သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာအေးမောင်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲဆိုဖွယ်ရှိ


အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်
အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို မတရားအသင် အက်ဥပဒေပုဒ်မ ၁၇ (၁) အပြင် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု - ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၁ (ခ) (ဂ) နဲ့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ တို့နဲ့ အမှုဖွင့် အရေးယူဖို့ရှိပါတယ်။ ဒေါက်တာအေးမောင်ကို အရေးယူဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကလည်း ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

မခွာညိုက ဆက်ပြီးပြောပြမှာပါ။

ရခိုင်စာရေးဆရာတဦးဖြစ်တဲ့ ဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့ကို မတရားသင်းပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် အခုနောက်ဆုံးမှာ တော့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု - ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၁ (ခ) (ဂ) နဲ့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ တို့နဲ့ပါ စွဲဆိုတော့မယ်လို့ သိရပါတယ်။

ဒေါက်တာအေးမောင်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့အတွက် သူ့ကို တရားစွဲဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့ သဘောတူ ခွင့်ပြုချက် လိုအပ်တာဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကလည်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာအေးမောင်ကို အခုလို တရားစွဲဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲဆိုတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဲဒါက ရသေ့တောင်မှာ သူတို့ ပြောဆိုသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဒီဥစ္စာသည် ထာဝရ ငြိမ်းချမ်း ရေး ဆောင်ရွက်နေတဲ့ အချိန်မှာ ပြည်သူလူထုကို ထင်ယောင် ထင်မှားဖြစ်အောင် ပြောဆိုတဲ့ စကားလေးတွေ သုံးနှုန်းသွားတာတွေ ရှိပါ တယ်။ နည်းနည်း မဟုတ်ပါဘူး။ အများကြီး ပြောသွားတာပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဒါ အရေးယူဖို့ အတွက် အမှုဖွင့်မှာလေ။ အမှုဖွင့်တော့ စာရေးဆရာ ဝေဟင်အောင် နဲ့ ဆရာ ဒေါက်တာ အေးမောင်ရယ် ၂ ယောက်ပေါ့။ အမှုဖွင့်မှာ။”

ရခိုင်ဘုရင့် အချုပ် အခြာ အာဏာ ကျ ဆုံးတဲ့ ၂၃၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲကျင်းပရေးနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဒေသခံရခိုင်ပြည်သူတွေ ကြား အခြေအနေ တင်းမာလာရာကနေ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ခရိုင်အုပ်ချုပ်ရေး စခန်းရှေ့မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး လူ ခုနစ်ဦး သေဆုံး၊ တဒါဇင်လောက် အရေးပေါ်အခြေအနေမှာ ဆေးကုသခံ နေရပြီးတဲ့နောက် အခုလို ဒေါက်တာအေးမောင်ကို ဖမ်းဆီး၊ တရားစွဲဆိုဖို့ ရခိုင်ပြည်နယ် အစိုးရက ဆောင်ရွက်ခဲ့တာပါ။

ရခိုင့်အချုပ်အခြာ အာဏာကျဆုံးတဲ့ အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဝေဟင်အောင်က - နိုင်ငံရေးမှာ လက်ဝါးဖြန့်တောင်း မရလို့ လက်ညှိုးကွေး တောင်းတဲ့အဖွဲ့ ပေါ်လာကြောင်းနဲ့ AA ရခိုင့်တပ်မတော်က ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာပြန်ရဖို့နဲ့ ဗမာ့ကျွန်အဖြစ်က လွတ်မြောက်ဖို့ အားလုံးမှာ တာဝန်ရှိကြောင်း ပြောကြားခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ ဒေါက်တာအေးမောင်ကလည်း ရခိုင်လူမျိုးတွေကိုဗမာ့ကျွန် အဖြစ်လောက်သာ ထားပြီး တန်းတူအခွင့်အရေး မပေးကြောင်း၊ အချုပ်အခြာ အာဏာရရှိရေးအတွက် နည်းလမ်း ၂ ခုသာရှိကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးနည်းဖြစ်ပြီး ဒေါက်တာအေးမောင်ကိုယ်တိုင်ကတော့ နောက်တနည်းဖြစ်တဲ့ လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက်နေကြောင်း၊ လက်ရှိ နိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း - စသဖြင့် ဟောပြောသွားတယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ - ဇန်နဝါရီလ ၁၅ ရက်မှာ နှစ်စဉ် ကျင်းပနေကျ ရခိုင့်အချုပ်အခြာ အာဏာ ကျဆုံးတဲ့အထိမ်းအမှတ်ပွဲကို နန်းတော်ရာကုန်းမှာ ကျင်းပမြဲအတိုင်း ကျင်းပဖို့ ခွင့်တောင်းခံခဲ့ရာမှာ ငြိမ်းစုစီ ဥပဒေအရ ပြန်လည် ခွင့်ပြုမိန့်တောင်းခံဖို့ ပြောခဲ့ပြီးနောက် ပွဲကျင်းပဖို့ ၄၈ နာရီ မတိုင်ခင်မှာ ခွင့်ပြုမိန့်တင်ရမယ့်စည်းကမ်းချက်အရ သတ်မှတ်ချိန် မလုံလောက်တဲ့အတွက် အစိုးရဘက်က ကျင်းပခွင့်မပေးခဲ့ရာကနေ အခြေအနေတင်းမာလာပြီး လှည့်လည် ဆန္ဒပြရာကနေ လူအုပ်ကို ပစ်ခတ်ဖြိုခွဲခဲ့ရာကနေ လူ သေဆုံးတဲ့အထိ ဖြစ်သွားခဲ့ရတာပါ။

အဓိကရုဏ်းအတွင်း လူသေဆုံးမှုနဲ့ပတ်သက်လို့ မြောက်ဦးမြို့ ဒေသခံ ကိုကျော်ထွီးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"အခုဆုံးသွားတာကတော့ ၇ ယောက်ပါ။ အဲဒီ၇ ယောက်ကိုလည်း မြောက်ဦးမြို့နယ်ရဲ့ သုသာန် ကိုရောက်နေပါပြီ။ နောက်တဦးကတော့ ဆေးရုံမှာကျန်တာက ခြေသလုံးတို့၊ ပေါင်တို့ ပြီးလို့ရှိရင် ဒီ မေးစေ့မှာ ဒဏ်ရာရတဲ့လူ ၄ ယောက်ရှိပါတယ်။ စစ်တွေကို အရေးပေါ် တင်သွား တာက ၈ ယောက်ပါ။ အဓိက ကြားနေရတာတော့ သွေးထွက်လွန်တာ တို့ဖြစ်လို့ ပြောပါတယ်။"

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝဘ်ဆိုက်မှာတော့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး အဝင်တခါးကို ချိုးဖျက်ဝင်ရောက်လာကြပြီး လူအင်အားကလည်း ၄ ထောင်ဝန်းကျင်အထိ ဖြစ်လာချိန်မှာ ရဲတပ်ဖွဲ့အင်အားက ၃၀ သာရှိကြောင်း ဖော်ပြထားပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်လို့အရပ်သား သေဆုံးမှုတွေအပေါ် သေမှုသေခင်းဖွင့်ထားသလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်မှု ရှိမရှိကိုလည်း စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးသွားမယ်လို့ ဖော်ပြထားပါတယ်။

တကယ်လို့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု - ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၁ (ခ) (ဂ) တို့နဲ့ ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချခံရမယ်ဆိုရင် သေဒဏ်အထိ စီရင်ချက် ချမှတ်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG