သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးအဓိကရုဏ်း လုံခြုံရေးကိုင်တွယ်မှုအပေါ် ဝေဖန်ချက်များ


မြောက်ဦးအဓိကရုဏ်း လုံခြုံရေးကိုင်တွယ်မှုကို တုံ့ပြန်ဆန္ဒပြ
မြောက်ဦးအဓိကရုဏ်း လုံခြုံရေးကိုင်တွယ်မှုကို တုံ့ပြန်ဆန္ဒပြ

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းမှာ ရဲတပ်ဖွဲ့က လူစုခွဲပစ်ခတ်နှိမ်နင်းတာကြောင့် လူ ၇ ဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖက်က အင်အားသုံးကိုင်တွယ်ခဲ့တယ်လို့ ယူဆမှုတွေရှိသလို၊ ဒီကိစ္စတခုလုံးအပေါ်မှာ အစိုးရဖက်က စနစ်တကျ တာဝန်ယူဖြေရှင်း ဖို့လိုတယ်လို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ဗွီအိုအေ သတင်းထောက် မမေခက စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

မြောက်ဦးဆန္ဒပြပွဲကိုရဲတပ်ဖွဲ့ ဘက်က နှိမ်နင်းမှုမှာ ခုချိန်အထိ လူ ၇ ဦးသေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရထားပါတယ်။ ဒဏ်ရာရသူထဲက ၈ ဦးကိုတော့ စစ်တွေဆေးရုံကို ပို့ပြီး အတွင်းလူနာအဖြစ်ကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရရတယ်ဆိုတာကို အတည်ပြုထားပေမယ့်၊ ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီက လက်နက်ဝင်လုပြီး အကြမ်းဖက် တာကြောင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲလုပ်ငန်း အဆင့်ဆင့်နဲ့ဆောင် ရွက်ပြီး နောက်ဆုံး သေနက်နဲ့ပစ်ခတ်လူစုခွဲခဲ့ရတယ်လို့ ဆိုပါတယ်။ အဓိကရုဏ်းကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရပြီး၊ အုပ်ချုပ်ရေးမှုးရုံးနဲ့ မော်တော်ယာဉ်အချို့ ဖျက်ဆီးခံရတယ်လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ဒီလိုထိခိုက်ဒဏ်ရာရလာတဲ့ အထိဖြစ်ခဲ့တဲ့ အဓိကရုန်းဖြစ်ပွားမှု အပေါ် အခုလို သုံးသပ်ပါတယ်။

"စာရေးဆရာတယောက်ကလည်း အဖမ်းခံရတဲ့အချိန်၊ ခွင့်ပြုချက်မရတဲ့အချိန်မှာ တာဝန်ယူ စီစဉ်တဲ့လူတွေအနေနဲ့ ဒီလူအုပ်ကြီးကို ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းတဲ့နေရာမှာတော့ အားနည်းတယ်လို့ မြင်တယ်။ လက်တွေ့ ဒီပြဿနာမှာတော့ ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာတော့ အင်အားအလွန်အကျွံသုံးပုံရတယ်လို့ ကျနော်ပြောရမှာပါ။ ဒါနဲ့ ပတ်သက်ပြီးတော့ သေချာကိုင်တွယ် စစ်ဆေးဖို့ လိုမယ်လို့ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် NLD အစိုးရလက်ထက်မှာ ဖြစ်တယ်။ ပြည်ထဲရေးက ကာကွယ်ရေး (တပ်မတော်) ခန့်တယ်ဆိုတဲ့ အကြောင်းပြချက်လောက်နဲ့ကမပြီးဘူးခင်ဗျ ။ ဒီကိစ္စမှာ NLD ပြည်ထောင်စုအစိုးရအနေနဲ့ရော ရခိုင်ပြည်နယ် အစိုးရအနေနဲ့ရော တာဝန်ခံမှု တာဝန်ယူမှု ရှိစွာနဲ့ ဒီပြဿနာကို ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းဖို့ လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။"

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ရက် ညက ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း အောက်မေ့ ဖွယ်အခမ်းအနားကို မြောက်ဦးမြို့ နန်တော်ရာကုန်းမှာ ဟောပြောပွဲနဲ့ ပြဇာတ်အစီအစဉ်တွေနဲ့ကျင်းပဖို့ မြို့ခံတွေ ကစီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြောက်ဦးနန်းတော်ကုန်းဟာ ရှေးဟောင်းအမွေအနှစ် နေရာတစ်ခု ဖြစ်တဲ့အတွက် ရှေးဟောင်းဌာနနဲ့ ခရိုင်ရဲတပ်ဖွဲ့ မှူးက အဲဒီနေရာမှာကျင်းပခွင့်ကို တားမြစ်ခဲ့ပြီး ကျင်းပရေးကော်မတီကလည်း အခမ်းအနားကို ဖျက်သိမ်းဖို့ ဆုံးဖြတ် ခဲ့ပါတယ် ။အခုလိုတားမြစ်ပိတ်ပင်တာကို မကျေနပ်တဲ့မြို့ခံတွေက နန်းတော်ရာကုန်းကနေတစ်ဆင့် ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးရှေ့ကို အုပ်စုလိုက်ချီတက်ဆန္ဒပြ ခဲ့ကြသလို ခဲတွေနဲ့ လှမ်းပစ်ခဲ့ကြ တာကြောင့် ရဲက လူအုပ်ကြားထဲကို သေနတ် နဲ့ပစ်ခတ်ပြီး လူစုခွဲခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။

သေဆုံးသွားတဲ့လူ ၇ ဦးဟာ မြို့ပေါ်ရပ်ကွက်ကအများဆုံးပါဝင်ပြီး ဆယ်ကျော်သက် အရွယ် လူငယ်တွေ ဖြစ်တယ် လို့လည်း ပြောပါတယ်။ ဒီနေ့နေ့လည်ပိုင်း မှာ မြောက်ဦးဆေးရုံ ကိုလာရောက်ကြည့်ရှုတဲ့ လူ ၃၀၀ ကျော် လောက် ရှိနေပြီး ရဲတပ်ဖွဲ့က လုံခြုံရေးကို တင်းကျပ်ထားတယ်လို့ ရခိုင်အမျိုးသားပါတီ အတွင်းရေးမှုး ဦးထွန်းအောင်ကျော် ကပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ အဓိကရုန်းနဲ့ပတ်သတ်လို့ အစိုးရဘက်က မလိုလားအပ်ဘဲ အင်အားသုံးဖြေရှင်းခဲ့တယ်လို့ ဆိုပါတယ်။

"ဥပမာ သဘောတခုက ကျနော်တို့မှာ ဆန္ဒပြပွဲတွေဖြစ်လာမယ်ဆိုရင် ရေနဲ့တားမယ်၊ မျက်ရည်ယိုဗုံးတွေနဲ့ တားမယ် နောက်တခုက အမျိုးမျိုးပေါ့ အဲဒီလိုမဖြစ်ပဲနဲ့ ဒီလောက်အထိ လူ၇ ယောက် အဲဒီအခင်းဖြစ်တဲ့နေရာမှာ သေသွားအောင်ဖြစ်တယ်ဆိုတဲ့ကိစ္စက တော်တော်လေးကို အသေအပျောက်များတယ်လို့ ကျနော်တို့အနေနဲ့ ဝမ်းနည်းစွာ ကြေကွဲစွာခံစားရပါတယ်ခင်ဗျ။"

လက်ရှိအချိန်တွင် မြောက်ဦးမြို့မှာ တည်ငြိမ်နေတယ်ဆိုပေမယ့်လည်း သေဆုံးသူတွေကို သဂြိုလ်ခွင့် မပေးသေး တာ၊ တာမို့ မလိုလားအပ်တဲ့ တင်းမာမှုများ ဖြစ်လာနိုင်မှာကို စိုးရိမ်တယ်လို့ ဦးထွန်းအောင်ကျော်ကပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒီဖြစ်စဉ်အတွက် အစိုးရဘက်က စနစ်တကျ တာဝန်ယူဖြေရှင်းဖို့လို တယ်လို့ သုံးသပ်လိုက်ပါတယ်။

"လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်မှာလည်း စိန်ခေါ်မှုတွေ အကျပ်အတည်းတွေ အများကြီးရှိနေတယ်။ နောက်အဲဒီလိုအခြေအနေမျိုးမှာ ထိလွယ်ရှလွယ်တဲ့ အခြေအနေမျိုးမှာ အစိုးရရော လုံခြုံရေး တပ်ဖွဲ့ဝင်တွေရော ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ နိုင်ငံတကာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လူ့အခွင့်အရေး စံချိန်စံညွန်းတွေနဲ့ အညီ ချဉ်းကပ်ဖြေရှင်းနိုင်ဖို့က အရေးကြီးတယ်ဆိုတာကို ဒီဖြစ်စဉ်ကနေ မီးမောင်းထိုးပြနေတယ်။"

မြောက်ဦးမှာလုပ်ဖို့ စီစဉ်ထားတဲ့ ဟောပြောပွဲမှာ ရခိုင်လွှတ်တော်အမတ် ဒေါက်တာအေးမောင်လည်း ပြောဆိုဖို့ရှိနေတာပါ။ ဒါပေမယ့် အဲဒီမတိုင်ခင်တရက်က ရသေ့တောင်မှာလုပ်တဲ့ ဟောပြောပွဲနဲ့ပတ်သက်လို့ အစိုးရနဲ့နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး၊ ဟောပြောပွဲမှာပါဝင်တဲ့ ဒေါက်တာအေးမောင်နဲ့ ရခိုင်လူငယ်စာရေးဆရာ ကိုဝေဟင်အောင်တို့ကို ပုဒ်မ ၅၀၅ (ခ) နဲ့ အစိုးရဖက်က အရေးယူ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ စာရေးဆရာ ဝေဟင်အောင်ကိုတော့ ဖမ်းဆီးထားပါတယ်။ ဥပဒေအရ လွှတ်တော်အမတ်တဦးကို ဖမ်းဆီးဖို့ဆိုရင်တော့ လွှတ်တော်ရဲ့ခွင့်ပြုချက်လိုအပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG