ကချင်ပြည်နယ် တနိုင်း၊ မံစီနဲ့ ဆွမ်ပရာဘွမ် ဒေသတွေမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ကြား တိုက်ပွဲတွေ အတော်လေး ဆက်လက်ပြင်းထန်နေပြီး အရပ်သားတွေ ထိခိုက်သေဆုံးသလို တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ပြည်သူတော်တော်များများ ပိတ်မိနေကြတယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။ ပိတ်မိနေဆဲ ဒေသခံပြည်သူတွေကို ကချင်ပြည်နယ်အစိုးရနဲ့ လွှတ်တော် ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကယ်ထုတ်ပေးဖို့ အရေးတကြီး အကူညီလိုအပ်နေတယ်လို့ ကချင်စစ်ပြေးဒုက္ခသည်တွေအရေးကူညီသူတွေကပြောပါတယ်။ နောက်ဆုံးရသတင်း မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။
မငြိမ်းချမ်းနိုင်သေးတဲ့ ကချင်ပြည်နယ်ထဲ တကျော့ပြန်တိုက်ပွဲတွေ ဒီရက်ပိုင်း တော်တော်လေး ပြင်းပြင်းထန်ထန် ပြန်ဖြစ်လာနေတာပါ။ အထူးသဖြင့်ကတော့ ကချင်ပြည်နယ် တနိုင်း၊ မန်စီ နဲ့ ဆွမ်ပရာဘွမ်ဒေသ သုံးနေရာမှာ အစိုးရစစ်တပ်ဘက်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လက်နက်ကိုင်တပ် KIA တပ်စခန်းရှိတဲ့နေရာတွေကို လေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ဆိုသလို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒီတိုက်ပွဲတွေကြောင့် အသက်လုပြေးနေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို ကိုယ်တိုင်သွားရောက် ကယ်ထုတ်ပေးနေတဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က မခွန်ဂျာက အခြေအနေကို အခုလိုပြောပြပါတယ်။
"အခုလောလောဆယ်မှာ တိုက်ပွဲဖြစ်နေတာ ၃ နေရာမှာ တပြိုက်နက်တည်းဖြစ်နေပါတယ်။ ဆွမ်ပရာဘွမ်ဘက်မှာရယ်၊ နောက်တခုက မံစီမြို့နယ်ထဲက မုံးဒိန်ပါ ဘက်မှာရယ်၊ နောက်ပြီးတော့ တနိုင်းဘက်မှာရယ် နေရာ ၃ ခုမှာ ပြိုင်တူဖြစ်နေပါတယ်။ တဘက်ကနေပြီးတော့မှာ ကျမတို့ ၂၁ ရာစုပင်လုံကလည်း နောက်ကိုဆုတ်သွားပြီဖြစ်တယ်ပေါ့။ ဒီမြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အင်မတန်မှာ စိုးရိမ်ပူပန်ဖို့ကောင်းနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်စိတ်ချမှုဆိုတာ ၊ အစိုးရမှာအပေါ်မှာသော်လည်းကောင်း၊ တပ်မတော်အပေါ်မှာသော်လည်းကောင်း၊ လုံးဝမရှိတော့ဘူးဖြစ်နေတယ်။ ပြီးတော့ ပြည်သူလူထုကိုမထိခိုက်ဘူးပဲ တိုက်ပွဲပဲဖြစ်နေတယ်ဆိုရင် အများကြီးသက်သာပါတယ်။ လောလောဆယ်တော့ မုံးဒိန်ပါမှာဆိုရင်လည်း အယောက် ၁၀၀ ကျော်ကို ကျမတို့ သွားပြီးတော့ ကယ်ထုတ်ခဲ့ရတာဖြစ်တယ်။ ဆွပ်ပရာဘွမ်ဘက်ကလည်း အခုအိမ်ခြေ ၁၀၀ ကျော်က တောထဲမှာ ပြန်ပြီးခိုနေရပြီဖြစ်တယ်။ အဲဒီတော့ ဒီရာသီဟာ ကျောင်းသားတွေအတွက် စာမေးပွဲဖြေဆိုရမယ့် ရာသီဖြစ်တယ်။ ဒီ်လိုအခြေအနေမျိုးမှာ နှစ်တိုင်းလိုလို ပွင့်လင်းတဲ့ရာသီမှာပဲ၊ ဒီလိုတိုက်ခိုက်နေတာဟာ စနစ်တကျကို ရည်ရွယ်ချက်ရှိရှိနဲ့ ငြိမ်းချမ်းရေးမရအောင်၊ ကြံဖန်ပြီးတော့ တိုက်နေတာနဲ့ပဲ တူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ ကျမတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝမဖြစ်သင့်ဘူး၊ ရပ်တန်းကရပ်ပြီး၊ အားလုံးစားပွဲပေါ်ကိုပြန်ခေါ်ဆောင်ပြီးတော့မှ ငြိမ်းချမ်းရေးကို ပြန်ပြီးဆက်လုပ်စေချင်ပါတယ်။"
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ထဲမှာ ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်နေသလို မှော်ထဲမှာလည်းအခုထက်ထိ အလုပ်သမားတွေနဲ့ ဒေသခံပြည်သူတွေ ဘယ်မှ ထွက်မရဘဲ ပိတ်မိနေဆဲဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးဇော်ဂျတ်က ပြောပြပါတယ်။
"ခုလောလောဆယ် ကချင်ပြည်နယ် တနိုင်းဘက်မှာ မနေ့ကတည်းကနေ ပိုပြီးပြင်းထန်နေပါတယ်။ အခုတောက်လျှောက်လည်း တနိုင်းဘက်မှာ အင်မတန်ပြင်းထန်တဲ့ တိုက်ပွဲတွေရှိတယ်။ ပြီးတော့ အခုအစိုးရတပ်မတော်က မှော်ထဲကလူတွေကိုလည်း လေးဘက်လေးတန် ပိတ်ထားတယ်လို့ ပြောတယ်။ မှော်က လူတွေက ထွက်လို့လည်းမရ၊ ဝင်လို့လည်း မရ၊ အဲဒီမှာ စီးပွားရှားတဲ့ လုပ်ငန်းရှင်တွေရော၊ အလုပ်သမားတွေရော၊ အများကြီးရှိပြီး၊ ပိတ်မိနေတဲ့သတင်းတွေလည်း ကြားပါတယ်။ တိုက်ပွဲကလည်း ပိုပြီးတော့ ပြင်းထန်လာတဲ့ အနေအထား မှာရှိတယ်။ ဒါကြောင့် ကျနော်တို့က ဒီထက်ပိုပြီးတော့ ဆိုးရွားတဲ့အနေအထားဆိုရင်တော့ ခုနကပြောသလိုပါပဲ ငြိမ်းချမ်းရေးက ကျနော်တို့ ကချင်ဒေသ၊ တိုင်းရင်းသားဒေသတွေမှာ ပိုပြီးတော့ ဝေးလာနေတယ်လို့ သုံးသပ်မိတယ်။ မနေ့ကလည်း အရပ်သားတွေ သေကြေဒဏ်ရာရတာတွေလည်း ရှိတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေ ဒဏ်ရာရတာတွေ၊ သေဆုံးရတဲ့အခြေအနေတွေ ရောက်သွားတာပေါ့။"
ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း အရပ်သားအချို့ သေဆုံးသလို ဒေသခံပြည်သူတော်တော်များများလည်း ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့အတွက် အခုလို စစ်ရေးပဋိပက္ခတွေအတွင်း အရပ်သားတွေ ထိခိုက်သေကြေရတဲ့ အနေအထားအပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စစ်ရေးကို အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးစေလိုတယ်လို့လည်း ဦးဇော်ဂျတ်ကပြောပါတယ်။
"ကျနော်တို့ ပြည်နယ်အစိုးရကို အကူအညီတောင်း၊ ချဉ်းကပ်ချင်တာတော့ ပိတ်မိနေတဲ့လူတွေကို ပြည်နယ်အစိုးရက သက်ဆိုင်ရာလူကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ နည်းလမ်းရှာပြီးမှ ကယ်ထုတ်ဖို့ အင်မတန်လိုအပ်တဲ့အချိန် ဖြစ်တယ်လို့ပဲ မြင်တယ်။"
စစ်ဘေးရှောင်တဲ့ပြည်သူတွေကို အခုလောလောဆယ်မှာတော့ ဒုက္ခသည်အရေးကူညီပေးနေသူတွေက ကယ်ထုတ်ပေးနေပြီး လိုအပ်တဲ့အကူအညီတွေပေးနေပေမဲ့ စစ်ရေးက အတော်လေးပြင်းထန်နေတာမို့ ကားလမ်းတွေပါ ပိတ်ထားတဲ့အခြေအနေကတော့ စိုးရိမ်စရာအနေအထားဖြစ်နေတယ်လို့လည်း ကချင်ဒုက္ခသည်အရေးကူညီပေးနေသူ မခွန်ဂျာကပြောပါတယ်။
"တိုက်ပွဲကြားမှာ ညပ်သွားတဲ့အတွက်ကြောင့်မို့လို့၊ မိုင်းထောင်က စခန်းမှူးကနေပြီးတော့ အဆင့်ဆင့်ခွင့်တောင်းပြီးတော့မှ ပြန်လည်ပြီးတော့ သယ်ထုတ်ရတာပါ။ ဒါပေမဲ့အခုအကုန်လုံးမပြီးဘူးရှင့်။ ကျန်နေတာတွေလည်း ရှိနေတယ်။ အဲဒီနေရာကနေ အခုဒီမနက် ပြန်ပြီးတော့ တိုက်ပွဲဖြစ်တော့ ၊ အခုချိန်မှာတော့ အဆက်အသွယ်ကလည်းပြတ်နေတော့၊ ဘယ်လောက်ထိခိုက်သလဲဆိုတာလည်း မပြောတတ်ဘူး။ တချိန်လုံးလုပ်တဲ့လူတွေလည်း မောပြီ၊ တဘက်က ကယ်တဲ့လူက ကယ်နေတယ်၊ သယ်ထုတ်တဲ့လူကသယ်ထုတ်နေတယ်။ ၂ ဘက်စစ်တပ်တွေကတော့ ပျော်ပျော်ကြီးပဲ တိုက်နေမယ်ဆိုလို့ရှိရင်တော့လည်း လောလောဆယ်တော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူးရှင့်။"
ကချင်ပြည်နယ်တွင်းမှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေနဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား ပြီးခဲ့တဲ့ ၂၀၁၂ကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပြီး ကချင်တိုက်ပွဲကြောင့် သိန်းချီတဲ့ ဒေသခံကချင်ပြည်သူတွေဟာ တရုတ်-မြန်မာနယ်စပ်အပါအဝင် ကချင်လွတ်မြောက်ရေးတပ်ထိန်းချုပ်နယ်မြေက ဒုက္ခသည်စခန်းတွေ၊ အစိုးရထိန်းချုပ်ရာနယ်မြေက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတာ နှစ်ချီကြာမြင့်နေပြီဖြစ်ပါတယ်။ အရပ်သားအစိုးရလက်ထက် ငြိမ်းချမ်းရေး ဦးစားပေးဖော်ဆောင်နေပေမဲ့လို့ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကြား တိုင်းရင်းဒေသတွေမှာ စစ်ရေးထိုးစစ်တွေဆင် တိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။