သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားဖွင့်ပွဲ အိမ်ရှင် ရုရှား ဂိုးပြတ်နိုင်


ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့တွင် ရုရှား-ဆော်ဒီပွဲကို ရုပ်မြင်သံကြီးတွင် စုဝေးကြည့်ရှုနေကြသည့် ပရိသတ်။ ၁၄ ဇွန် ၂၀၁၈။
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့တွင် ရုရှား-ဆော်ဒီပွဲကို ရုပ်မြင်သံကြီးတွင် စုဝေးကြည့်ရှုနေကြသည့် ပရိသတ်။ ၁၄ ဇွန် ၂၀၁၈။

ရုရှားနိုင်ငံမှာ ဇွန်လ ၁၄ ရက်၊ ကြာသပတေးနေ့က စတင်ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအဖြစ် အုပ်စု A က အိမ်ရှင် ရုရှားနဲ့ ဆော်ဒီ အာရေးဘီးယားအသင်းတို့ ယှဉ်ပြိုင်ကစားတာမှာ ရုရှားအသင်းက ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

ရုရှားအတွက်ဂိုးတွေကို ၁၂ မိနစ်မှာ Gazinsky ၊ ၄၃ မိနစ်နဲ့ ၉၀+၁ မိနစ်တို့မှာ Cheryshev ၊ ၇၁ မိနစ်မှာ Dzyuba ၊ ၉၀+၄ မိနစ် မှာ Golovin တို့က အသီးသီး သွင်းယူကြတာပါ။

ပွဲစဉ်တလျှောက်လုံးလိုလို ရုရှားအသင်းက အများဆုံး ထိုးဖောက်ပြီး ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်တာကြောင့် အခုလောက် ဂိုးအရေအတွက် ရသွားတာပါ။ ဆော်ဒီအသင်းဟာ တချက်တချက်မှ ထိုးဖောက်နိုင်ပြီး အခိုင်အမာ ဂိုးသွင်းခွင့်တွေရအောင်လည်း ဖန်တီးနိုင် တဲ့အခြေအနေမရှိတာကြောင့် ပထမဆုံးပွဲမှာ အရှုံးနဲ့ကြုံသွားရတာပဲဖြစ်ပါ တယ်။

ဒီပွဲမှာ အိမ်ရှင်အသင်း အနိုင်ရလိုက်တာကြောင့် ဒီတကြိမ်အပါအဝင် ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ၂၂ ကြိမ်မှာ အိမ်ရှင် အသင်း တကြိမ်မှ မရှုံးဖူးသေးတဲ့ မှတ်တမ်းကို ဆက်ပြီး ထိန်းထားလိုက်နိုင်ပါတယ်။ အနိုင်ရတဲ့ ဂိုးအရေအတွက် ငါးဂိုးဆိုတာဟာ လည်း အိမ်ရှင်နိုင်ငံအနေနဲ့ အဖွင့်ပွဲမှာ အနိုင်ရတဲ့ဂိုးအရေအတွက် ဒုတိယအများဆုံးပါ။ အိမ်ရှင်အသင်းအနေနဲ့ အဖွင့်ပွဲမှာ ဂိုးအများဆုံးနဲ့ အနိုင်ရပြီး ပထမ မှတ်တမ်းတင်ထားတာက အီတလီအသင်းဖြစ်ပြီး ၁၉၃၄ ခုနှစ်က အမေရိကန်အသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတာဖြစ်ပါတယ်။

ရုရှားအသင်း ဒီတပွဲထဲမှာသွင်းယူတဲ့ ၅ ဂိုးဆိုတာဟာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပွဲစဉ်တခုလုံးမှာ သူတို့အသင်း သွင်းယူတဲ့ စုစုပေါင်း ဂိုးအရေအတွက်ထက် နှစ်ဆ ပိုများပါတယ်။ အဲဒီတုန်းက အုပ်စုပွဲသုံးပွဲမှာ ရုရှားအသင်း သွင်းယူနိုင်တာ ၂ ဂိုးပဲရှိတာပါ။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနဲ့ ရုရှား-ဆော်ဒီပွဲကို မော်စကိုမြို့တော်က Luzhniki အားကစားကွင်း မှာ ကျင်းပတာဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြော အားပေးကြည့်ရှုပါတယ်။

ဇွန်လ ၁၅ ရက် သောကြာနေ့မှာ အုပ်စု A က အီဂျစ်နဲ့ ဥရုဂွေး၊ အုပ်စု B က မော်ရိုကိုနဲ့ အီရန်၊ ပေါ်တူဂီနဲ့ စပိန်တို့ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG