သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ လေးလုံး နှစ်ပတ်လည် အမေရိကန်မှာ ကျင်းပ


၈ လေးလုံး နှစ်ပတ်လည် အမေရိကန်ပြည်ထောင်စု Buffalo တွင် ကျင်းပစဉ်
၈ လေးလုံး နှစ်ပတ်လည် အမေရိကန်ပြည်ထောင်စု Buffalo တွင် ကျင်းပစဉ်

မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှုကိုစတင် မွေးဖွားပေးလိုက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး (၂၈) နှစ်ပြည့် အခမ်းအနားတွေကို မြန်မာနိုင်ငံအတွင်းမှာ ကျင်းပကြသလိုပဲ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေကြတဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေကလည်း ကျင်းပကြပါတယ်။ မယ်ရီလန်းပြည်နယ်နဲ့ နယူးယောက်ပြည်နယ်တွေမှာ ကျင်းပကြတဲ့ ရှစ်လေးလုံး နှစ်ပတ်လည်ပွဲတွေ အကြောင်းကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဦးဆောင်ပြီး ရှစ်လေးလုံး (၂၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒေသစံတော်ချိန် တနင်္လာနေ့ ညနေ ၈ နာရီမှာ မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပကြမှာ ဖြစ်ပါတယ်။

ရှစ်လေးလုံး လူထု အုံကြွမှုကြီးက မြန်မာနိုင်ငံ ပြောင်းလဲမှုဖြစ်ပေါ်လာအောင် စတင်ပေးလိုက်တဲ့ အထင်ကရနေ့ တနေ့ ဖြစ်တာကြောင့် အခုလို နှစ်ပတ်လည်ပွဲကို ကျင်းပရခြင်းဖြစ်သလို၊ ရှစ်လေးလုံး အရေးတော်ပုံကြီးကို မမှီလိုက်တဲ့ မျိုးဆက်သစ်တွေ ဒီအကြောင်း သိရှိ နားလည်နိုင်ဖို့ ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း အခမ်းအနားဖြစ်မြောက်ရေး ဦးဆောင် စီစဉ်သူတဦးဖြစ်တဲ့ ရှစ်လေးလုံး မျိုးဆက် ကျောင်းသားဟောင်း ကိုယဉ်ထွေးက ပြောပါတယ်။

“ဒီနေ့က မြန်မာပြည်တပြည်လုံး၊ တနိုင်ငံလုံး အုံအုံကြွကြွနဲ့ တတိုင်းပြည်လုံးပါဝင်ပြီးတော့ တိုင်းပြည်ပြောင်းလဲအောင်ဆိုပြီး ဒီမိုကရေစီအရေး စတင်ပြီးတော့ စခဲ့တဲ့ နေထူးနေ့မြတ်မျိုးမှာကျနော်ကတော့ ဒီလိုနေ့မျိုးမှာ မြန်မာပြည်ပြောင်းလဲတဲ့ နေ့တနေ့လို့ သတ်မှတ်ရမှာပေါ့ဗျာ။ ဒါကြောင့်မို့ ကျဆုံးသွားတဲ့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူတွေကို ကျနော်တို့ အမျှဝေတဲ့ပွဲလေးပေါ့နော် ဒါကို ကျနော်တို့လုပ်တာဖြစ်ပါတယ်။

၈၈ အရေးအခင်းမမှီလိုက်တဲ့ လူငယ်လူရွယ်လေးတွေ ဒီနိုင်ငံမှာရောက်နေတဲ့ မြန်မာ လူငယ်လူရွယ်လေးတွေ အားလုံး participate လုပ်ပြီး ဒီပွဲကို လာရောက်တက်ရောက်မယ်ဆိုတာလေးတွေကို သူတို့ကပြန်ပြီး comment လေးတွေရေးကြတယ်။ သူတို့လာမယ် သူတို့လာချင်တယ် ဘယ်လိုလုပ်တာတွေ ၊ ကျနော်တို့ကလည်း မြန်မာပြည်ကြီးပြောင်းလဲလာတဲ့အတွက် မြန်မာပြည်မှာ သူတို့တက်နိုင်တဲ့ဘက်က တစိုက်တပိုင်းပါဝင်ကူညီကြမယ်ဆိုတဲ့ ဆန္ဒလေးတွေလုပ်ကြတာ မြင်ရတဲ့အတွက် ဒီလိုပွဲမျိုးလုပ်ရတာဟာ ကျနော်တို့အတွက် တော်တော်အရေးပါအရာရောက် တယ်လို့ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာတပြည်လုံးပြောင်းလဲသွားအောင်လုပ်ခဲ့တဲ့ နေ့ထူးနေ့မြတ် ၈ ရက် ၈ လ ၈၈ ဆိုတဲ့ နေ့ထူးလေးတခုပေါ့ဗျာ။ အဲဒါကြောင့် ဒီပွဲကို လုပ်ဖြစ်ရခြင်းဖြစ်ပါတယ်ခင်ဗျ။”

ဒီအခမ်းအနားမှာ ကျဆုံးသွားခဲ့ကြတဲ့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူအပေါင်းအတွက် ရေစက်ချ အမျှဝေပေးမယ်လို့လည်း ကိုယဉ်ထွေးက ပြောပါတယ်။

“အားလုံး ရှိသမျှ ဘယ်သူမဆိုပေါ့ဗျာ မြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်သားအားလုံးကို လာရောက်တက်ရောက်ကြပါလို့ ကျနော်အားလုံးကို ဖိတ်ခေါ်ထားပြီးသားပါ။ တက်ရောက်လာတဲ့အခါမှာလည်း၈ ရက် ၈ လ ၈၈ အတွင်းကနေ အခုအချိန်အထိ တိုင်းပြည်အတွက် တထောင့်တနေရာကနေပြီးတော့ ပါဝင်အသက် ပေးသွားတဲ့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူတွေကို ကျနော်တို့ ဂုဏ်ပြုတယ်။ ကျနော်တို့ မကျွတ်မလွတ်သေးတဲ့ ညီအကို နောင်တော်တွေ အားလုံးကိုလည်း ကျနော်တို့ ဒီနေရာကနေ အမျှတမ်းပေးဝေတဲ့ တရားနာ ရေစက်ချ ပွဲလေးပါခင်ဗျ။”

အလားတူ ရှစ်လေးလုံး (၂၈) နှစ်ပြည့် နှစ်ပတ်လည်ပွဲနဲ့ Burma Flag Day လို့ခေါ်တဲ့ ကျောင်းသားထုနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းအလံတင်ပွဲ အခမ်းအနားကို နယူးယောက်ပြည်နယ်၊ Buffalo မြို့မှာ သြဂုတ်လ ၆ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ Burma Flag Day ကျင်းပနိုင်ရေးအတွက် မြို့တော်ဝန် Byron Brown က ထပ်မံ သက်တမ်းတိုးပေးလိုက်တယ်လို့ Buffalo မြို့ခံ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားဟောင်း ကိုမိုးသီဟက ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ မြင့်မားသော ခွပ်ဒေါင်းအလံတော်ကို လွှင့်ထူခြင်းအခမ်းအနားကို ကျနော်တို့ နှစ်စဉ်မပျက် ကျနော်တို့ ဆက်လုပ်ပါတယ်။ ဒီနှစ်မှာတော့ ဘယ်လိုဖြစ်သွားသလဲဆိုတော့ ၆ ရက်နေ့ကတော့ Saturday-Sunday weekend လည်းဖြစ်နေတော့ အဲဒါကိုရွေးပြီးတော့ ၆ ရက်နေ့ယူတယ်။ နောက်ပြီးတော့ ၈ လေးလုံးအခမ်းအနားကိုလည်း တနေရာမှာ ကျင်းပမယ်ဆိုတဲ့အတွက်ကို ကျနော်တို့က အချိန်နဲ့ ရက်ကို ရွေ့လိုက်ပါတယ်။ မေရာ Brown ကလည်း လာပြီးတော့ ထပ်ဆင့်ပြီးတော့ ပြောပေးတယ် National Burma Flag Day ဆိုပြီးတော့ ကျနော်တို့ကို အသိအမှတ်ထပ်ပြုလိုက်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ထူခွင့်ရမယ်။ နောက်ပြီးတော့ Burma Flag Day ဆိုပြီး သတ်မှတ်ပေးခဲ့တယ်ပေါ့လေ။

ကိုမိုးသီဟဟာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ညက ရန်ကုန်မြို့၊ မြို့တော်ခမ်းမရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေကို လုံထိန်းတပ်ဖွဲ့တွေက ည ၁၁ နာရီ ၄၅ မိနစ်မှာ မီးထိုးပြီး အကြမ်းဖက် ပစ်ခတ်စဉ် အဲဒီနေရာမှာ ရှိနေခဲ့သူဖြစ်ပြီး အသက်မသေပဲ ကျန်ရစ်သူ တဦးလည်း ဖြစ်ပါတယ်။

(၂၈) နှစ်ပြည့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားတွေကို မြန်မာနိုင်ငံ ရန်ကုန်မြို့ အပါအဝင် အနယ်နယ် အရပ်ရပ်မှာ ကျင်းပခဲ့ကြပြီး ဒီ သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က တပါတီအာဏာရှင်စံနစ် ပြုတ်ကျရေး၊ ဒီမိုကရေနဲ့ လူ့အခွင့်အရေး ရရှိရေးတို့အတွက် ရဟန်း ရှင်လူ ကျောင်းသား ပြည်သူတွေအပါအဝင် လူတန်းစား အလွှာ အသီးသီးက ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြကြသူတွေကို တပ်မတော်က အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူတွေ ထောင်နဲ့ချီပြီး ထပ်မံ သေဆုံးခဲ့ကြရတာပါ။

ဒါကြောင့်လည်း သြဂုတ်လ ၈ ရက်နေ့ရောက်တိုင်း ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားတွေနဲ့အတူ ကျဆုံးသွားခဲ့ကြတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် မေတ္တာပို့၊ ဆုတောင်း အမျှဝေမှုတွေကို ကိုယ့်သက်ဆိုင်ရာ နေရာ ဒေသအသီးသီးမှာ ကျင်းပကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG