သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေ ဘေးကင်းစွာပြန်နိုင်ရေး UNHCR စိုးရိမ်


ဌာနေပြန်ကြမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့မြန်မာ အစိုးရ ဘက်က ပျက်ကွက်နေဆဲဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အချိန်မတိုင်သေးကြောင်းUNHCR ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး က ထပ်မံ သတိပေးပြောကြားလိုက်ပါတယ်။

မနေ့ အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အခြေအနေ နဲ့ ပတ်သက်လို့ UNHCR ဘက်ကပြောဆိုချက်တွေကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

လွန်ခဲ့တဲ့ နှစ်လ က မြန်မာ-ဘင်္ဂလားဒေ့ရှ် အစိုးရနှစ်ရပ်ကြား ဒုက္ခသည်တွေ ဆန္ဒအလျောက်နေရပ်ပြန်ဖို့ သဘောတူညီခဲ့ကြပြီး စတင် အကောင်အထည်ဖေါ်မယ့် ရက်ကိုလည်း ဇန်နဝါရီလ ၂၃ ရက်နေ့အဖြစ် အကြမ်းဖျဉ်း သတ်မှတ်ခဲ့ကြတာပါ။ ဒါကြောင့် မနေ့က စတင်ဖို့ရှိပေမဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရေး အာမခံချက် မရှိသေးတဲ့အပေါ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်က အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့သလို ဒုက္ခသည်တွေဘက်ကလည်း နေရပ်ပြန်ဖို့ စိုးရိမ်ထိတ်လန့်နေကြဆဲရှိပါတယ်။

မနေ့က ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ UNHCR ပြောခွင့်ရ Adrian Edwards က ဒုက္ခသည်တွေအတွက် အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရက အခုချိန်ထိ ပျက်ကွက်နေကြောင်း အခုလို ဝေဖန်ပြောဆိုသွားပါတယ်။

“ နေရပ်ပြန်ဖို့ အလားအလာရှိတဲ့ ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုတင်ဆောင်ရွက်မှုတွေ ဒီကနေ့အချိန်ထိ ပျက်ကွက်နေသလို အကူအညီ ပေးရေး အေဂျင်စီတွေနဲ့ သတင်းမီဒီယာတွေ၊ အခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးသူတွေ အတွက် အဲဒီဒေသကို သွားရောက်ခွင့် ဆက်ပြီး ကန့်သတ်ပိတ်ပင်မှုတွေရှိနေပါတယ်။”

နေပြည်တော်မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ မြန်မာအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ မြန်မာဘက်ကအဆင်သင့်ဖြစ်နေကြောင်းနဲ့ တနေ့ကို လူဦးရေ ၃၀၀ လက်ခံသွားမှာဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ပြောပါတယ်။ပြန်လာမယ့် ဒုက္ခသည်တွေ အန္တရာယ်ကင်းရေးအတွက် လက်ခံရေးစခန်း နှစ်ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရ စခန်းတွေမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောသွားပါတယ်။

ဒါပေမယ့်လည်း ဒုက္ခသည်တွေအတွက် သူတို့နေရပ်ပြန်တဲ့အခါ တကယ်ပဲ လုံခြုံစိတ်ချတဲ့ အခြေအနေတွေရောက်မရောက် အသေအချာသိနိုင်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေအပေါ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဝင်ရောက်ခွင့် တားဆီး ထားတဲ့ အကန့်အသတ်တွေကို ရုပ်သိမ်းပေးဖို့လိုကြောင်း UNHCR ပြောခွင့်ရ Adrian Edwards ကပြောပါတယ်။

“ဒုက္ခသည်တွေ ဆန္ဒအလျောက် လုံလုံခြုံခြုံနဲ့ သိက္ခာရှိရှိ နေရပ်ပြန်ရေး သေချာအောင် ဆောင်ရွက်ပေးဖို့ဆိုရင် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေကို အနှောင့် အယှက်အဟန့်အတားမရှိ ခွင့်ပြုဖို့ မြန်မာအစိုးရကို ကျနော်တို့ ထပ်ပြီး တောင်းဆိုပါတယ်။ ဒါ့အပြင် စစ်မှန်ပြီး ရေရှည်ခိုင်မာတဲ့ အဖြေအတွက် အခြေအနေတွေ ဖန်တီးဖို့လည်း ကုလ သမဂ္ဂအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။”

မြန်မာအစိုးရက ပြန်ပြီးလက်ခံမယ့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ မနှစ် သြဂုတ်လ နောက် ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ အင်အားသုံး နယ်မြေရှင်းလင်း မှု ကြောင့် ဘင်္ဂလားဒေ့ရှ်ကို သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြသူတွေသာဖြစ်ပါတယ်။ ကုလသမဂ္ဂက ပြုစုတဲ့စာရင်းတွေအရ သြဂုတ်လနောက်ပိုင်း ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက် ဟာ ၇ သိန်းနီးပါးရှိနေတာပါ။

ဒါ့အပြင် ရေရှည်ခိုင်မာတဲ့ ဖြေရှင်းမှုအတွက် အဓိကသော့ချက်ကတော့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က သံန္နိဋ္ဌာန်ချမှတ်အကောင်အထည်ဖေါ်ဖို့ဖြစ်တယ်လို့ Adrian Edwards က အခုလိုပြောပါ တယ်။

“ရေရှည်အဖြေရှာဖို့ အဲဒီအကြံပြုချက်တွေထဲမှာ ရခိုင်ပြည်နယ်က အသိုင်းအဝိုင်း အားလုံး အတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရှိဖို့၊ အသိုင်းအဝိုင်းနှစ်ခုကြား အပြန်အလှန် တွေ့ဆုံ ဆွေးနွေးဖို့၊ လွတ်လပ်စွာသွားလာခွင့်၊ ဘဝရှင်သန်ရေးအတွက် အခွင့်အလမ်းရှိခွင့်၊ မွတ် စလင် အသိုင်းအဝိုင်းအတွက် ဥပဒေအရ နိုင်ငံသားဖြစ်ခံယူခွင့်ပြုဖို့ စတာတွေ ပါဝင်ပါ တယ်။ လက်ရှိအခြေအနေအရ ချက်ချင်း လက်ငင်းဆောင်ရွက်ရမယ့် အချက်တွေအဖြစ် နေရပ်ပြန်လာမယ့်သူတွေအတွက် ယုံကြည်မှုတည်ဆောက်ပေးဖို့ မရှိမဖြစ်လိုအပ်နေပြီး ရခိုင်ပြည်နယ်တွင်း အချိန်ကြာမြင့်စွာရှိလာခဲ့တဲ့ အသိုင်းအဝိုင်းနှစ်ခုကြား တင်းမာမှုတွေကို ဖြေရှင်းပေးဖို့ ဖြစ်ကြောင်း ရခိုင်အကြံပေးကော်မရှင်က မြန်မာ အစိုးရကို အကြံပြုထားပါ တယ်။”

ဒါတွေကို ဆောင်ရွက်မပေးနိုင်ဘူးဆိုရင် အန္တရာယ်တွေရင်ဆိုင်ရဖို့ ရှိနေပြီး နေရပ်ပြန်ရေး အဆောတလျင်ဆောင်ရွက်မှုဟာလည်း အကြမ်းဖက်မှုကို ပြန်ပြီးဖြစ်လာအောင် မီးမွှေး ပေးသလို ဖြစ်စေလိမ့်မယ့်လို့ UNHCR က သတိပေးထားပါတယ်။

အခုလို ရေရှည်ပြဿနာ အဖြေရှာရာမှာ UNHCR အနေနဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်ရပ်လုံးကို အကူအညီပေးဖို့ အဆင့်သင့်ဖြစ်နေကြောင်း UNHCR ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ထိုင်း ဒုတိယဝန်ကြီးချုပ်ဟောင်း ဒေါက်တာ Surakiart Sathirathai ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ဟာ ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ရခိုင်ပြည်နယ်ကိုသွားရောက်မှာဖြစ်ပါတယ်။ ဒီမတိုင်ခင် တနင်္လာနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြံပေး အဖွဲဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီအကြံပြုအဖွဲ့မှာ ဝါရင့် အမေရိကန် နိုင်ငံရေးသမားနဲ့ သံတမန်ဟောင်းတဦးဖြစ်သူ Bill Richardson နဲ့အတူ နိုင်ငံတကာက ပဋိပက္ခဆိုင်ရာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်ငါးဦးနဲ့ မြန်မာနိုင်ငံက ငါးဦး စုစုပေါင်း ၁၀ ဦး ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG