၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ပါဝင်တဲ့ “ရှစ်လေးလုံးပါတီ” ကို ဒီဇင်ဘာလ ၁၇ ရက်၊ တနင်္ဂနွေနေ့မှာ တရားဝင် ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါပြီ။ ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ လူထုလှုပ်ရှားမှု ဒီမိုကရေစီ အရေးတော်ပုံကြီးကို ကိုယ်စားပြုတဲ့အနေနဲ့ ပါတီရဲ့ အမည်ကို ရှစ်လေးလုံးပါတီအဖြစ် ရွေးချယ်ရခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ ဦးဆောင်အဖွဲ့ တာဝန်ခံ ဦးကိုကိုကြီးက ပြောပါတယ်။
ပါတီရဲ့ မူဝါဒတွေထဲမှာ ရှစ်လေးလုံး ငွေရတု အခမ်းအနားက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ကို ဦးစားပေး ထည့်သွင်းထားတယ်လို့လည်း သတင်းစာရှင်းလင်းပွဲအတွင်း ဦးကိုကိုကြီးက ပြောပါတယ်။
" ပါတီရဲ့အခြေခံကျတဲ့ပါတီမူဝါဒပိုင်းမှာ ကျွန်တော် တို့ထိပ်တန်းက ထည့်ထားတဲ့အချက်က ဒီမိုကရက် တစ် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ၊ ဒါဟာ ရှစ်လေးလုံးငွေရတုအခမ်းအနားမှာ ချမှတ် ခဲ့တဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်၊ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ ဆက်လက်အကောင်အထည်ဖော်ဖို့ ဒါကို ပထမ ဦးစားပေးအဖြစ်နဲ့ ရေးဆွဲဖော်ပြထားပါတယ်၊ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေးကိစ္စ ဖွံ့ဖြိုးတိုး တက်ရေးကိစ္စနဲ့တိုက်ရိုက် စပ်ဆက်ပါတယ်"
ပါတီကို အခုလအတွင်း မှတ်ပုံတင်သွားမှာဖြစ်ပြီး မှတ်ပုံတင် ကျပြီးတော့မှာ ပါတီအလုပ်အမှုဆောင်နဲ့ ဗဟိုအလုပ်အမှုဆောင်တွေကို ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။ ပါတီဖွဲ့စည်းရေးအတွက် ဒီဇင်ဘာ ၁၆ နဲ့ ၁၇ ရက်တို့က ၂ ရက်ကြာ စည်းဝေးပွဲ ကျင်းပပြီးတဲ့နောက်မှာ အခုလို ပါတီဖွဲ့စည်းကြောင်း သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။
နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီတာဝန်ခံအဖြစ် ဦးကိုကိုကြီးက တာဝန် ယူဆောင်ရွက်ခဲ့ပြီး၊ ဗဟိုဦးဆောင်ကော်မတီ အဖွဲ့ဝင်တွေ အဖြစ် ဦးမင်းဇေယျာ၊ ဦးသက်ထွန်း၊ ဦးရဲနိုင်အောင်တို့ပါဝင်ပြီး၊ ၈၈ မျိုးဆက် ကျောင်းသားတွေ အဓိက ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကဆံ-ဓမ္မပီယ သာသနာ့ရိပ်သာမှာ ကျင်းပခဲ့တဲ့ ပါတီဖြစ်မြောက်ရေး ညီလာခံကိုတိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးတို့က ကိုယ်စားပေါင်း ၂၀၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။