သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်အလောင်းတွေ့မှု သေဆုံးသူတွေဟာ အပြစ်မဲ့အရပ်သားတွေဖြစ်ဟု ARSA အစွန်းရောက်ဆို


အင်းဒင်သုသာန်အလောင်းတွေ့မှု နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အင်းဒင်သုသာန်အလောင်းတွေ့မှု နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အရပ်သားနဲ့ စစ်သားတချို့ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ မူဆလင် ၁၀ ဦး ဟာ စစ်တပ်က ပြောဆိုထားသလို၊ အကြမ်းဖက်သမားတွေ မဟုတ်ကြဘဲ အပြစ်မဲ့အရပ်သားတွေသာဖြစ်ကြောင်း ARSA အစွန်းရောက်အုပ်စုက ပြောဆိုလိုက်ပါတယ်။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ အသတ်ခံခဲ့ရသူတွေဟာ သူတို့အဖွဲ့နဲ့ ဆက်နွယ်မှု မရှိကြောင်းနဲ့ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှု ကျုးလွန်ကြောင်း ဝန်ခံပြောဆိုချက်အပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်းလည်း ARSA အဖွဲ့က Twitter လူမှုကွန်ယက်မှာ ဖော်ပြခဲ့တာကို Reuters သတင်းက ကိုးကားဖော်ပြခဲ့တာပါ။

မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေး ကတော့ ဒေသခံရွာသားတွေနဲ့ အကြမ်းဖက်သမားတွေ ပူးပေါင်းမှုတွေ ရှိနေပြီး ခွဲခြားဖို့ ခက်ခဲကြောင်းနဲ့ ARSA အဖွဲ့ဝင်တွေ ဟုတ်မဟုတ် ဆိုတာကို သိနိုင်ဖို့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ဒီသီတင်းပတ် အစောပိုင်း ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁ ရက်နေ့က တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိထားတဲ့ ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ယောက်ကို စစ်တပ်က စစ်ဆေးမေးမြန်းပြီး နောက်တနေ့မှာပဲ သတ်ဖြတ်ခံခဲ့ရတာဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။

အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ သေဆုံးခဲ့ရသူ ဒေသခံတဦးအတွက် လက်စားချေလိုကြတဲ့ မိသားစုဝင် ၂ ဦး အပါအဝင် ရွာသား ၃ ဦးနဲ့အတူ တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်မှုကျုးလွန်ခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့ရတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူမှာ ဖြစ်သလို၊ တာဝန်ရှိသူတွေကို အသိပေး အကြောင်းကြားဖို့ ပျက်ကွက်သူတွေနဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကိုပါ အရေးယူမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ သတ်ဖြတ်မှုကျုးလွန်ရာမှာ တပ်မတော်သားတချို့ ပါဝင်ခဲ့ကြောင်း ဝန်ခံပြောဆိုတာဟာ တရားဥပဒေ စိုးမိုးရေးအတွက် တိုးတက်မှု ခြေလှမ်းတခုဖြစ်ကြောင်း မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။ ဒီလိုဖြစ်ရပ်တွေကို စုံစမ်းဖော်ထုတ်ခြင်းအားဖြင့် အလားတူ ဖြစ်ရပ်မျိုးတွေကို ဟန့်တားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း မြန်မာနိုင်ငံမှာ အလည်အပတ် ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG