သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒေါက်တာအေးမောင် ဖမ်းဆီးခံရ


ဒေါက်တာ အေးမောင်

ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ်ပွဲမှာ ဟောပြောခဲ့တာနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကို ဒီကနေ့ ဖမ်းဆီးခဲ့ပြီး စစ်တွေထောင်မှာ ထိန်းသိမ်းထားပါတယ်။ လောလောဆည်မှာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ တရားစွဲဆိုနိုင်ကြောင်း သတင်းတွေထွက်ပေါ်နေပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ဒီလ ၁၅ရက်နေ့က ကျင်းပတဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် ၀မ်းနည်းခြင်းအထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဟောပြောခဲ့တာနဲ့ပတ်သက်ပြီး အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို ဒီကနေ့ နေ့ခင်း၁၂နာရီခွဲလောက် ဖမ်းဆီးခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်ကနေ အမှတ်၁ ရဲစခန်းကို ခေါ်ဆောင်ခဲ့တာဖြစ်ပြီး အဖမ်းခံတာကို ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။

“အခုပဲ ရဲတွေ လာခေါ်တာဗျ။ ကျနော် စစ်တွေက အိမ်မှာပါ။ အိမ်ကလာခေါ်တာလေ။ အခုရဲစခန်းကို ရောက်နေပြီ။ ရဲစခန်းရှေ့ကို ရောက်နေပြီ။”

ဒေါက်တာအေးမောင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) (ဂ)အပြင် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)(၂) အမှုဖွင့် တရားစွဲဆိုဖို့ ရှိကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒေါက်တာအေးမောင်က အစိုးရက စွဲဆိုထားတဲ့အမှုတွေကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ဥပဒေအတိုင်းပေါ့ဗျာ။ ကျနော်တို့က ပြောခဲ့တဲ့ အသံဖိုင်လည်း ရှိတယ်။ ရေးသားထားတဲ့ note တွေလည်း ရှိတယ်။ အဲဒါနဲ့ စွဲချက်တွေက မှန်၊ မမှန်ကို ပြန်လုပ်ရမှာပေါ့နော်။”

လက်ရှိဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်က အခုလို ဆက်ပြောပါတယ်။

“ ပြဿနာကို ကျနော်တို့က ပြေလည်အောင်ဖြေရှင်းတဲ့နေရာမှာ ဆင်ခြင်တုံတရားဟာ အရေးကြီးတယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပြောတာကိုးဗျ။ တွေ့ဆုံဆွေးနွေးပြီးအဖြေရှာမယ်ဆို။ ကျနော်တို့က ပြည်ထောင်စုပြဿနာက ရှိနေတာကိုး။ တိုင်းရင်းသားပြဿနာကလည်းရှိနေဆဲဖြစ်တယ်လေ။ ကျနော်တို့ကတော့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အခွင့်အရေးတွေ ရစေချင်တာပေါ့ဗျာ။ တန်းတူ အခွင့်အရေးရှိဖို့ တိုင်းရင်းသားပါတီတွေ တည်ထောင်ကြတာပေါ့ဗျာ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေရအောင်လေ။ အဲလို လုပ်တဲ့အခါမှာ Freedom of expression က အရေးကြီးတယ်ဗျ။ နိုင်ငံသားများရဲ့ မူလအခွင့်အရေးလေ။ အဲဒါလေးကို ဦးတည်ပြီးတော့မှ ကျနော်တို့က တောင်းကြ ဆိုကြတာပေါ့ဗျာ။ ဒီမိုကရေစီတံခါးပေါက်ကို ရှိဖို့လိုတယ်ဗျာ။ အာဏာရှင်တံခါးပေါက်ကိုကျဉ်းဖို့ လိုတာပေါ့ဗျာ။ အဲဒီသဘောပါပဲ။ ”

လက်ရှိမှာ ဘယ်ပုဒ်မတွေနဲ့ အမှုဖွင့် တရားစွဲဆိုထားတယ်ဆိုတာတော့ အတည်ပြုချက် ရယူဖို့ စစ်တွေမြို့ အမှတ်၁ရဲစခန်း၊ ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်တွေမြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်မြကျော်ကတော့ ဒေါက်တာအေးမောင်ကို စစ်တွေထောင်မှာ ထိန်းသိမ်းထားတယ်လို့ အခုလို ပြောပါတယ်။

“ အိမ်ကနေ ပထမ အမှတ်၁ ရဲစခန်းကို ခေါ်ထားတယ်။ ပြီးရင် တရားရုံးကို ယူသွားတယ်။ တရားရုံးက ရမန်လို့ ခေါ်မလား အဲဒါ ယူသွားပြီးရင် ထောင်ချုပ်ကို အခုတော့ ပို့လိုက်ပါပြီ။ စစ်တွေထောင်မှာပေါ့။ ကျနော်တို့လည်း တရားရုံးရှေ့ကို မ၀င်ကြည့်တော့ အမှုတော့ တိတိကျကျ မသိရသေးဘူး။ အဲဒီပုဒ်မတွေကိုလေ။ ”

အစိုးရသတင်းထုတ်ပြန်ချက်မှာတော့ရသေ့တောင်မြို့မှာ ဟောပြော တဲ့ဒေါက်တာအေးမောင် နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ဒီလ ၁၆ရက်နေ့က မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)(၂) အမှုဖွင့်ထားကြောင်း နဲ့ အဲဒီနေ့ ညမှာပဲ ဝေဟင်အောင်(ခ) အောင်ကျော်ဝင်းကို စစ်တွေထောင်မှာ ချုပ်နှောင်ထားကြောင်း ဒီနေ့ ထုတ်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒီလ ၁၆ရက်နေ့ညနေမှာ မြောက်ဦးမြို့မှာကျင်းပမယ့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် ၀မ်းနည်းခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲမှာအာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။ ဒီလို ပိတ်ပင်လိုက်တဲ့အတွက် ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့နောက်မှာ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာကြောင့် အနည်းဆုံး လူ ၇ယောက်သေဆုံးခဲ့ပါတယ်။

ဒေါက်တာအေးမောင် ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:03:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG