည်ပြုဖိတ်ကြားလာတာလဲဖြစ်ပါတယ်။

(၂)နှစ်ပြည့် NCAအခန်းအနားတက်ရောက်ရေးအတွက် အပစ်မရပ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ကို အချိန်ကပ်မှဖိတ်ခေါ်တာရယ် တပ်ပေါင်းစုအနေနဲ့ဖိတ်တာမဟုတ်ဘဲ တဖွဲ့ချင်စီသာဖိတ်ကြားတဲ့အတွက် တက် ရောက်ဖို့က မသေချာတဲ့ အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG