သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်မှာ ရုရှားသူလျှိုဟောင်း အဆိပ်ခတ်လုပ်ကြံမှုကြောင့် ကန်ပိတ်ဆို့မှု ရုရှားပယ်ချ


ဗြိတိန်နိုင်ငံမှာ ရှိနေတဲ့ ရုရှားထောက်လှမ်းရေးဟောင်းနဲ့ သမီးဖြစ်သူတို့ကို အဆိပ်ခတ်သတ်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုအသစ်တွေ ချမှတ်တဲ့အပေါ် လက်တုန့်ပြန်သွားမယ်လို့ ရုရှားအစိုးရက ဒီကနေ့ ပြောပါတယ်။

ဒီပိတ်ဆို့မှုတွေဟာ တရားမဝင်ကြောင်း ရုရှားအစိုးရက ပြောပါတယ်။ ရုရှားထောက်လှမ်းရေးဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူ Yulia တို့ ၂ ဦးဟာ ဗြိတိန်နိုင်ငံ၊ Salisbury မြို့က ခုံတန်းလျားတခုပေါ်မှာ မတ်လအတွင်း သတိမေ့ပြီး လှဲကျနေတဲ့ ကိစ္စဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း ရုရှားက ပြောတယ်။ သူတို့သားအဖကိုတော့ ဗြိတိန် ရဲတပ်ဖွဲ့က တွေ့ခဲ့တာပါ။ သူတို့ ၂ ဦးစလုံးဟာ ဆိုဗီယက်ခေတ်က အသုံးပြုခဲ့တဲ့ Novichok ဆိုတဲ့ ဓါတု အဆိပ်ရည်နဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။ သားအဖ ၂ ယောက်စလုံး အသက်မသေပေမယ့် ဆေးရုံမှာ ရက်အတန်ကြာ ကုသမှု ခံယူခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ရုရှားက လက်မခံနိုင်တဲ့ကိစ္စကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ သူတို့အပေါ် ပိတ်ဆို့ အရေးယူမှုတွေ အရှိန်မြင့် ထပ်ချနိုင်ရေးအတွက် ဖိအားပေးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Maria Zakharova က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဒီနည်းနဲ့ လက်ရှိမှာ အောက်ဆုံးအဆင့်ကို ရောက်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာမှုတွေ ပိုပြီး ကြီးထွားလာအောင် လုပ်နေခြင်းဖြစ်ကြောင်းလည်း ပြောခွင့်ရအမျိုးသမီး Maria Zakharova က ပြောပါတယ်။

ရုရှားဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး သူ့နိုင်ငံသားတွေအပေါ် လူသေစေနိုင်တဲ့ ဓါတုအဆိပ်ရည် အသုံးပြုခဲ့တာကြောင့် ပိတ်ဆို့ အရေးယူမှုအသစ်တွေ ချမှတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာပါ။ အခုချမှတ်တဲ့ ပိတ်ဆို့မှု အသစ်တွေဟာ သြဂုတ်လ ၂၂ ရက်နေ့မှာ စတင် အသက်ဝင်မှာဖြစ်ပြီး ယေဘုယျအားဖြင့်တော့ လျှပ်စစ်ပစ္စည်း စတဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမယ့် ကုန်ပစ္စည်းတွေ ရုရှားကို တင်ပို့ခွင့် ပိတ်ပင်တဲ့ ပြဌာန်းချက် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG