သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် အသေခံဗုံးခွဲတိုက်ခိုက်မှု လူ ၄၀ ထက်မနည်းသေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က အသေခံဗုံးခွဲတိုက်ခိုက်မှု (ဓါတ်ပုံ-ရိုက်တာ)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က အသေခံဗုံးခွဲတိုက်ခိုက်မှု (ဓါတ်ပုံ-ရိုက်တာ)

အာဖဂန်နစ္စတန်မြို့တော် Kabul က လူစည်ကားရာအရပ်မှာ အသေခံကားဗုံးဖေါက်ခွဲ တိုက်ခိုက်တာကြောင့် လူ ၄၀ ဦးထက်မနည်း သေဆုံးသွားပြီး ၁၀၀ ကျော် ဒဏ်ရာရသွားပါတယ်။

မြို့လယ်ပိုင်းက ပြည်ထဲရေးရုံးဟောင်းနားမှာ ဒီကနေ့ ပေါက်ကွဲတဲ့ဗုံးကြောင့် တက်လာတဲ့မီးခိုးတွေကို အဝေးက လှမ်းမြင်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အသေခံဗုံးခွဲသမားဟာ ဖေါက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ဆောင်ထားတဲ့ အရေးပေါ်လူနာတင်ကားနဲ့ ဖေါက်ခွဲတိုက်ခိုက်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Nasrat Rahimi က VOA ကို အတည်ပြုပြောဆိုပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ သေဆုံးသူအရေအတွက်ဟာ ဒီထက်များပြားလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ တာလီဘန်တွေက ပြောဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ ဆိုပါတယ်။ လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားတဲ့ အရပ်က Kabul’s Intercontinental ဟော်တယ်ကို လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ တာလီဘန် အသေခံ ဗုံးခွဲသမား ၅ ဦးက တိုက်ခိုက်အပြီး သီတင်းတပတ်အကြာမှာ အခုလို ထပ်မံပြီး ကားဗုံးခွဲတိုက်ခိုက်တာပါ။


ဟော်တယ်ကို စီးနင်းတိုက်ခိုက်မှုအတွင်း လူပေါင်း ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီသေဆုံးသူတွေထဲမှာ အမေရိကန် ၄ ဦးထက်မနည်းအပြင် နိုင်ငံခြားသား ၁၄ ဦး ပါဝင်ပါတယ်။ အခုလိုလုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားတဲ့နေရာမှာ တိုက်ခိုက်ခံရတာကြောင့် အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် ကိုင်တွယ်ခြင်းမရှိဘူးဆိုပြီးတော့လည်း ဝေဖန်နေကြပါတယ်။

အာဖဂန်တောင်ပိုင်း Helmand ပြည်နယ်က စစ်အခြေစိုက်စခန်းတခုကို ဖေါက်ခွဲရေးပစ္စည်းအပြည့် တင်ဆောင်ထားတဲ့ကားနဲ့ အသေခံဖေါက်ခွဲရေးသမားက တိုက်ခိုက်အပြီး နာရီပိုင်းအကြာမှာ အခုလို ထပ်မံတိုက်ခိုက်တာပါ။ Nad Ali ခရိုင်က တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG