သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက် မမီးမီး ရုတ်တရက်ကွယ်လွန်


Mie Mie
Mie Mie

၈၈ မျိုးဆက် ငြိမ်းချမ်းရေးပွင့်လင်းလူ့အဖွဲ့အစည်း က အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သူ မမီးမီး ခေါ် မသင်းသင်းအေး ဟာ အခု ညနေပိုင်းမှာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ၈၈ ငြိမ်းပွင့်အဖွဲ့ရဲ့ ဧရာဝတီခရီးစဉ်အတွင်း ကျောင်းကုန်းမြို့အနီးမှာ ကားတိမ်းမှောက်ပြီး၊ ဆေးရုံအရောက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကိုသိန်းထိုက်ဦး အခုလို သတင်းပေးပို့ထားပါတယ်။

မမီးမီး ခေါ် မသင်းသင်းအေး အပါအဝင် ၈၈ အဖွဲ့သား ၄ ယောက်လိုက်ပါလာတဲ့ကား ဧရာဝတီခရီးစဉ်အတွင်း ကျောင်းကုန်းမြို့အနီးမှာ ကားတိမ်းမှောက်ပြီး မမီးမီးကတော့ ကွယ်လွန်သွားခဲ့တဲ့အကြောင်း ၈၈ ကျောင်းသားခေါင်းဆောင်တွေက အတည်ပြုပြောဆိုပါတယ်။ ဧရာဝတီတိုင်း လျပ်စစ်စွမ်းအင် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက VOA ကိုအခုလိုပြောဆိုပါတယ်။

" ကျောင်းကုန်းကနေ ပုသိမ်ဆေးရုံကို ရွှေ့ဖို့လုပ်နေတဲ့အချိန်မှာ လမ်းမှာတခုခုဖြစ်မှာစိုးလို့ ကျောင်ကုန်းကနေပြီးတော့ ဆရာဝန်က ညှိညှိနှိုင်းနှိုင်းအဆင်ပြေအောင်လုပ်ဖို့ လုပ်နေရင်း ဆုံးသွားတာပါ။"

မမီးမီးဟာ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တတ်တတ်ကြွကြွပါဝင်ခဲ့သူတဦးဖြစ်ပြီး ၁၉၈၈ကနေ ၂၀၁၂ ခုနှစ်အတွင်း ထောင်ဒဏ် နှစ်ရှည် ၃ ကြိမ် အကျခံခဲ့ရသူဖြစ်ပါတယ်။ ၂၀၀၇ သြဂုတ်လအတွင်း လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ရန်ကုန်မှာ လမ်းလျောက် ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပြီး ၂၀၀၈ ခုအတွင်းမှာ တရားမဝင်အသင်းဖွဲ့စည်းမှု ၊ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပျားစေမှု ၊ အီလက်ထရောနစ်ပုဒ်မတို့အပါအဝင် ပုဒ်မအနည်းဆုံး၅ ခုနဲ့ ထောင်ဒဏ် ၆၅နှစ်ချမှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အကျဉ်းထောင်က လွှတ်မြောက်ခဲ့ပါတယ်။ အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး ကွယ်လွန်ချိန်မှာ သားတဦး သမီးတဦးနဲ့ မြေးတဦး ကျန်ရစ်ပါတယ်။

ကားပေါ်မှာ လိုက်ပါသွားခဲ့တဲ့ မနီလာသိန်းအပါအဝင် တခြားသူတွေကတော့ ထိခိုက်ဒဏ်ရာရမှု တချို့ကြောင့် ဆေးရုံမှာ ကုသခံနေဆဲပဲလို့လည်း စုံစမ်းသိရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG