သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA အကောင်အထည်ဖော်မှုဆိုင်ရာ အရေးပေါ်စည်းဝေး ထိုင်းမှာကျင်းပ


မှတ်တမ်းဓာတ်ပုံ- ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ကြစဉ်။
မှတ်တမ်းဓာတ်ပုံ- ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ကြစဉ်။

မြန်မာအစိုးရနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်(၈)ဖွဲ့ကနေ NCA အကောင်ထည်ဖေါ်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနဲ့ NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနား ကျင်းပရေး အစီအစဉ်နဲ့ ပတ်သက်လို့ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ပြီး နှစ်ရက်တာ ဆွေးနွေးခဲ့ကြတာပါ။ NCA ၂ နှစ်ပြည့် အခမ်းအနားမှာ အစိုးရရဲ့ သဘောတူညီချက်အရ NCA လက် မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြားသွားမယ်လို့လည်း NCA အပစ်ရပ်ခေါင်းဆောင် တွေက ပြောပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ထိုင်းနိုင်ငံအတွင်း ကျင်းပပြီးစီးခဲ့တဲ့ အရေးပေါ်အစည်းအဝေးရဲ့ ထူးခြားမှု အခြေအနေကိုတော့ NCA လက်မှတ် ရေးထိုး တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ပြောရေးဆိုခွင့် ရှိသူ ခွန်မြင့်ထွန်းက VOA ကို အခုလို ပြောပါတယ်။

“ NCA အကောင်ထည် ဖေါ်မှုဆိုင်ရာ ပြန်လည်သုံးသပ်တဲ့ အစည်းဝေးတရပ်ကို ကျင်းပဖို့ပါ။ NCA ကို ကျနော်တို့ အကောင်အထည ်ဖေါ်ခဲ့ကြတယ်။ (၂) နှစ်တာ ကာလ အကောင်အထည်ဖေါ်ခဲ့ရာမှာ အားနည်းချက် အားသာချက် အဲဒါတွေ ပြန်လည်သုံးသပ်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေကို ဆက်ပြီးတော့ သွားနိုင်အောင် ဖြစ်ပါတယ်။ JICM-အစည်းဝေးကို ခေါ်ယူကျင်းပပြီး အခါကျရင် အဲဒီ အစည်းအဝေးရဲ့ တရားဝင် အတည်ပြုချက် အရပေါ့လေ အဲတာကို ကျင်းပဖို့ရှိပါတယ်။ ”

NCA လက်မှတ်ထိုး တိုင်းရင်းသား အဖွဲ့တွေအနေနဲ့ JICM ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး စာချုပ် အကောင်အထည် ဖေါ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပပြီးရင် NCA အကောင်ထည်ဖေါ်မှု ဆိုင်ရာ ပြန်လည်သုံးသပ်တဲ့ အစည်းဝေးတရပ်ကို ခေါ်ယူသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

လာမဲ့ အောက်တိုဘာ (၁၅) ရက်နေ့မှာတော့ NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနား ကျင်းပရာမှာ NCA လက်မှတ် မရေးထိုးနိုင်သေးတဲ့ UNFC အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ခွန်မြင့်ထွန်းက ပြောပါတယ်။

“ အခု(၂) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကိုရော UNFC ကိုရော ကျွန်တော် တို့ရဲ့ NCA မှာ လက်မှတ်ရေးထိုး ပါဝင်ခြင်း မပြုသေးတဲ့ ကျွန်တော်တို့ ညီတော် နောင်တော် အဖွဲ့အစည်းတွေကို ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဖိတ်ကြားနိုင်ဖို့အတွက် ကျွန်တော်တို့ PPST အနေနဲ့အစိုးရကို အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ အစိုးရကလည်း ဒီအချက်ကိုလက်ခံပြီးတော့ ကျွန်တော်တို့ နှစ်ဖွဲ့အကြား သဘောတူညီချက်နဲ့ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။ NCA ကို ကျွန်တော်တို့ အကောင်အထည် ဖေါ်တဲ့အခါမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည် ဖေါ်ပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်ဖို့ အတွက်ရာမှာ ကျွန်တော်တို့ (၈) ဖွဲ့ထဲနဲ့ ဆောင်ရွက်လို့ မပြည့်စုံပါဘူး။”

ကရင်အမျိုးသား အစည်းအရုံး KNU၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF စတဲ့အဖွဲ့တို့ ပါဝင်ပြီး၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုး ထားတာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာ (၁၅) ရက်နေ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနား ကျင်းပနိုင်ရေးအတွက် NCA အဖွဲ့ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရအဖွဲ့တို့ဒီကနေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ NCA (၂) နှစ်ပြည့် အခမ်းအနား ကျင်းပမယ့် ကိစ္စနဲ့စပ်လျှဉ်းလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလိုပြောပါတယ်။

“ (၂)နှစ်မြောက် နှစ်ပတ်လည်ကိုတော့ နိုင်ငံတော်အစိုးရက အသိမှတ်ပြု ဂုဏ်ပြုတဲ့ အနေနဲ့ နိုင်ငံတော်အဆင့် အခမ်းအနား ပြုလုပ်ဖို့ရှိပါတယ်။ အဲဒီကျင်းပတဲ့ နေရာမှာလည်း ကျွန်တော်တို့ ပူးတွဲပုံသဏ္ဍာန်ပေါ်အောင် ဖိတ်ကြားမယ့် သူတွေ အခမ်းအနား အစီအစဉ်တွေ ဖိတ်ကြားမယ့် လူဦးရေတွေ အဲတာတွေကိုလည်း ကျွန်တော်တို့ ပူးပေါင်းညှိနှိုင်းကြပါတယ်။ ဒီနှစ်ပွဲကတော့ မနှစ်ကပွဲထက်ပိုပြီးတော့ အဓိပ္ဗါယ်ပြည့်ဝတဲ့ ပွဲလို့ ပြောနိုင်တာပေါ့။”

မြန်မာအစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အနေနဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အဖွဲ့ ၈ ဖွဲ့နဲ့သာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ကျန်ရှိတဲ့ အဖွဲ့တွေ အနေနဲ့ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွါးခဲ့တဲ့ ဆူပူအကြမ်းဖက်မှု အရေးအခင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်နေပေမဲ့ NCA(၂) နှစ်ပြည့် အခမ်းအနားအပြီး အားကောင်းလာမယ်လို့ မျှော်လင့်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလိုပြော ပါတယ်။

“ တဖက်ကလည်းပဲ ရခိုင်အရေးအခင်းလို နိုင်ငံတကာ အရေးအခင်း ပုံစံပေါက်လာတော့ အဲတာကိုလည်း ဖြေရှင်းရတော့ နိုင်ငံ တော် အကြီးအကဲတွေအနေနဲ့ လက်မလည်အောင် အလုပ်များသွားတာလည်း ဖြစ်နိုင်တာပေါ့။ အဲဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကလည်း နည်းနည်းလေး အားပျော့သွားတာပေါ့။ သို့သော် အခု ဒီနှစ်ပတ်လည်နေ့ကို အကြောင်းပြုပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တဆင့်တိုး မြင့်တင်လာတဲ့ အခြေအနေ ဖြစ်လာမှာပေါ့ဗျာ။ ရခိုင်အရေးကလည်း မသိမသာနဲ့ တော်တော်လေး ငြိမ်သွားပြီ ဆိုတဲ့အခါကျတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ နိုင်ငံတော် အကြီးအကဲတွေ ပိုပြီးတော့ အားစိုက်နိုင်မဲ့ အခြေအနေဖြစ်လာနိုင်တာပေါ့။ ”

လက်ရှိမှာ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ ၄ ဖွဲ့အနေနဲ့NCA လက်မှတ် ရေးထိုးရေးမှာ အဆင်သင့် မဖြစ်သေးသလို UWSA ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းတိုင်းရင်းသား(၇)ဖွဲ့အနေနဲ့လည်းNCA လမ်းကြောင်းကို လက်မခံဘဲ ငြိမ်းချမ်းရေး ပုံစံသစ်နဲ့ ဆွေးနွေးသွားဖို့သဘောထား ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG