သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းဒေသ ထိုးစစ်ရပ်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တောင်းဆို


ကချင်ပြည်နယ် တနိုင်းမြို့က စစ်ပြေးဒုက္ခသည်များ (Father Vincent Zinwa)
ကချင်ပြည်နယ် တနိုင်းမြို့က စစ်ပြေးဒုက္ခသည်များ (Father Vincent Zinwa)

မြန်မာအစိုးရစစ်တပ်ဘက်က တိုင်းရင်းဒေသတွေက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ထိုးစစ်တွေကို မရပ်တန့်ဘူးဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ ပူးပေါင်းပြီး ခုခံစစ်အဖြစ် တိုက်ခိုက်သွားမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့က ကြေညာချက် ထုတ်လိုက်တဲ့အပေါ် ဒေသတွင်းတိုက်ပွဲတွေ ပို ပြင်းထန်ပြီး စစ်ရေးအရှိန်မြှင့် တင်းမာလာနေတဲ့ အခြေအနေအရေး စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက စိုးရိမ်နေကြပါတယ်။ စစ်တပ်ဘက်ကလည်း နယ်မြေလုံခြုံရေးယူထားတဲ့တပ်စခန်းတွေနဲ့ ဌာနချုပ်တွေကို KIA ကချင်တပ်ဘက် လာရောက်တိုက်ခိုက်မှုတွေ ရှိတယ်ဆိုပြီး သတင်းထုတ်ပြန်ပါတယ်။ အခုလို တဘက်နဲ့တဘက် အပြန်အလှန်စွပ်စွဲမှုတွေ နဲ့ ထိုးစစ်တွေ ပိုဆင်လာတဲ့အတွက် မြန်မာ့ငြိမ်းချမ်းရေးအလားအလာ ပိုပြီး အခြေအနေဆိုးဝါးလာနိုင်ခြေရှိတယ်ဆိုပြီး သုံးသပ်ကြပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

မြန်မာအစိုးရစစ်တပ်ဘက်က မြန်မာနိုင်ငံမြောက်ပိုင်း ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA၊ ကိုးကန့်တပ် (MNDAA) တအန်းအောင်းပလောင်တပ် TNLA နဲ့ ရခိုင်တပ် AA တို့ပူးပေါင်းထားတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ အခြေစိုက်တဲ့ဒေသတွေ အထူးသဖြင့် ကချင်ဒေသဘက်ကို မြေပြင်ကရော ဝေဟင်ကပါ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အနေအထားမှာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာနဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ပြုလုပ်လာတဲ့အပေါ် ရှုတ်ချကြောင်း ဖေဖော်ဝါရီလ ၃ရက်နေ့ ရက်စွဲနဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုတိုင်းရင်းဒေသတွေမှာ ထိုးစစ်ဆင်တာဟာ ပြည်တွင်းစစ်မီးကို ပိုပြီးကြီးထွားတောက်လောင်အောင် လုပ်တာသာဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ် ဘယ်တော့မှ အထမြောက်မှာ မဟုတ်ဘူးလို့ ထည့်သွင်းဖော်ပြထားသလို တကယ်လို့ မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေကို မရပ်တန့်ဘူးဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်က ပူးပေါင်းပြီး ခုခံတော်လှန်တိုက်ခိုက်သွားမယ်လို့ ကြေညာထုတ်ပါတယ်။

အခုလို မဟာမိတ်အဖွဲ့ဘက် ကြေညာချက်ထုတ်လိုက်တဲ့အပေါ် ဒီအခြေအနေဟာ ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းသလို စစ်ရေးပဋိပက္ခတွေပိုပြီးတော့ ပြင်းထန်လာမယ့် ပြည်တွင်းစစ် ဆိုင်နေကြတဲ့ အနေအထားဖြစ်လာနေတယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

" ဒီဇင်ဘာလလောက်ကစပြီး ကချင်ပြည်နယ်မှာ စလာတယ်။ ဇန်နဝါရီထဲမှာတော့ တော်တော်ပြင်းတယ်ပေါ့။ တနိုင်းဘက်မှာ စစ်ထိုးတယ်။ နောက် KIA ကလည်း တနိုင်းနဲ့ မြစ်ကြီးနားလမ်း၊ မိုးကောင်းနဲ့ ဖားကန့်လမ်းမှာ တိုက်ပွဲတွေ ပြန်တိုက်လာတယ်။ ပူတာအိုလမ်းကိုလည်း တံတားတွေ ဖောက်ခွဲပြီး ဖျက်ပစ်လိုက်တယ်။ လမ်းလုံခြုံရေးတွေကိုလည်း မောင်းထုတ်တယ်ပေါ့။ အဲ့တော့ စစ်ပွဲတွေကိုလည်း မြင့်လာတယ် ဒီကြားထဲမှာ ကချင်က KIA ကိုယ်စားလှယ်နဲ့ တပ်ကိုယ်စားလှယ် တွေ့တာလည်း မရဘူးဆိုတဲ့အခါကျတော့ ဒီကြေညာချက် ထွက်လာတာပေါ့။

ဒီအဖွဲ့ ၄ဖွဲ့ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာ စစ်ရေးအရရော နယ်မြေ နယ်နမိတ်အရ ဆက်စပ်နေတဲ့အဖွဲ့တွေ ဖြစ်တယ် သတိထားမိတာကတော့ ၂၀၁၆တုန်းကလည်း ဒီလိုကြေညာချက်ထွက်ပြီး တခေါက် ပြင်းပြင်းထန်ထန် ပြန်တိုက်တယ် ဥစ္စာကို ကျနော်တို့ ၂၀၁၆ တုန်းက တွေ့ဖူးတော့ ၂၀၁၈ ခုနှစ် နှစ်ဆန်းမှာလည်းပဲ ဒီလို ပြင်းပြင်းထန်ထန် ပြန်တိုက်လာမယ့် စစ်ရှိန်ပြန်မြင့်လာမယ့် အလားအလာရှိတယ်လို့ ကျနော်တို့ သုံးသပ်ရပါတယ်။"

ဖေဖော်ဝါရီလ ၃ရက်နေ့ကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဘက်က သတင်းထုတ်ပြန်တာမှာတော့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ဘက်ကနေ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ မိုးကောင်းမှာရှိတဲ့ စစ်တပ်ဌာနချုပ်တွေနဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်စခန်းတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာပစ်တယ်လို့ သတင်းထုတ်ပါတယ်။ ဖေဖော်ဝါရီလ ၃ရက်နေ့မှာပဲ မိုးကောင်းမြို့နယ် လွယ်လိယန်ကျေးရွာနဲ့ မရမ်ကထောင်ကျေးရွာဘက်ကို KIA ဘက်က လက်နက်ကြီးတွေနဲ့ လာပစ်လို့ စစ်တပ်ဘက်က စစ်သည်အချို့ ဒဏ်ရာရသလို KIA ဘက်ကလည်း သေဆုံးခဲ့တာရှိခဲ့သလို အခုစစ်ဖြစ်နေတဲ့နေရာနဲ့အနီးတဝိုက်ကို စစ်ကြောင်းတွေဖြန့်ထားပြီး နယ်မြေလုံခြုံရေးတိုးမြှင့်လုပ်ဆောင်နေတယ် လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ဒေသထဲမှာတော့ ကျေးရွာသားတွေကို ကချင်လက်နက်ကိုင်တပ်နဲ့ ဆက်သွယ်မှုရှိမရှိနဲ့ KIA လို့သံသယရှိသူတွေကို လိုက်လံဖမ်းဆီးမှုတွေရှိနေတယ်လို့ ကချင်ဒေသက စစ်ပြေးဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ မခွန်ဂျာက ပြောပြပါတယ်။

"လောလောဆယ်ကတော့ နေရာတကာမှာ အရမ်းကို တင်းမာနေတယ်။ အထူးသဖြင့် ဒီတိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာဆို တောက်လျောက် တင်းမာနေတယ်။ ဥပမာဆို မိုင်းခေါင် နမ့်လင်းပါ တကြောလုံးဆိုရင် အခုရွာသားတွေကို တောထဲကို ဘယ်သူမှ မသွားနဲ့ဆိုပြီးတော့မှ ဝမ်နင်ထုတ်လိုက်တယ်ပေါ့နော်။ တနေ့ုတုန်းက ထုတ်လိုက်တာ။ ပြီးရင် ည ၈နာရီဆို အပြင်မထွက်ရ ဘူးဆိုတာမျိုး ဖြစ်နေတယ်။ ပြီးရင် ရွာသားတွေကို ဖမ်းဆီးတာလည်း ပိုများနေတယ်။

လွန်ခဲ့တဲ့လေးရက်လောက်က ကျမတို့ မိုင်းခေါင် ရပ်ကွက်(၂)က တယောက်ဖမ်းထားတယ်။ ပြီးလို့ရှိရင် IDP ကမ့်က တယောက်ကို ဖမ်းထားတယ်။ နှစ်ယောက်စလုံးကို ပြိုင်တူဖမ်းသွားတယ်။ ကျမတို့ ဘယ်လောက်လိုက်လိုက် မရဘူး အခုလောလောဆယ် ဒီနေ့ အခုအချိန်မှာတော့ မိသားစုတွေက မံစီက ရဲစခန်းမှာ လူပျောက်သွားတိုင်နေပြီ။

ဒီဟာမျိုးက နေရာတကာမှာဖြစ်နေတယ်။ တနိုင်းဘက်မှာလည်း တောက်လျောက်ဖြစ်နေတယ် ဆွမ်ပရာဘွမ်လမ်းကလည်း ဖြစ်နေတယ်။ မြစ်ကြီးနားမှာဆို အရင်တုန်းက အမတ်ဟောင်းဒေါ်ဒွဲဘူ ရှေ့နေပေါ့ သူနဲ့အတူ ဆရာဝန်တွေ အထူးကုတွေ သူတို့က အုပ်စုလိုက် ကမ့်တွေကို သွားပြီးတော့မှ ဆေးဝါးကုသဖို့ သွားမှာ အခု သူတို့အဖွဲ့တွေလည်း မြစ်ကြီးနားမှာ ပိတ်မိနေတယ်။ ဘယ်မှာမှ ဆက်သွားလို့မရ အဲ့လိုပုံစံဖြစ်နေတယ်။"

အရပ်သားတွေကို ထိခိုက်သေဆုံးရတာနဲ့ အခုအချိန်အထိ စစ်ပြေးဒုက္ခသည်တွေ အသက်ဘေးကနေ ကျီးလန့်စာစား ထွက်ပြေးတိမ်းရှောင်နေကြရဆဲအပြင် ဖမ်းဆီးနှိပ်စက်ခံရမှာကို ကြောက်လန့်နေရတဲ့ အနေအထားအပေါ် နှစ်ဘက်လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေကို ထိခိုက်စေမယ့် အခြေအနေကို မဖန်တီးသင့်ဘူးလို့လည်း မခွန်ဂျာက ပြောပါတယ်။

အခုလို တိုင်းရင်းသားဒေသတွေမှာ စစ်ရေးတင်းမာလာနေတာ အပစ်ရပ်အဖွဲ့တွေနဲ့လည်း သဘောထားကွဲလွဲနေတာ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ညိ`ှနှိုင်းမရဖြစ်နေတာတွေဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းတဲ့ စိုးရိမ်စရာအခြေအနေဖြစ်လာနေတယ်လို့ နိုင်ငံရေးအကဲခတ်ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

"နိုင်ငံတော်သွားနေတဲ့ လုပ်ငန်းစဉ်မှာက NCA ထိုးထားတဲ့အဖွဲ့တွေနဲ့ကလည်း နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖြေရှင်းရမယ့် ပြဿနာတခုရှိပါတယ်။ ဒုတိယတခုကတော့ တိုင်းရင်းသားလက်နက်ကိုင်အင်အားအများစုပေါ့ ၈၀% လောက်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့နဲ့ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မရောက်သေးဘူးခင်ဗျ။ စားပွဲပေါ်ကို မရောက်သေးရင် လက်နက်ကိုင်ပဋိပက္ခကလည်း ရှိနေမယ့် အလားအလာတွေ တွေ့နေရတဲ့အတွက်ကြောင့်မို့လို့ ဒီပင်လုံညီလာခံအတွက်က အလားအလာသိပ်မကောင်းဘူးလို့ပဲ ပြောနိုင်ပါတယ်ခင်ဗျ။"

စစ်ပွဲတွေဖြစ်ပွားနေချိန်မှာပဲ ကချင်လက်နက်ကိုင်တပ်ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာ့စစ်တပ်ကိုယ်စားလှယ်တို့ တရုတ်ပြည်ထဲမှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ ဒါပေမဲ့အခုလက်ရှိအခြေအနေမှာတော့ ကချင်ပြည်နယ် ရှမ်းပြည်နယ် မြောက်ပိုင်း KIA ကချင်လက်နက်ကိုင်တပ်၊ TNLA တအာင်းတပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်သလို အထူးသဖြင့် တနိုင်းဒေသ၊ မိုးကောင်းဖားကန့်ဘက်နဲ့ မံစီ ဆွမ်ပရာဘွမ်ဒေသတို့အပြင် ရှမ်းပြည်နယ် မုံကိုးမြို့ဘက်မှာလည်း စစ်တပ်နဲ့ ကချင်လက်နက်ကိုင်တပ်တို့ကြား မိုင်းဗုံးထောင် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG