သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားပွဲမှာ လူမျိုးရေးခွဲခြားမှု အလားအလာ စိုးရိမ်ရသလား


ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ကြည့်ရှုဖို့ နိုင်ငံအသီးသီးက ဘောလုံးပရိသတ် ထောင်ပေါင်းများစွာ ရုရှားနိုင်ငံ မှာ ရောက်နေကြပါပြီ။ တချိန်ထဲမှာပဲ ရုရှားဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ဖူးတဲ့ သမိုင်းကြောင်း ရှိထားတာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ချက်တွေကလည်း ရှိနေဆဲပါ။ လန်ဒန် မြို့တော်ကနေ Henry Ridgwell ပေးပို့တဲ့သတင်းလွှာနဲ့ မော်စကိုကနေ Charles Maynes ပေးပို့တဲ့သတင်းလွှာတွေကို စုစည်းပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ ဘောလုံးအားကစားသာမက ကမ္ဘာ့ယဉ်ကျေးမှုတွေရဲ့ ပွဲတော်တခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားဘောလုံးလောကကတော့ အမျိုးမျိုး ကွဲပြား ခြားနားမှုကို အမြဲကြိုဆိုနေတာ မဟုတ်ပါဘူး။ ပြင်သစ်နဲ့ ရုရှားတို့ ကစား တဲ့ပွဲတပွဲမှာ ပြင်သစ် လူမည်းဘောလုံးသမားတွေကို ရုရှားပရိသတ်တွေက လူမျိုးရေးခွဲခြားတဲ့စကားတွေနဲ့ အော်ဟစ်ပြောဆိုတာ ကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ရုရှားဘောလုံးအဖွဲ့ချုပ်ကို ပြီးခဲ့တဲ့လမှာ ဒဏ်ငွေ ဒေါ်လာ ၃၀,၀၀၀ ဆောင်ခိုင်းပါတယ်။

ဒီဒဏ်ငွေလောက်နဲ့ကတော့ ဘာမှထိရောက်မှာမဟုတ်ဘူးလို့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားသူတွေကပြောပြီး အဲဒီထဲမှာ Fair Network အဖွဲ့က Piara Powar လည်း တဦးအပါအဝင်ပါ။

“ဘောလုံးကွင်းတွေထဲမှာ လယ်ယာစွန်း အမျိုးသားရေးဝါဒီတွေကို တွေ့ရပါတယ်။ လူမျိုးရေးခွဲခြားပြီး အလွန်အကျွံ ပြောဆို ပြုမူတာတွေကို တွေ့ရပါတယ်။ အခြေအနေက အတော့်ကို ကျယ်ကျယ်ပြန့်ပြန် ဖြစ်နေတာပါ။ ဒါကြောင့် လူအတော် များများအတွက် ရုရှားဘောလုံးပွဲဟာ သွားဖို့မသင့်တဲ့ နေရာတခုလို့ သတ်မှတ်ထားကြတာပါ။”

ဒါပေမဲ့လည်း မာလီကနေ စိန့်ပီတာစဘာ့ဂ်ကိုလာပြီး FC Maxima ရုရှားပြည်တွင်းအသင်းမှာ ကစားနေတဲ့ Aziz Camara ကတော့ ပရိတ်သတ်ဟာ စိုးရိမ်စရာမရှိဘူးလို့ ယုံကြည်ပါတယ်။

“ကျနော် ရုရှားကို မလာခင်တုန်းက လူမျိုးရေးခွဲခြားမှုအကြောင်း ပြောကြတာ အများကြီး ကြားဖူးပါတယ်။ ဒီ တိုင်းပြည်ဟာ ပြင်ပကမ္ဘာနဲ့ အဆက်အဆံနည်းတဲ့ တိုင်းပြည်တခု ဆက်ဖြစ်နေပြီး နေထိုင်ဖို့ ခက်ခဲတယ်လို့ ပြောကြပါတယ်။ ကျနော် ရောက်တဲ့အခါကျတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်ကို တွေ့ရပါတယ်။ ကျနော့်ကို ဒီက ကြိုဆိုပါတယ်။”

ဗြိတိန် လွှတ်တော်အမတ်တွေကတော့ ဘောလုံးပွဲသွားကြည့်မယ့် အင်္ဂလန်ပရိသတ်တွေ အင်္ဂလန်အလံကို သိပ်ကြီး အလွန်အကျွံ ပြသကိုင်စွဲတာမျိုး မလုပ်ဖို့ သတိပေးထားပါတယ်။ ၂၀၁၆ ခုနှစ်က ပြင်သစ်မှာ အင်္ဂလန်နဲ့ ရုရှားပရိသတ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ထားဖူးသလို ထပ်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် သတိပေးထားတာပါ။

လူမျိုးရေးခွဲခြားတာ ဒါမှမဟုတ် ရမ်းကားတာတွေကို သည်းခံမှာမဟုတ်ဘူးလို့ ရုရှားအာဏာပိုင်တွေက သတိပေးထားပါတယ်။ ကမ္ဘာအရပ်ရပ်က မတူကွဲပြားတဲ့ ယဉ်ကျေးမှုအမျိုးမျိုးကို သူတို့နိုင်ငံမှာ ကြိုဆိုဖို့ မျှော်လင့် စောင့်ဆိုင်းနေပါတယ်လို့ ရုရှားနိုင်ငံ သားအများအပြားကလည်း ပြောကြပါတယ်။

တဘက်မှာလည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ရုရှားအစိုးရဟာ တိုင်းပြည်မှာ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ ကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ သတိပေး ပြောဆိုထားကြပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ရဲ့ မော်စကိုဌာနခွဲက သုတေသီတဦးဖြစ်သူ Yulia Gorbunova က -

“လက်ရှိ လူ့အခွင့်အရေးအခြေအနေက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးကတည်းကဆိုရင် အဆိုးဆုံးပါပဲ။”

အထူးသဖြင့် အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေနဲ့ ရုရှားအကြား ဆက်ဆံရေး မပြေမလည်ဖြစ်နေတာနဲ့အမျှ လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်ပြောဆိုတဲ့အပေါ် ရုရှားအစိုးရဟာ ပိုပြီးတော့ ခုခံကာကွယ်လာတယ်လို့ Gorbunova က ပြောပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA အနေနဲ့ ကိုယ်တိုင်ရဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီးတော့ လူ့အခွင့်အရေးကိစ္စ ရုရှားအာဏာပိုင်တွေနဲ့ ပြောဆိုဖို့ လူ့အခွင့်အရေးအဖွဲ့နဲ့ တခြားအဖွဲ့တွေက တောင်းဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG