အမေရိကန် ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်လုပ်ပစ္စည်းတွေကို အမေရိကန်က အခွန်သစ်ကောက်ခံဖို့ သောကြာနေ့မှာ စတင်တော့မှာ ဖြစ်ပြီး ဒီလို လုပ်ခဲ့ရင် ချက်ချင်း ပြင်းပြင်းထန်ထန် တုန့်ပြန်တာ ခံရမယ်လို့ တရုတ်အစိုးရက သတိပေးနေပါတယ်။
အမေရိကန်သမ္မတ Donald Trump က တရုတ်လုပ် ကုန်ပစ္စည်း အမျိုးစားပေါင်း ၈၀၀ ကျော်အတွက် အခွန် ၂၅ % ကောက်ခံဖို့ စီစဉ်နေတာဖြစ်ပြီး ဒါဟာ ဝါရှင်တန်စံတော်ချိန် သောကြာနေ့ ည သန်းကောင်းယံကျော်တာနဲ့ စတင်မှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ကုန်သွယ်ရေး စစ်ပွဲမှာ တရုတ်ဘက်က စတင်မှာတော့ မဟုတ်ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Gao Feng က ကြာသပတေးနေ့က ဘေကျင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံနဲ့ သူ့ပြည်သူ အကျိုးစီးပွါးကို ကာကွယ်ဖို့ အတွက် ဆိုရင်တော့ လုပ်ဆောင်ရမှာ ဖြစ်ပြီး ရွေးစရာလမ်းမရှိဘူးလို့ ပြောပါတယ်။
ခြိမ်းခြောက် အကြပ်ကိုင်တာတွေအတွက် တရုတ်က အရှုံးပေးမှာ မဟုတ်ဖူးလို့လည်း Gao ကပြောပါတယ်။ ဒါ့အပြင် အမေရိကန်က အခွန်ကောက်ဖို့ လုပ်နေတဲ့ ကုန်ပစ္စည်း ဒေါ်လာ ဘီလျံ ၂၀ ဖိုးလောက်ဟာ အမေရိကန်နဲ့ တခြား နိုင်ငံတွေက ပံ့ပိုးပေးနေတာတွေ ဖြစ်ပြီး အဲဒီထဲမှာ အမေရိကန်က အများဆုံး ပါဝင်တယ်လို့လည်းပြောပါတယ်။
သမ္မတ Trump က တော့ တကယ်လို့ တရုတ်ဘက်က အမေရိကန်တင်ပို့ကုန်တွေအပေါ် လက်တုန့်ပြန်တဲ့ အနေနဲ့ အခွန်ကောက်ရင် ဒေါ်လာ ဘီလျံ ၄၅၀ ဖိုးလောက်ရှိမယ့် တရုတ်ကုန်ပစ္စည်းတွေ အပေါ် အမေရိကန်က အခွန်ကောက်ဖို့ ရှိတယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။