သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ရွာသား(၃)ဦးသတ်မှု ကျူးလွန် တပ်မတော်အရာရှိ စစ်သည်(၆)ဦးကို အရေးယူ


ကချင်ပြည်နယ်ထဲက မြန်မာ့တပ်မတော်စစ်စခန်းတခု
ကချင်ပြည်နယ်ထဲက မြန်မာ့တပ်မတော်စစ်စခန်းတခု

ကချင်ပြည်နယ် မံစီမြို့နယ်၊ မိုင်ခေါင်စစ်ရှောင်ဒုက္ခသည်စခန်းက၊ ကချင်တိုင်းရင်းသား ၃ ဦးကို မံစီအခြေစိုက် ခမရ ၃၁၉ တပ်ရင်းက တပ်မတော်သားတွေ သတ်ဖြတ်လိုက်တဲ့ ကိစ္စအတွက် တပ်ရင်းမှုးတဦးအပါအဝင် တပ်မတော်သား (၆)ဦးကို သောကြာနေ့ ညနေပိုင်းမှာ တပ်မတော်စစ်ခုံရုံးကနေ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီနဲ့ တပ်မတော်မှ ရာသက်ပန်ထုတ်ပယ်တဲ့ အပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ကိုယ်တိုင် ကြားနာခဲ့သူတွေကဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း အရပ်သားတွေ အပေါ် လက်နက်ကိုင်တပ်ဖွဲ့တွေကျူးလွန်တဲ့ပြစ်မှုအတွက် ပထမဆုံးအကြိမ် အရေးယူလာတာဟာ ပွင့်လင်းမြင်သာမှု ရှိလာတဲ့အနေအထားလို့လည်း ကချင်လူထုအခြေပြုအဖွဲ့အစည်း တာဝန်ရှိသူ တွေက သုံးသပ်ထားပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာက စစ်ပြေးဒုက္ခသည် ၃ ဦိးကို သတ်ဖြတ်ခဲ့တဲ့ မြန်မာ့တပ်မတော်သား ၆ ဦးကို ခမရ ၃၁၉ တပ်ရင်းရှိစစ်ခုံရုံးမှာ သောကြာနေ့ညနေပိုင်းမှာ အမှု စီရင်ချက်ချခဲ့တာပါ။ တပ်မတော်တပ်ရင်းမှူး ဗိုလ်မှူးဇေယျာဦးအပါဝင် အရာရှိ(၃)ဦး တပ်ကြပ်တပ်သား(၂)ဦး အပေါင်း(၆)ဦးကို မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကနေပေးပို့လာတဲ့ စစ်ခုံရုံးစီရင်ချက်ချတဲ့အခြေအနေကိုတော့ ကိုယ်တိုင်တက်ရောက်ခဲ့သူ မိုင်ခေါင် စစ်ရှောင်စခမ်းတာဝန်ခံဦးဘရမ်နူး က ပြောပါ တယ်။

“ပြစ်ဒဏ်ချမှတ်လိုက်တာလေ။ မြောက်ပိုင်းတိုင်းကနေပြစ်ဒဏ်ချမှတ်တယ်။ သူတို့ ဖတ်ပြတယ်။ မံစီ(၃၁၉)တပ်စခမ်းမှာ။ မြောက်ပိုင်းတိုင်း တိုင်းမှူးကနေ ပေးပို့လိုက်တဲ့ စီရင်ချက် ဖတ်ပြတာ။ အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၁၀)နှစ်လို့ပြောတယ်။ တပ်မတော်ကနေချတာလေ။”

ပြစ်မှုကျူးလွန်တဲ့တပ်မတော်သားတွေကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီနဲ့ တပ်မတော်မှ ရာသက်ပန်ထုတ်ပယ်ခြင်း အပြစ်ဒဏ်ကို စစ်ခုံရုံးကစီရင်ချက်ချခဲ့တာပါ။

ပြစ်မှုကျူးလွန်သူတပ်မတော်သားတွေကို နယ်ဘက် စစ်ဘက်ဥပဒေအရ ပြစ်ဒဏ်ချမှတ် တာဖြစ်တယ်လို့ မံစီမြို့ အခြေစိုက် ခမရ ၃၁၉ မှ တပ်မတော်အရာရှိတစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ တရားစီရင်မှု အမှန်အတိုင်းဘဲ ချပါတယ်ခင်ဗျ။ အကုန်လုံးကို ပြစ်မှုတွေ ရှိတဲ့အတိုင်းဘဲ ပြစ်မှုတွေချပေးတာပါခင်ဗျ။ စစ်သားတွေကျွန်တော်တို့ က နယ်ဘက်ဥပဒေရော စစ်တပ်ဥပဒေရောအကုန်လုံးနာခံရပါတယ်ခင်ဗျ။ အဲဒီအတိုင်း ဘဲချပါတယ်ခင်ဗျ။”

မနှစ်က မေ ၂၅ ရက်ညဘက်မှာ ခမရ ၃၁၉ ရှေ့တန်း စစ်ကြောင်းကနေ မိုင်ခေါင်ရွာ၊ စစ်ပြေးဒုက္ခသည်စခန်းက ကိုမရန်ဘရန်ဆိုင်း၊ ကိုအင်ခွမ်ဂမ်အောင် နဲ့ ကိုလဗျနော်ခွမ် တို့ကို ဖမ်းဆီးသွားပြီး မေလ(၂၆)ရက်နေ့မှာသတ်ဖြတ်ခဲ့တဲ့အပေါ် ကာယကံရှင်တွေ တရားစွဲဆိုခဲ့ အပြီး မနေ့ကစစ်ခုံရုံးကနေ ပြစ်ဒဏ်စီရင်ချက်ချခဲ့တာပါ။

အသတ်ခံရတဲ့စစ်ရှောင်မိသားစုတွေကို ဒေသခံတွေအပါအဝင် တပ်မတော်ဘက်ကပါ ထောက်ပံ့ကူညီမှုတွေပေးခဲ့တယ်လို့မိုင်ခေါင် ရွာအုပ်ချုပ်ရေးမှူး ဦးပီတာဘောက်နော်က အခုလိုပြောပါတယ်။

“ပိုက်ဆံတို့၊ ဆန်၊ ဆီ၊ ဆားတို့ အဲဒီလိုတော့ထောက်ပံ့ကြပါတယ်။ ဗန်းမော်က အစားအစာတွေထောက်ပံ့ကြတယ်။ (၃၁၉)တပ်ကရော နောက်မှ တိုင်းမှူးလာတုန်းကလဲ ပိုက်ဆံလာထောက်ပံ့ပေးသေးတယ်။”

ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကို အရေးယူမှုရှိလာတဲ့အပေါ် ကချင်ငြိမ်းချမ်းရေးကွန်ရက်က ပေါင်းစပ်ညှိနှိုင်းရေးမှူး ခွန်ဂျာက အခုလိုသဘောထား မှတ်ချက်ပေးခဲ့ပါတယ်။

“ပထမဦးဆုံးအကြိမ်ပွင့်လင်းမြင်သာစွာနဲ့ အရေးယူပေးတယ်လို့ ပြောနိုင်တယ်ပေါ့။ ပထမဦးဆုံးပိုင်းတုန်းကလဲ ဘယ်လိုမျိုးနဲ့ သတ်ဖြတ် လိုက်တယ်ဆိုတာမသိဘူး။ ပျောက်သွားရာကနေရှာ။ ရှာတဲ့လူတွေအဲတာနဲ့ ကျွန်မတို့ ခြိမ်းခြောက်မှုတွေ အမျာကြီးခံခဲ့ရသေးတယ်။ မနဲမနောနဲ့ ဒီရဲဘက်ကပါ ဝိုင်းဝန်းကူညီတဲ့ အတွက်ကြောင့်မို့လို့ ဒါအရေးယူပေးရတဲ့အပိုင်း ရောက်တယ်။ အခုလောလောဆယ် ဒီကိစ္စအတွက်ဆိုရင်တော့ ကျွန်မတို့ကျေးဇူးတင်တယ်။ လက်ရှိဒီလိုသတ်ဖြတ်ခံထား ရတဲ့ကိစ္စတွေ တခြားကိစ္စတွေရှိပါသေးတယ်။ ပျောက်ဆုံးနေတဲ့ကိစ္စတွေ အများကြီး ရှိသေးတယ်။ ဒီကိစ္စတွေမှာ ပွင့်လင်း မြင်သာစွာနဲ့ အရေးယူဆောင်ရွက်ပေးတယ်ဆိုရင် တပ်မတော်သားများအနေနဲ့ ကျူးလွန် မှုကလဲလျော့ကျသွားနိုင်တယ်။ ပြီးရင်တပ်မတော်ရဲ့ဂုဏ်သိက္ခာလဲတက်မယ်။ အဲဒီအခါမှ ကျွန်မတို့ပြည်သူပြည်သားတွေ အနေနဲ့ လုံခြုံမIကို ခံစားရမှာဖြစ်ပါတယ်ရှင့်။”

စီရင်ချက်ချတဲ့နေရာမှာ အသတ်ခံရသူမိသားစုတွေကရော ပြစ်မှုကျူးလွန်တဲ့တပ်မတော်သားတွေရှေ့မှာ စီရင်ချက်ချခဲ့ တယ်လို့ တက်ရောက်နားထောင်သူတွေကပြောပါတယ်။

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်ခေါင်ရွာမှာ စစ်ပြေးဒုက္ခသည်စခမ်း(၃)ခုရှိပြီး အိမ်ခြေ(၅၀၀)ခန့်ရှိသလို စစ်ရှောင်ဦးရေ (၂၅၀၀) ကျော် ရှိနေပါတယ်။ ဒီဒုက္ခသည်စခမ်းဟာ KIO ခေါ် ကချင်လွတ်လပ်ရေးအဖွဲ့နဲ့မြန်မာ့တပ်မတော်တို့ အကြား တကျော့ပြန်တိုက်ပွဲတွေကြောင့် ၂၀၁၃ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ဇွန်လ ၂၀ ရက်မှာ မြစ်ကြီးနားမြို့အတွင်း ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ဂွမ်ဆိုင်းအောင်ကို တပ်မတော်ကနေ ပစ်ခတ်ခဲ့လို့ သေဆုံးမှုဖြစ်ပွားခဲ့ပြီး ဒီဖြစ်စဉ်အတွက်တပ်မတော်ကနေ အရေးယူဆောင်ရွက်တာမျိုးမရှိသေးပါဘူး။ အလားတူ ၂၀၁၆ ခုနှစ် ဇွန်လမှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ထဲက ရွာသား(၅)ဦးကို မြန်မာ့တပ်မတော် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အတွက် တပ်မတော် တပ်မမှူးအပါအဝင် အရာရှိစစ်သည် (၇)ဦးကို တပ်မတော် စစ်ခုံရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၅)နှစ် ချမှတ်ခဲ့ ပါတယ်။

ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေး တင်းမာမှုတွေ ရှိနေသေးသလို စစ်ရေးပဋိပက္ခအတွင်း စစ်ဘေးတိမ်းရှောင်နေရမှု ဖမ်းဆီးသတ်ဖြတ်ခံရမှု စတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုခံနေရတဲ့ ဖြစ်စဉ်တွေ ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG