သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ကုလအဖွဲ့အစည်းတွေ ပို ဝင်ရောက်လုပ်ကိုင်ခွင့်ရဖို့ တောင်းဆို


ဘင်္ဂလားဒေရှ့် ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ UNICEF ရဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး Justin Forsyth။ ( ဇန်နဝါရီ ၂၄-၂၀၁၈)
ဘင်္ဂလားဒေရှ့် ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ UNICEF ရဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး Justin Forsyth။ ( ဇန်နဝါရီ ၂၄-၂၀၁၈)

ရခိုင်ပြည်နယ်တွင်းက လိုအပ်နေသူတွေကို ကူညီပေးနိုင်ဖို့ အတွက် ကုလအဖွဲ့အစည်းတွေ ဝင်ရောက် အခုထက်ပိုပြီး လုပ်ကိုင်ခွင့် ရဖို့ လိုအပ်နေကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂရုံး အကြီးအကဲက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာဘဲ ရိုဟင်ဂျာ်တွေ ဌာနေပြန်နိုင်တဲ့ အခြေအနေမျိုး မြန်မာနိုင်ငံဘက်မှာ မရှိသေးဘူးလို့ ကုလ ကလေးများ ရံပုံငွေ အဖွဲ့ ညွှန်ကြားရေးမှူး ကလည်း ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး အတွက် ဘေးကင်းလုံခြုံမှု၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဖြစ်စေပြီး ကုလ အဖွဲ့အစည်းတွေကိုလည်း ဝင်ရောက်ခွင့် ပေးရမယ်လို့ ပြောဆိုလိုက်ကြတာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်မှာ ပထမဆုံး အဆင့် အနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်တွင်း ဝင်ရောက်လုပ်ကိုင်ခွင့် ပိုပေးရမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ ကုလ သမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock က ပြောဆိုလိုက်တာပါ။

"ဆွေးနွေးညှိနှိုင်းမှုတွေမှာ အတိုင်းအတာ တခုအထိ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပါဝင်ပတ်သက်မှု ရှိပါတယ်။ ဒါပေမယ့် အခြေအနေတွေ မှန်မှန်ကန်ကန် ဖြစ်မှသာ ဒုက္ခသည်တွေ ဌာနေပြန်လို့ ရမှာ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးသားပါ။ ပထမဆုံး အဆင့် အနေနဲ့ ရခိုင်ပြည်နယ်တွင်းမှာ ရှိနေကြဆဲ လူတွေ လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ကူညီနိုင်ဖို့ အတွက် ကုလ အဖွဲ့အစည်းတွေ အားလုံး ရခိုင်ပြည်နယ် တခုလုံးကို ပိုမို ဝင်ရောက်ခွင့် ရချင်ပါတယ်။"

ဘင်္ဂလားဒေရှ့် ကူတူးပလောင် ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ UNICEF ရဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး Justin Forsyth ကတော့ အခုလို ပြောပါတယ်။

"ကိုယ့်သဘောဆန္ဒ အလျောက် ပြန်တာမျိုး ဖြစ်ရပါမယ်။ ဘေးကင်းလုံခြုံမှု ရှိရှိ ဂုဏ်သိက္ခာ ရှိရှိ အခြေအနေမျိုးလည်း ဖြစ်ရပါမယ်။ နောက် UNICEF ၊ UNHCR နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP တို့လို အဖွဲ့အစည်းတွေလည်း ဝင်ရောက် လုပ်ကိုင်ခွင့် ရဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အနေနဲ့ ရခိုင်ပြည်နယ်တွင်းမှာ လုပ်ကိုင်နေကြပေမယ့် နေရာတိုင်းတော့ သွားရောက်ခွင့် မရှိပါဘူး။ လုံခြုံရေး လိုအပ်သလို ဒီလူတွေ နေရပ်ရင်း ပြန်တဲ့ အခါမှာ သူတို့ကို လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးနိုင်ရပါမယ်။ အခုတော့ ဒီလို အခြေအနေမျိုး မရှိသေးပါဘူး။"

ရခိုင်ပြည်နယ်ဘက်မှာက အခုအချိန်ထိ တိုက်ခိုက်မှုတွေ ရှိနေသေးတယ်လို့ ဒုက္ခသည်တွေက ပြောတဲ့ အကြောင်းလည်း UNICEF ရဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး Justin Forsyth ကတော့ အခုလို ပြောပါတယ်။

"ဒီကနေ့ ကျနော် တွေ့ခဲ့ရတဲ့ ရိုဟင်ဂျာ မိသားစုတွေ အထူးသဖြင့် ကလေးတွေပေါ့လေ သူတို့ အိမ်ပြန်ချင်ကြပေမယ့် မြန်မာနိုင်ငံမှာ လုံခြုံ ဘေးကင်းမှု မရှိသေးတာကြောင့် အခုတော့ မပြန်ချင်သေးဘူးလို့ ပြောကြပါတယ်။ အကြမ်းဖက်မှုတွေ ရှိနေတဲ့ အခြေအနေမှာတော့ သူတို့ကို အတင်းအကျပ် ပြန်ပို့ဖို့ မဖြစ်နိုင်ပါဘူး။ ရခိုင်ပြည်နယ်ထဲမှာ ကျန်ခဲ့တဲ့ အဒေါ်နဲ့ ဖုန်းဆက်ခဲ့တဲ့ အမျိုးသမီးငယ် တယောက်နဲ့ ကျနော် စကားပြောကြည့်တော့ ဟိုဘက်မှာ ရွာတွေကို ဒီကနေ့ အထိ တိုက်ခိုက်နေကြတယ်လို့ ပြောပါတယ်။ ဒါကြောင့် သူတို့ ဌာနပြန်ရေး စဖို့က ဘေးကင်းတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။"

လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ ကုလ သမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock က အခုလို ပြောပါတယ်။

"စစ်ပွဲတွေ၊ ပဋိပက္ခအတွင်းမှာ တိုက်ခိုက်နေကြသူတွေ မှာ ဥပဒေတွေ ရှိပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားလို့ မရပါဘူး။ သူတို့ကို ကာကွယ်ပေးရပါမယ်။ အရပ်သားတွေထံ သွားရောက်ခွင့် ရှိရပါမယ်။ ဒါပေမယ့် ကျနော်တို့ အလုပ်လုပ်နေကြရတဲ့ နေရာ အများအပြားမှာ ဒီလို အခြေခံ မူတွေ မရှိပါဘူး။ ဒါတွေ လုပ်ဖို့ လိုအပ်နေပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုလည်း ရှိဖို့ လိုအပ်နေပါတယ်။"

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဌာနေပြန်ရေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ဖို့ စီစဉ်ခဲ့ပေမယ့် ဘင်္ဂလားဒေရှ့်ဘက်က ဆိုင်းငံ့ခဲ့တာပါ။ ဘယ်အချိန် ပြန်စနိုင်မလဲ ဆိုတာလည်း မသိရသေးပါဘူး။ မြန်မာဘက်ကတော့ ပြန်လည် စိစစ်လက်ခံရေး အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုထားပြီး ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို ဆိုင်းငံ့လိုက်တဲ့ အပေါ် ဘင်္ဂလားဒေရှ့်ကို ပြစ်တင် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG